အာဟာရမဲ့မြို့ပြနှင့် ဆေးဆိုးထားသော အသားများ

တိတ်ဆိတ်စွာ စီးဆင်းနေတဲ့ မိုးရေစီးကြောင်းတွေဟာ မြို့သူမြို့သားတွေရဲ့ မျက်ရည်၊ ချွေးတို့နဲ့ ပေါင်းစပ်သွားသလို အဆက်မပြတ် ရွာသွန်းမှုတိုင်းက လူတွေရဲ့ ရုန်းကန်နိုင်စွမ်းကို စိမ့်ဝင်တိုက်စားနေပုံရတယ်။ မိုးယိုတဲ့ အိမ်တွေအောက်၊ ရေလျှံနေတဲ့ လမ်းမတွေပေါ်နဲ့ ဆေးဆိုးထားတဲ့ အသားတွေကို ဝယ်စားနေရတဲ့ လူတွေရဲ့ဘဝကိုကြည့်ရင်း ရန်ကုန်ဆိုတဲ့မြို့ကြီးရဲ့ ခက်ခဲနက်နဲလှတဲ့ အရှိတရားဟာ မိုးရေနဲ့အတူ ပိုပြီး လေးလံခါးသီးလို့လာတာပဲလို့ ပြောရမလိုဖြစ်နေပါတယ်။

သားနှစ်ယောက်ကို မြင်ပါသည်

အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ သားတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ကျိုးစီးပွားကိုပဲ ရှာတဲ့ သားတွေ၊ လက်နက်လည်း မကိုင်၊ စီးပွားလည်း မရှာဘဲ အလိုက်သင့်နေထိုင်တဲ့ သားဆိုတဲ့ သားသုံးယောက်ပါ။ … ဒုတိယသားတွေဟာ သီးနှံတွေ တင်ပို့ရောင်းချဝယ်ယူတဲ့ လမ်းခရီးမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေများစွာကို ကြုံခဲ့ကြရပါတယ်။… ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်နေကြတုန်းပါ။ စိုးမိုးနယ်မြေက ပြည်သူတွေ ငတ်ပြတ်မသေစေဖို့အတွက်ပါပဲ။

ရေပြင်အောက်က လေးမျက်နှာ

အကူအညီများကို အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ အချိန်မီ ရောက်ရှိအောင် စနစ်တကျ ပူးပေါင်းညှိနှိုင်းပေးနိုင်ခြင်းသည် အလှူငွေပမာဏထက်ပင် အရေးကြီးလာနိုင်သည်။ ထို့အပြင် ရေဘေးကြောင့် ဝင်ငွေဆုံးရှုံးသွားသော မိသားစုများ၏ စားဝတ်နေရေးကို ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။

နေ့တာတိုသော မြို့

အာဏာသိမ်းပြီးကတည်းက လှုပ်ရှားရုန်းကန်နိုင်တဲ့အချိန် နည်းလာလိုက်တာ အခုဆို နေ့တာဟာ ခြောက်နာရီလောက်ပဲ ကျန်တော့တယ် ထင်ရပါတယ်။ ရွာကလာတဲ့ အသီးအရွက်ကားတွေ၊ သားငါးသည်တွေက မနက်ခုနစ်နာရီလောက်ထိ ဈေးကို ရောက်မလာသေးဘူး။ ကံမကောင်းရင် စစ်ဆေးရေးဂိတ်က အကြောင်းပြချက်မရှိ ပိတ်လိုက်လို့ ရောက်မလာဘဲ လှည့်ပြန်သွားရတဲ့ ဈေးသည်တွေလည်း ရှိတယ်။

သစ်သီးခူးကြသူများ

“မက်ဆေ့ချ် (ပညာပေးအချက်အလက်)၊ ဖျော်ဖြေရေးနဲ့ ဗဟုသုတ” ဆိုတာထက် ပိုမိုတဲ့ တန်ဖိုးတွေကို “သစ်သီးခူး”မှာ မြင်တွေ့ရနိုင်တယ်။ အနုပညာတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ မြန်မာ့လူနေမှုဘဝတန်ဖိုး၊ သမိုင်းတန်ဖိုးနဲ့ မြန်မာအမျိုးသမီးများရဲ့လူနေမှုဘဝတန်ဖိုးတွေကို ထင်ဟပ်စေတယ်။ လက်ရှိ အသက်ရှင်ရပ်တည်နေတဲ့ မြန်မာတွေအကြောင်းကို ပြောပြနေတယ်။ ဒီတန်ဖိုးတွေထက် ပိုမိုကြီးမားတဲ့တန်ဖိုးကတော့ ရသအနုပညာခံစားမှုကတဆင့် ဘဝအသိအမြင်ကို ရစေတယ်ဆိုတဲ့ တန်ဖိုးပါ။

မနွဲ့ရည်များနှင့် ခေတ်ဆိုးက တွန်းပို့နေသော အဆိုးကျော့သံသရာ

ကျောင်းရပ်နားထားတဲ့ ကျောင်းသူတချို့ကို အင်တာဗျူးလုပ်ရင်း သူတို့လည်း ကျမလိုပဲ မနွဲ့ရည်တွေ မဖြစ်ကြဖို့ ကြိုးစားနေကြတာသိခဲ့ရတယ်။ တယောက်ကဆို သူ့အိပ်မက်၊ သူတက်ခဲ့တဲ့ ဘာသာရပ်နဲ့ မဆိုင်တာတွေလုပ်နေရတဲ့အပြင် စားဝတ်နေရေးအတွက်သာ ဦးစားပေးလုပ်ရကြောင်း ငိုရင်းပြောပြတော့ ကျမပါ သူနဲ့ ရောငိုမိပါတယ်။ ခေတ်ကာလအခြေအနေတွေကပဲ ကျမတို့အရွယ်တွေကို မနွဲ့ရည်လို ‘မစပ်သောငရုတ်’ ဖြစ်အောင် တွန်းပို့နေတာမှန်း သဘောပေါက်လာတယ်။

မှတ်ပင်အောက်တွင် ပြန်ဆုံမည်

တကယ်လို့ ဒီစပ်ကြားထဲ ကျနော်ရောက်မလာခင် အမေသာ တခုခု ဖြစ်ခဲ့ရင်လည်း ငယ်ငယ်က ပေးခဲ့တဲ့ ကတိအတိုင်း မှတ်ပင်အောက်ကို အရောက်သွားပြီး စောင့်ပေးပါ အမေ။ ကျနော်သာ အမေ့ထက်စောပြီး လောကကြီးက ထွက်ခွာခဲ့ရရင်လည်း အမေ့နည်းလမ်းအတိုင်း နားပိတ်၊ မျက်စိမှိတ်ပြီး မေ့ပင်ကို ကျော်ဖြတ်ပါ့မယ်။ မှတ်ပင်အောက်က စောင့်ပါ့မယ်။

အာရက္ခကို စွန့်ခွာခြင်း

သူချစ်တဲ့ အာရက္ခဒေသဟာ အနောက်မှာ တရွေ့ရွေ့ ကျန်ခဲ့ပြီ။ စားဝတ်နေရေးအောက်မှာ ထက်သန်လွန်းတဲ့ မျိုးချစ်စိတ်နဲ့ ဇာတိမာန်တွေ တိုက်စားခံလိုက်ပြီလား။ ကိုယ်လွတ်ရုန်းခဲ့တဲ့သူ့ကို နောက်မျိုးဆက်တွေ ခွင့်လွှတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ပဲ အတားအဆီးတွေ၊ အဖမ်းအဆီးတွေကြားကနေ အာရက္ခကို သူစွန့်ခွာခဲ့ရပြီ….။

ဝိပတ္တိနေ့စွဲများ

မီးလောင်ပြာကျသွားတဲ့ ဝမ်းစာစပါးပုံတွေ၊ ကြွင်းကျန်ရစ်တဲ့ မီးလောင်အိမ်တိုင်ငုတ်တိုတွေကို ကြေကွဲစွာ ငေးကြည့်နေသူတွေအတွက် နွေဦးဟာ တာဝန်ကျေဖို့လိုတယ် မဟုတ်လား။ နောက်ပြီးတော့ နွေဦးအလှကို ပိုနွေးစေတဲ့ ငုနဲ့ ပိတောက်တွေ ပွင့်ဖို့လိုတယ် မဟုတ်လားလို့ ကျနော် စဉ်းစားနေမိတယ်။

အိုင်စီဂျေသို့ သဲတပွင့်

မတရားမှုတွေကို ကာယကံမြောက်မကျူးလွန်ခဲ့ပေမဲ့ ဒီလိုကျူးလွန်မှုတွေကို တရားဝင်စေဖို့ လူမျိုးတမျိုးအပေါ် ကျနော့်ရဲ့ ကြောက်တဲ့စိတ်၊ မုန်းတဲ့စိတ် စတဲ့ ‘ပုံသေသတ်မှတ်ချက်’တွေဟာလည်း အုတ်တချပ်သဲတပွင့် ပါဝင်အားဖြည့်နေခဲ့ကြလေရဲ့။

အငှားပါးစပ်ဖြင့် ပုံပြောကြရာဝယ်

တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူတွေ အဖမ်းခံနေရတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာတွေ၊ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးတာတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်မပြောဆိုရဲတာဟာ တော်လှန်ရေးအရှိန်နည်းသွားမယ်ဆိုတဲ့ ပုံပြောဆရာရဲ့ တွန်းအားတွေပါပဲ။

ဆီးရီးယားလွတ်မြောက်ရေးနေ့နှင့် မပြီးဆုံးသေးသည့် မြန်မာ့နွေဦး

ဒမတ်စကတ်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင် လင်းဝေနေသည်။ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒုက္ခသည်ထောင်ပေါင်းများစွာ ပြန်လာနေကြသည်။ မြန်မာပြည်၏ ညများသည် ဖယောင်းတိုင်၏အလင်းရောင်နှင့် စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များ၏ အသံများဖြင့် ပြည့်နေသည်။

သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ

စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။

အသားကျသွားသော အမှောင်- ရာမညမြေက အံစာတုံးသံများ

စည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့…။

ဤခရီး ဝေးလှသည်

တကယ်ဆို…လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။