ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ

မြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေကို စစ်ကောင်စီတပ်တွေက ကာကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်ကယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေကို ပို့ချင်ခဲ့တာ ဖြစ်ပါတယ်။ ... အဖွဲ့စုံအရောင်စုံတိုက်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ မျက်နှာသစ်လက်နက်ကိုင်တွေ ထပ်တိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာမှာ သေချာနေပါတယ်။

စစ်တပ်ကို တော်လှန်နေတဲ့ ရာနဲ့ချီတဲ့လက်နက်ကိုင်တပ်တွေရှိနေတဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးကုမ္ပဏီဆိုတဲ့ခေါင်းစဉ်အောက်ကနေ လိုင်စင်ရလက်နက်ကိုင်အဖွဲ့တွေ ထပ်တိုးလာပါတော့မယ်။​

စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းလိုက်တာကြောင့်ပါပဲ။ ဒီဥပဒေဟာ မြန်မာ့ပြည်တွင်းစစ်ထဲကို လောင်စာတောင့်ပစ်ထည့်လိုက်သလိုပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီဥပဒေကြောင့် ပြည်တွင်းစစ်မှာ ရှုပ်ထွေးလာမယ့် အချက်နှစ်ချက်ကို ဆွေးနွေးချင်ပါတယ်။ ပထမတချက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စပါ။ ဒုတိယအချက်က ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေဟာ စစ်တပ်နဲ့တဖွဲ့တည်းလို့ သတ်မှတ်ခံရပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမယ့် ကိစ္စပါ။

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေဟာ ‘လိုအပ်ချက်အရ’ သေနတ်ကိုင်ဆောင်ခွင့် ရလာပြီး ပြည်ပလုံခြုံရေးကုမ္ပဏီတွေကိုပါ ဝင်ရောက်လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ဒါကြောင့် သေနတ်ကိုင်ခွင့်ရတဲ့ နိုင်ငံခြားပိုင် လုံခြုံ‌ရေးကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ တွေ့ကြရဖို့ရှိပါတယ်။ အထူးသဖြင့် တရုတ်ကုမ္ပဏီတွေပေါ့။

ဒီဥပဒေဟာ တရုတ်အလိုကျ ဖြစ်လာတဲ့ ဥပဒေဆိုတာ ကွယ်ဝှက်ထားလို့မရပါဘူး။ မြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေကို စစ်ကောင်စီတပ်တွေက ကာကွယ်မပေးနိုင်တော့ဘူးလို့ တရုတ်က ယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့လုံခြုံရေးကုမ္ပဏီတွေကို ပို့ချင်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ၂၃ ခု ရှိတဲ့အထဲ ၁၃ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေက ထိန်းချုပ်ထားပါတယ်။ ရခိုင်ပြည်နယ်က တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုကိုလည်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတာပါ။

ဥပဒေမှာတော့ ပြည်ပလုံခြုံရေးကုမ္ပဏီတွေမှာ ပြည်ပစစ်သားတွေ မခန့်ရဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ တရုတ်ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စစ်သားဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။

ပြည်ပမှာရှိတဲ့ တရုတ်လုံခြုံရေးကုမ္ပဏီတွေကို တရုတ်နိုင်ငံရဲ့ စစ်တပ်က မကိုင်တွယ်ဘဲ ထောက်လှမ်းရေးက ကိုင်တွယ်ရတာဖြစ်ပါတယ်။ လုံခြုံရေးကုမ္ပဏီတွေမှာ နိုင်ငံခြားသားဝန်ထမ်းကို ၂၅ ရာခိုင်နှုန်းပဲခန့်ဖို့ သတ်မှတ်ထားတာကြောင့် တရုတ်လုံခြုံရေးကုမ္ပဏီတွေအနေနဲ့ လက်ရွေးစင်တွေကိုပဲ ခေါ်လာမှာ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေထဲ ရောက်နေတဲ့ တရုတ်စီမံကိန်းတွေ၊ တိုက်ပွဲတွေဝိုင်းနေတဲ့ တရုတ်စီမံကိန်းတွေဆီကို တရုတ်လုံခြုံရေးကုမ္ပဏီတွေ ရောက်လာရင် အခြေအနေတွေ ပိုရှုပ်ထွေးလာမှာပါ။

ဒီဥပဒေမထွက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို အတွင်ကျယ်ဆုံး ပေါ်ပေါ်တင်တင် အသုံးပြုခဲ့တာကတော့ ကျားဖြန့်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ တရုတ်နယ်စပ် လောက်ကိုင်နဲ့ ထိုင်းနယ်စပ် မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ တရားမဝင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို အသုံးပြုခဲ့ပါတယ်။ အဲဒီဒေသတွေက လမ်းတွေပေါ်မှာ လုံခြုံရေးအဖွဲ့တွေအချင်းချင်း အပြန်အလှန် ပစ်ခတ်ကြတာတွေကို တွေ့ခဲ့ရပြီးပါပြီ။

နောက်ထပ်ရှုပ်ထွေးမယ့် ပြဿနာတခုက ဒီလိုပါ။ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေဟာ လိုအပ်ရင် စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့အချက် ရှိပါတယ်။​ အဲဒီလိုမလုပ်ဘူးဆိုရင် ထောင်နှစ်နှစ် ချခံရမှာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမယ့် သတင်းမျိုး ရရှိရင် ရဲကို သတင်းပေးရမယ်လို့ ဆိုထားပြန်ပါတယ်။

တော်လှန်‌ရေးအဖွဲ့တွေဘက်ကကြည့်ရင် လုံခြုံရေးကုမ္ပဏီတွေဟာ စစ်တပ်နဲ့ တဖွဲ့တည်းလို ဖြစ်နေပြီး ရန်သူစာရင်းအသွင်းခံရမှာဖြစ်ပါတယ်။ ဒီတော့ အခြေအနေတွေက ရှုပ်သထက် ရှုပ်လာဖို့ရှိပါတယ်။

တဖက်ကကြည့်ရင်လည်း မြန်မာပြည်သူတွေဟာ အစိုးရက လုံခြုံမှုမပေးနိုင်တော့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာ ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့ ဘဏ်သူဌေးတွေနဲ့ လုပ်ငန်းရှင်တွေဟာ လုံခြုံရေးကုမ္ပဏီတွေကို သေချာပေါက် အသုံးပြုလာကြမှာပါ။ သက်တော်စောင့် အလုပ်တွေလည်း တရားဝင်ကျယ်ကျယ်ပြန့်ပြန့်ပေါ်လာပါလိမ့်မယ်။

ဘဏ်လုံခြုံရေးတွေနဲ့ သက်တော်စောင့်တွေ လက်နက်ကိုင်ခွင့် ရ၊ မရကတော့ မသေချာသေးပါဘူး။ နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေ ဘယ်လောက်အတိုင်းအတာအထိ သေနတ်ကိုင်ရမလဲဆိုတာ မသိရသေးပါဘူး။

‘လုပ်ငန်းလိုအပ်ချက်အရ’ ဆိုတဲ့ စကားလုံးနဲ့ လိုသလိုခွင့်ပြုဖို့ ဆင်ထားသလို တချိန်တည်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအထိ သဘောထားယူရမယ်ဆိုတဲ့ အချက်နဲ့ တင်းကျပ်ထားပါတယ်။

လုံခြုံရေးကုမ္ပဏီတွေက ကိုယ့်ရဲ့အလုပ်ရှင်ကို သစ္စာခံကြမှာဖြစ်ပေမဲ့ ဥပဒေစည်းနှောင်မှုအရ မြန်မာစစ်တပ်ဘက်ကလို့ အမြင်ခံရနိုင်တာပါ။

အဖွဲ့စုံအရောင်စုံတိုက်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ မျက်နှာသစ်လက်နက်ကိုင်တွေ ထပ်တိုးလာပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာမှာ သေချာနေပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *