ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Critique

ကုသိုလ်တခါ ကင်မရာတရာ – တော်လှန်ရေးနယ်ထဲက အယောင်ဆောင်ပရဟိတ

လူ့အခွင့်အရေးလို့ တွင်တွင်ပြောနေတဲ့သူတွေက privacy ကိုတောင် မသိချင်ယောင်ဆောင်၊ ethics ဆိုတာ ပျောက်ဆုံး၊ စနစ်ပြောင်းမယ့်သူတွေက informed consent ဆိုတာကိုတောင် သတိမမူအား၊ ခွင့်ပြုချက်မ‌တောင်းဘဲနဲ့ ကင်မရာ shutter သံတဖြောင်းဖြောင်းနဲ့ ရိုက်ကူးနေကြတယ်။

အရင်အပတ်က ISP Column မှာ ‘လူချမ်းသာတွေ အာသာဖြေတဲ့ ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ’ အကြောင်းကို ဆောင်းပါးရှင် မအေမီကနေ အစဆွဲထုတ်သွားခဲ့ပါတယ်။ ဆောင်းပါးနဲ့ပတ်သက်လို့ အမြင်တူသူတွေရှိသလို အမြင်မတူသူတွေလည်း အများကြီးပါ။ အခု poverty porn ရဲ့ လက်တွေ့ဖြစ်ရပ်တွေအကြောင်း တစေ့တစောင်းဖော်ပြရင်းနဲ့ မအေမီရဲ့အမြင်နဲ့ ထပ်တူကျကြောင်း ဆောင်းပါးအဆက်ပါ။

မြန်မာနိုင်ငံမှာ လူအများကို အကျိုးပြုတဲ့ ပရဟိတလုပ်ငန်းတွေရှိသလို အယောင်ဆောင်ပရဟိတလုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ ဒီနေရာမှာ ဖော်ပြချင်တာက စစ်မှန်တဲ့ ပရဟိတလုပ်ငန်းတွေရဲ့ပုံရိပ်ကို မှေးမှိန်ပျက်ပြားစေတဲ့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတဲ့ ပရဟိတအယောင်ဆောင်တွေအကြောင်းပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အရင်က မကောင်းတာတွေ ဘယ်လောက်လုပ်ခဲ့လုပ်ခဲ့ ပရဟိတလုပ်ပြလိုက်ရင် နာမည်ချက်ချင်းပြန်ဆယ်လို့ ရနိုင်တယ်။ များများညစ်ထေးရင် ဆပ်ပြာများများနဲ့လျှော်ဖွပ်ရသလိုပဲ နာမည်ပျက်များများရှိလေလေ နာမည်ကြီးတန်ခိုးကြီးတဲ့ ဘုရားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ကပ်လေလေ၊ လူအများနှစ်ခြိုက်မယ့် ပေးကမ်းမှုတွေကို များများလုပ်လေလေပါပဲ။ တချို့ကျတော့လည်း နာမည်ပျက်မရှိသေးပေမဲ့ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့သဘော တဦးတယောက်၊ အစုအဖွဲ့ကိုယ်ကျိုးစီးပွားအတွက် နာမည်ကို ဖြတ်လမ်းနည်းနဲ့တည်ဆောက်ဖို့ အယောင်ဆောင်ပရဟိတကို အသုံးပြုကြပါတယ်။ နာမည်ကို အရင်တည်ဆောက်ပြီးတဲ့အခါ အဲဒီနာမည်ကိုအမှီပြုပြီး စီးပွားရေးအတွက်၊ နိုင်ငံရေးအတွက် အသုံးချတာတွေလည်း ရှိနေပါတယ်။ အဲသလို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချချင်လို့ ကြိုတင်ရင်းနှီးမြှုပ်နှံထားတဲ့သူတွေ၊ အစုအဖွဲ့တွေလည်း အများကြီးရှိပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့အခါ မတရားဘူး၊ တော်လှန်မယ်ဆိုပြီး တနိုင်ငံလုံး ထကြွနိုးကြားလာခဲ့ကြတယ်။ အစပိုင်းမှာ ဆန္ဒပြတာတွေနဲ့ တုံ့ပြန်ခဲ့ကြပြီး တချို့က PDF အဖြစ် ရွေးချယ်ကြသလို ဝန်ထမ်းအများအပြားကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြတယ်။ စစ်တပ်ရဲ့ဖမ်းဆီးဒုက္ခပေးမှုတွေကြောင့် CDM တွေ၊ Activist တွေ အများစုက ထိုင်း၊ အိန္ဒိယစတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြေးလွှားတိမ်းရှောင်လာရပါတယ်။ စနစ်ကိုတိုက်မယ်ဆိုတဲ့သူတွေက စရိုက်တွေ အကင်းမသေတဲ့အခါ နယ်စပ်‌ဒေသကိုရောက်တဲ့အထိ poverty porn တွေက အောင်လံထူနေဆဲ။ နိုင်ငံတကာအလှူရှင်ကဖြစ်စေ၊ ပြည်ပရောက်နိုင်ငံသားတွေကဖြစ်စေ ပေးအပ်လိုက်တဲ့ ထောက်ပံ့ငွေတွေနဲ့ပြန်ကူညီတဲ့အခါ ကိုယ်တိုင်ရှာဖွေစုဆောင်းထားရတဲ့ချွေးနှဲစာသဖွယ် poverty porn ဖန်တီးရှင်တွေက သရုပ်ဆောင်ကြပါတော့တယ်။

တော်လှန်ရေးကြောင့်ပြေးလာရတဲ့သူတွေကို ကူညီတဲ့အခါ အခြေအမြစ်ကျတဲ့ တရားဝင်နေထိုင်မှုကို လျစ်လျူရှုပြီး ဘဝမလှအနေမကျတဲ့အကြောင်းတွေကို ရုပ်သံတွေ ရိုက်ကူးထုတ်လွှင့်ကြ။ တရားမဝင်နေထိုင်နေကြရတဲ့ CDM တွေရဲ့ ရာထူးကြီးငယ်မရွေး၊ အသက်ကြီးငယ်မရွေး ပင်ပင်ပန်းပန်းရုန်းကန်လုပ်ကိုင်စားသောက်နေရပုံတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြီး အနည်းငယ်သောလှူဒါန်းမျှဝေမှုတွေကို ပြသကြတယ်။ အဲဒီအကြောင်း မီဒီယာတွေ၊ သတင်းလိုင်းတွေမှာပါလာတော့ လိပ်ပြာမလုံတဲ့နိုင်ငံသားတွေ၊ ပြည်ပရောက်နိုင်ငံသားတွေကနေ ထပ်ပြီးထောက်ပံ့ကြ။ ဆန်၊ ဆီ၊ ငါးသေတ္တာစတဲ့ စားသောက်စရာတွေ ဝေမျှတဲ့အခါ DSLR ကင်မရာကြီးတွေက တဝင့်ဝင့်၊ တခါတခါ ကင်မရာထောက်တဲ့ သုံးချောင်းထောက်ကြီးတွေက လှူတဲ့ပစ္စည်းတွေထက်တောင် ပိုကြီးနေချင်သေးရဲ့။ သင်တန်းတခုခုတက်ရင်လည်း ကင်မရာကြီးတွေက တလက်လက်။ စားစရာတနပ်၊ ရိက္ခာတထုပ်၊ သင်တန်းတခုအတွက်နဲ့ ကင်မရာတွေရဲ့ရှေ့မှာ ဒုက္ခရောက်ကြရပါတယ်။ ဒီထောက်ပံ့မှုကနေ အကျိုးအမြတ်တွေအများကြီးရှိသယောင်ယောင် အသုံးတော်ခံနေရပါတယ်။ တော်လှန်ရေးကြောင့်ပြေးလာရသူတွေမှာ poverty porn အတွက် အသုံးချခံ နယ်ရုပ်(pawn)လေးတွေ ဖြစ်လို့။

လူ့အခွင့်အရေးလို့ တွင်တွင်ပြောနေတဲ့သူတွေက privacy ကိုတောင် မသိချင်ယောင်ဆောင်၊ ethics ဆိုတာ ပျောက်ဆုံး၊ စနစ်ပြောင်းမယ့်သူတွေက informed consent ဆိုတာကိုတောင် သတိမမူအား၊ ခွင့်ပြုချက်မ‌တောင်းဘဲနဲ့ ကင်မရာ shutter သံတဖြောင်းဖြောင်းနဲ့ ရိုက်ကူးနေကြတယ်။ ဘယ်နေရာဘယ်လိုသုံးမှာဆိုတာလည်း မပြောထား၊ ရိုက်ချင်သလိုရိုက်၊ သုံးချင်သလိုသုံး၊ သူတို့ရဲ့ တကိုယ်ရေသုံးဖုန်းတွေထဲမှာ အသုံးချခံတို့ရဲ့ပုံရိပ်တွေပါသွားလေရဲ့။ လက်ညှိုးတချက်ထောက်လိုက်ရုံနဲ့ မြန်မာအနှံ့သာမက ကမ္ဘာ့မီဒီယာတွေမှာအထိ ပျံ့နှံ့နိုင်တဲ့အချိန်မှာ ဒုက္ခဆင်းရဲတွေကို မြိန်ရေရှက်ရေပြင်ဆင်ထုပ်ပိုးပြီး ကမ္ဘာသိကြေညာမောင်းခတ်ကြတာဟာ ကျင့်ဝတ်နဲ့ညီပါရဲ့လား။ အဲဒါတွေကို ထိန်းကျောင်းတည့်မတ်မယ့်သူတွေလည်းမရှိလို့ poverty porn ဟာ နယ်စပ်‌ဒေသမှာ ကြီးထွားချင်တိုင်းကြီးထွားနေပါတော့တယ်။ ဒီနေရာမှာ ခြွင်းချက်အနေနဲ့ ဂုဏ်သိက္ခာရှိတဲ့၊ လုပ်ပုံလုပ်နည်းကောင်းမွန်တဲ့ အဖွဲ့တချို့ရှိတယ်ဆိုတာကိုလည်း ထည့်ပြောပါရစေ။ ဒါပေမဲ့ poverty porn တွေက ပိုအားကောင်းနေဆဲပါ။

Poverty Porn ဖြစ်ပါစေ တခုခုအကျိုးရှိတာပဲလို့ ငြင်းချင်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး ဒုက္ခတွေနဲ့ဇာတ်နာပြမှ ဒိုနာတွေပိုရလို့ ပိုပြီးလှူဒါန်းမျှဝေနိုင်မယ်မဟုတ်လားဆိုပြီး poverty porn မှန်းမသိဘဲ လိုလိုလားလား လက်ခံနေရတဲ့သူတွေလည်း အများသားပဲ။ အဆင်ပြေပါတယ်၊ အကျိုးရှိသွားပါတယ်လို့ အသံထုတ်ပေးမှ၊ ပြောဆိုပေးမှ ဒိုနာတွေထပ်လာကြမယ်လို့လည်း poverty porn ဖန်တီးရှင်တွေက ပြောတတ်ပါသေးတယ်။ တိုက်ရိုက်မပြောလည်း လူယုံကနေ ဒါမှမဟုတ် ဘေးလူကနေ သွယ်ဝိုက်ပြောကြတာမျိုးပေါ့။ ရေရှည်တည်တံ့တဲ့ တရားဝင်မှုလိုမျိုး အခြေအမြစ်အထိသွားနိုင်တဲ့ အကူအညီမျိုးတွေမပါဘဲ မျောက်ပြဆန်တောင်းတဲ့အခါ မျောက်လေးတွေကတော့ တခါတခါမှ ငှက်ပျောသီးစားရသလိုပါပဲ။

တာဝန်မကျေတဲ့အစိုးရတွေလက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ မျိုးဆက်နဲ့ချီပြီး poverty porn တွေကို အမြဲတမ်းကြုံတွေ့နေရတာဆိုတော့ ကိုယ်တိုင်ခံစားမြင်တွေ့နေရတောင်မှ poverty porn လို့ မသိကြတော့ဘူး။ poverty porn ကို တနည်းအားဖြင့်တော့ အယောင်ဆောင်ပရဟိတ ဒါမှမဟုတ် ခဝါချတဲ့လုပ်ငန်းလို့လည်း ပြောလို့ရနိုင်ပါတယ်။ ခေတ်အဆက်ဆက်မှာ ပညာရေးနိမ့်ပါးခဲ့တာရဲ့အကျိုးဆက်က ကိုယ့်အခွင့်အ‌ရေးကိုတောင်မှ အခွင့်အရေးမှန်းမသိခဲ့ကြဘူး။ အပြန်အလှန်အားဖြင့် မတောင်းဆိုရဲအောင်လည်း ပညာရေးစနစ်ကို သိသိသာသာနှိမ့်ချထားခဲ့တာ။ ကျိုးကြောင်းဆက်စပ်မစဉ်းစားတတ်အောင်၊ နိုင်ငံရေးမသိအောင် စနစ်တကျဖျက်ဆီးထားခဲ့ကြတယ်။ အခွင့်အရေးတောင်းတိုင်း ကျည်ဆန်တွေကိုပဲ ရခဲ့ကြတဲ့စနစ်တွေကြောင့် မတောင်းဆိုရဲတော့ဘူး။ နိုင်ငံသားအခွင့်အရေးမသိ၊ အုပ်ချုပ်ပုံစနစ်တွေမသိ၊ အစိုးရရဲ့တာဝန်ကိုမသိကြတဲ့အခါ ကိုယ့်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတာကို မသိနိုင်တော့ဘူး၊ တွေးလည်း မတွေးတတ်တော့ဘူး။ အဲသလိုနဲ့ poverty porn မှန်းမသိလို့ အသုံးချခံလိုက်ရသူတွေ အများကြီးပါ။

စနစ်အဟောင်းကိုပစ် စနစ်ကောင်းအသစ်ကို သွားမယ်ဆိုတဲ့လူတွေအကြားမှာလည်း ပြည်တွင်းပြည်ပနေရာမရွေး poverty porn တွေက ကြီးထွား၊ ဒုက္ခကို အထုပ်ဖြည်ပြလို့ ဇာတ်နာအောင်ကပြရတဲ့ အသုံးချခံဘဝတွေကလည်း ဒုနဲ့ဒေး။ စနစ်ဟောင်းနဲ့ လူဟောင်းတွေအကြားက poverty porn ကို ဖယ်ခွာထားခဲ့နိုင်ပြီး စနစ်သစ်မှာ ပါမလာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

စာကြွင်း။ ။ ဤဆောင်းပါးသည် စစ်မှန်သော၊ စေတနာအရင်းခံကူညီကြသော လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များ၏ အနှောင်အဖွဲ့ကင်းသည့် ကူညီထောက်ပံ့ပေးမှုများကို ထိခိုက်စေလိုခြင်း အလျဉ်းမရှိပေ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *