ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

လူငယ်တွေကို ဘယ်လိုကယ်ထုတ်မလဲ

အမေတို့ခေတ်က ဗိုင်းကောင်းကျောက်ဖိအမျိုးသမီးတယောက်လို ညနေ ၆ နာရီလောက်ဆိုရင် ... လမ်းထိပ်ပင် မထွက်ရဲတော့။ ဒါပေမဲ့ ဧည့်စာရင်းအကြောင်းပြ ဖမ်းခေါ်သွားနိုင်တယ်ဆိုတဲ့အသိကလည်း စိတ်ကိုကြိမ်းမောင်းသတိပေးနေပြန်တယ်။ ညဘက် ခွေးဟောင်သံကြားတိုင်း အိမ်အပြင်ဘက် ထချောင်းကြည့်ရတာ စိတ်ပင်ပန်းလွန်းလှတယ်...

ဦးထုပ်ငိုက်ငိုက်မဆောင်း၊ ရုပ်မဖျက်ထားတာကလွဲလို့ ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးတယောက်လို ခံစားနေရတယ်လို့ ရန်ကုန်လူငယ် ကိုလင်းနေက ဆိုတယ်။

အိမ်ကနေထွက်လို့ ရပ်ကွက်လမ်းပေါ်ရောက်တယ်ဆိုရင်ပဲ ကျီးလန့်စာစားဘဝ၊ မျက်လုံးက ရှေ့ဘေးဝဲယာ အလွတ်မပေးဘဲ သတိကြီးကြီးထားကြည့်ရရုံတင်မက နောက်ကနေ အလစ်ဝင်အုပ်မယ့် ရန်သူကိုလည်း အလစ်ပေးလို့မရ။ မလှမ်းမကမ်းမှာ ကားတစီး ထိုးဆိုက်လိုက်ရင်ကို ခြေလှမ်းတွေက အလိုလိုတန့်။ မြို့ကြီးသား လူငယ်တယောက်ရဲ့ဘဝဟာ အချိန်မရွေး သေမင်းဖိတ်စာ ရရှိသွားနိုင်တယ်ဆိုတော့ ဝရမ်းပြေးပမာ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မှတ်မှတ်ရရ အဲဒီဝရမ်းပြေးခံစားမှုကို ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ လူဖမ်းပွဲစတင်တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စတင်ရရှိခဲ့တယ်လို့ ဆိုတယ်။ ဒီဇင်ဘာလရောက်တော့ ပိုပွဲကြမ်းလာတယ်။ မနက်ခင်း အိပ်ရာကနိုးလို့ ဖေ့ဘုတ်ဖွင့်လိုက်ရင်ကို ရန်ကုန်မြို့ရဲ့နေရာတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ သတင်းတွေ ပြည့်လို့။ တချို့သတင်းတွေက ကြားမိကြားရာ ကြားစကားတွေနဲ့ တန်ဆာဆင်ထားမှန်းသိသာပေမဲ့ သတင်းအများစုက ဖတ်ကြည့်တာနဲ့တင် တကယ့်ကိုအမှန်မှန်း လတ်တလောမျက်မြင်နဲ့ သူ့ဘဝအတွေ့ အကြုံအရ ဆင်ခြင်နိုင်သတဲ့။

ဆိုတော့ ဒီဇင်ဘာလကစလို့ အမေတို့ခေတ်က ဗိုင်းကောင်းကျောက်ဖိအမျိုးသမီးတယောက်လို ညနေ ၆ နာရီလောက်ဆိုရင် ကိုလင်းနေ လမ်းထိပ်ပင် မထွက်ရဲတော့။ ဒါပေမဲ့ ဧည့်စာရင်းအကြောင်းပြ ဖမ်းခေါ်သွားနိုင်တယ်ဆိုတဲ့အသိကလည်း စိတ်ကိုကြိမ်းမောင်းသတိပေးနေပြန်တယ်။ ညဘက် ခွေးဟောင်သံကြားတိုင်း အိမ်အပြင်ဘက် ထချောင်းကြည့်ရတာ စိတ်ပင်ပန်းလွန်းလှတယ်လို့ ဆိုတယ်။

သူက ဒီခေတ်ကြီးရဲ့ နာမည်ကျော် ဂျန်နရေးရှင်းဇက်စာရင်းဝင်ပေမဲ့ PDF နဲ့လည်း မပတ်သက်၊ သပိတ်တိုက်ပွဲလည်း မဝင်။ တော်လှန်ရေးအတွက် တနိုင်ငွေလှူဒါန်းတာရယ်၊ မနေနိုင်လွန်းလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး စာကဗျာတွေကို အကောင့်ပုန်းတခုနဲ့ ရေးဖွဲ့ဖြစ်တာလောက်ပဲ။ အသက်ပေးတိုက်နေတဲ့ လူငယ်တွေနဲ့ယှဉ်လိုက်ရင် သူ့ကိုယ်သူ ခွက်ပုန်းတော်လှန်ရေး ဂျန်-ီးစာရင်းဝင်လို့ ဟားတိုက်တယ်။

ပြောရရင် နိုင်ငံရေးနဲ့ ခပ်လှမ်းလှမ်းမှာ နေနေပေမဲ့ နိုင်ငံရေးက ကိုယ့်အိမ်တံခါးဝကို ရောက်လာကြောင်း တရားမဝင်တဲ့ အဓမ္မစစ်မှုထမ်းဥပဒေက ကိုလင်းနေအပါအဝင် များစွာသော လူငယ်တွေကို ခပ်ကြမ်းကြမ်းပုတ်နှိုးလိုက်တယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ။ ဧပြီလရောက်တော့ စစ်မှုထမ်းအပတ်စဉ်-၁ သင်တန်းစတင်ပြီးနောက် စိတ်မြန်ကိုယ်မြန်နဲ့ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်တဲ့ လူငယ်တချို့ PDF တပ်ဖွဲ့တွေဆီ ရွက်လွှင့်ခဲ့တယ်။ တချို့က ထိုင်းနိုင်ငံ မဲဆောက်ဘက် တိမ်းရှောင်၊ တတ်နိုင်သူတွေက ပြည်ပနိုင်ငံထွက် ပညာသင်၊ အခြေချသူက ချ။ PDF ထဲလည်း မဝင်နိုင်၊ နိုင်ငံခြားသွားနိုင်တဲ့ ငွေအင်အားလည်း မရှိ၊ ဘာဆက်လုပ်ရမယ်မှန်းလည်း မသိတဲ့ ကိုလင်းနေတို့လို လူငယ်တွေက တွေဝေခြင်းတွေအသင်္ချေနဲ့ အတိတ်မေ့နေသူတွေပမာ။

ဘာလုပ်ရမယ်မှန်း မသိလို့ အဲဒီစစ်မှုထမ်းဆိုတာကြီးကို မေ့ချင်ယောင်ဆောင်ထားလိုက်တယ်လို့ ကိုလင်းနေက ဆိုတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရပ်ကွက်တွင်းစစ်မှုထမ်းအကျုံးဝင် စာရင်းဘုတ်အုပ်ကြီးနဲ့ ပြုစုထားတယ်ဆိုလို့ ရပ်ကွက်ရုံးစာရေးကို လာဘ်ထိုးပြီး သွားကြည့်မိ။ သူ့နာမည်က စာလုံးပေါင်းသတ်ပုံမလွဲ။ အသက်၊ အဘနဲ့ နေရပ်လိပ်စာမလွဲ ပါနေတာမြင်ရတော့ မေ့ချင်ယောင် ဆောင်လို့မရတော့။ နေ့ခင်းဘက် အိမ်အပြင်ထွက်တဲ့အခါ သတိကြီးကြီးထားရုံတင်မက ညဘက်မှာ ဧည့်စာရင်း အကြောင်းပြချက်နဲ့ ဝင်ဖမ်းတာမျိုး မခံရရေး ရပ်ကွက်ရုံးစာရေးကို ဧည့်စာရင်းစစ်မယ်ဆို ကြိုပြောဖို့ စားကောင်းသောက်ဖွယ်တွေနဲ့ ကျိုးနွံခဲ့ရတယ်လို့ဆိုရဲ့။

၂၀၂၄ ခုနှစ်ကုန်တော့ စစ်မှုထမ်းအပတ်စဉ်-၉ အထိ ဖွင့်ခဲ့ပြီးပြီ။ စစ်မှုထမ်းအပတ်စဉ်တကြိမ်ကို လူ ၅,ဝဝဝ ခေါ်မယ်လို့ စစ်ကောင်စီက ကြေညာထားတာကြောင့် စုစုပေါင်း ၄၅,၀၀၀ စစ်တပ်ထဲ ရောက်သွားခဲ့ပြီ။ စစ်သင်တန်းကာလက နှစ်လတောင်မပြည့်။ မည်ကာမတ္တ သေနတ်ပစ်တတ်တယ်ဆိုရုံ။ သင်တန်းဆင်းတာနဲ့ နင်လားငါလား တိုက်ရတဲ့ စစ်မြေပြင်ဆီ စေလွှတ်ခြင်းခံရတာဆိုတော့ အဲဒီတပ်သားသစ် ၄၅,၀၀၀ ရဲ့ တဝက် ဒဏ်ရာလည်းမရဘဲ အသက်ရှင်ကျန်နေသေးတယ်ဆိုရင် ယုံရခက်လှ။

အခု ဇန်နဝါရီ ၂၃ ရက်မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထွက်လာတယ်။ စစ်မှုထမ်းအကျုံးဝင် အသက် ၁၈-၃၅ နှစ် အမျိုးသားနဲ့ ၁၈-၂၇ နှစ် အမျိုးသမီးတွေကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း ကန့်သတ်လိုက်တယ်။ နောက်နှစ်ရက်လောက်နေတော့ မုံရွာမြို့ပေါ်မှာ လူဖမ်းပွဲကြီးစတင်တယ်။ နေ့ခင်းဘက်မှာတောင် တစပြင်ဖြစ်နေတဲ့ မြို့ပေါ်လမ်းတွေကို ဓာတ်ပုံနဲ့တကွ မြင်လိုက်ရတယ်။ မန္တလေးမှာ ဇန်နဝါရီတလအတွင်း ၂၃၇ ဦးထက်မနည်း ပေါ်တာဆွဲခံရကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်တယ်။ ရန်ကုန်မှာလည်း ပေါ်တာ၊ ဟိုမှာလည်း ပေါ်တာ၊ ဒီမှာလည်း ပေါ်တာ။ စစ်ကောင်စီ ဗိုလ်ကျခွင့်ရနေသေးတဲ့မြို့တိုင်းမှာ သောက်သောက်လဲ ပေါ်တာဆွဲသတင်းတွေချည်း။ စစ်မှုထမ်းဥပဒေက လူငယ်တွေကို သေတွင်းထဲပို့။ နိုင်ငံအနှံ့ ပိတ်မိနေတဲ့ လူငယ်တွေရဲ့ ရင်ဘတ်ထဲ မီးဟုန်းဟုန်းတောက်။

စစ်မှုထမ်းဥပဒေဟာ ကြောက်မက်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုကြီး ဖြစ်ပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးလုပ်၊ မေးခွန်းထုတ်မှုတောင်မရှိတာ အံ့အားသင့်ရတယ်။ ဒါ့အပြင် ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ဘာသာရှောင်၊ မရှောင်နိုင်မတိမ်းနိုင်လို့ စစ်တပ်ထဲရောက်သွားရင် နီးစပ်ရာတော်လှန်ရေးတပ်တွေဆီ ထွက်ပြေးပါဆိုတဲ့ NUG အစိုးရရဲ့ လမ်းညွှန်ချက်ဟာ တာဝန်မဲ့လွန်းရာကျသလို ပြည်သူ့အစိုးရတရပ်ရဲ့ ကြန်အင်လက္ခဏာ မဟုတ်ဘူးလို့ နားလည်ရတယ်။

တနှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်သားသစ်စုဆောင်းမှုလုပ်ငန်းစဉ်ကို တော်လှန်ရေးအင်အားစုတွေက ရိုက်ချိုးဖျက်ဆီးနိုင်စွမ်းမရှိပါဘူး။ မဖျက်ဆီးနိုင်ဘူးဆိုရင် ပြည်တွင်းမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတဲ့ စဉ်းစားချက်လိုလာပါပြီ။ ကယ်ထုတ်ရုံနဲ့လည်း မလုံလောက်ပါဘူး။ သူတို့ရဲ့ရပ်တည်ရေးအတွက် ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာပါ ထည့်သွင်းစဉ်းစားရပါမယ်။

ဘယ်လိုအကြောင်းကြောင့် စစ်သားသစ်စုဆောင်းခံရပါစေ၊ အဲဒီစစ်သားသစ်တွေဟာ စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် အားဖြည့်လောင်စာတွေဖြစ်သွားတယ်ဆိုတာကို အထူးသတိချပ်ဖို့ လိုပါမယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *