ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

တုံ့ပြန်ခွင့်နှင့် စာပေကြိုးဝိုင်းထက်သို့ မျှော်ကြည့်လိုခြင်း

ပညာရပ်ဆိုင်ရာ အရေးအသားတွေအပြင် လူထုဆွေးနွေးပွဲတွေမှာလည်း တုံ့ပြန်ဆောင်းပါးရဲ့ အကျိုးသက်ရောက်မှုက ကြီးမားတယ်။ ... စာပေလွတ်လပ်ခွင့်နဲ့အညီ စာပေကြိုးဝိုင်းပေါ်မှာ ဝိတ်တန်းအရ လက်ညီရင်(တန်းတူအခွင့်အရေးနဲ့) ထိုးနှက်ခွင့်ပေးထားငြား ခါးအောက်ပိုင်းကို ထိုးနှက်မလာအောင်တော့ အယ်ဒီတာတွေက ဒိုင်သဖွယ်ပြု တားဆီးကာကွယ်ပေးဖို့ တာဝန်လည်း ယူကြရပါတယ်။

‘စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်’ ဆိုတဲ့ စကားရပ်ဟာ တခြားသူတွေအဖို့ ဘယ်လိုရှိမယ်မသိ၊ စာရေးသူအဖို့တော့ အတော်ဘဝင်မကျဖြစ်ခဲ့ရတဲ့ ရည်ညွှန်းချက်ဖြစ်ပါတယ်။ အဲဒီအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုကျော် နှစ်စုနီးပါးက အယ်ဒီတာ၊ အယ်ဒီတာချုပ်လုပ်ခဲ့တဲ့ ဂျာနယ်မှာ သရော်စာအဖြစ်နဲ့ ‘စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်’ ရယ်လို့ ကဏ္ဍတရပ်ဖွင့်ကာ ဘဝင်မကျမှုတွေကို ရေးခဲ့ဖူးပါတယ်။ 

အဲဒီအခါကာလများက စာပေစိစစ်ရေးဌာနဟာ ဂျာနယ်အယ်ဒီတာတွေ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း အပထားစေပြီး မဖြစ်မနေထည့်ပေးဖို့ ပေါ်လစီဆောင်းပါးခေါ် အစိုးရသတင်းစာမှာ နိုင်ငံရေးထိုးနှက်ရေးသားတဲ့ ဆောင်းပါးတွေကို ခွဲတမ်းအဖြစ်ပေးကာ ထည့်သွင်းစေလေ့ရှိခဲ့တယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

လွန်ဆန်မရလို့ ထည့်သွင်းဖော်ပြခဲ့ရတဲ့ ပေါ်လစီဆောင်းပါးတွေဟာ အယ်ဒီတာတွေနှစ်သက်လို့ ရွေးချယ်ရခြင်းမဟုတ်တဲ့အတွက် ‘စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်’ လို့ မှတ်ချက်ထည့်သွင်းဖို့ကိုလည်း မပြုဝံ့ခဲ့ကြပါ။ 

ဒီလိုအခြေအနေမို့ သတင်းစာ တမျက်နှာကျော် နှစ်မျက်နှာနီးပါးရှိတဲ့ အဲဒီပေါ်လစီဆောင်းပါးကို ဂျာနယ်စာမျက်နှာ တမျက်နှာအတွင်းမှာ မဝင်ဝင်အောင်ထည့်လို့ ဖော်ပြခဲ့ကြပါတယ်။ 

ဒါပေမဲ့ နောင်မှာ စာပေစိစစ်ရေးက သတိပေးစာနဲ့အတူ ‘ဂျာနယ်၌ တပြေးညီစာလုံးဆိုဒ်ဖြင့်သာ ဖော်ပြရန်’ ဆိုပြီး စေခိုင်းလာခဲ့တယ်။ ဒါက ဂျာနယ်အယ်ဒီတာအဖွဲ့ခမျာ စာပေစိစစ်ရေးရဲ့ စာမျက်နှာ အနိုင်အထက်ပြုကျင့်တာကို မလွှဲမရှောင်သာလို့ ခံခဲ့ကြရတာပါ။ 

ဂျာနယ်တွေ တင်ထုတ်ဘ၀ကနေ ထုတ်ပြီးမှ ပြန်တင်ပြရတဲ့ခေတ်အခါရောက်လာ၊ ပုဂ္ဂလိကသတင်းစာတွေ ပေါ်ထွက်လာချိန်မှာ အရင်ကလို မဟုတ်တော့ဘဲ ကိုယ်မနှစ်သက်တဲ့၊ သဘောမတူနိုင်တဲ့ စာမူမျိုးကို ကိုယ့်ဂျာနယ်၊ သတင်းစာတွေရဲ့ စာမျက်နှာထက်မှာ မထည့်ချင်ရင် မထည့်လို့ ရလာတယ်။ ဒါပေမဲ့ လွှဲရှောင်နိုင်ပါလျက်နဲ့ တချို့ စာစောင်တွေမှာ အများနဲ့ဆန့်ကျင်တဲ့ နိုင်ငံရေးသဘောထားတွေကို ပွဲဆူအောင် တမင်ထည့်သွင်းပြီး ‘စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်’ လို့ မှတ်ချက်ထည့်သွင်းတာမျိုးတွေ တွေ့ရပြန်လို့ စာရေးသူက ထမင်းရည်ပူ လျှာလွှဲ လုပ်သူတို့ကို သရော်စာ ဆက်လက်ရေးဖြစ်ခဲ့ပါသေးတယ်။ 

စာပေစိစစ်ရေးမှာ စာမူကိုကြိုတင်ပြီး ခွင့်ပြုပါမှ စာစောင်ထုတ်ခဲ့ရတဲ့ ကာလက ပေါ်လစီဆောင်းပါးတွေကို မူလရွေးချယ်ဖော်ပြခဲ့တဲ့ သတင်းစာအယ်ဒီတာတို့က လိုလိုလားလား ဖော်ပြခဲ့တာဖြစ်သလို အကဲဆတ်တဲ့ နိုင်ငံရေးသဘောထားတွေကို ပုဂ္ဂလိကစာစောင်မှာလည်း အယ်ဒီတာအဖွဲ့ရဲ့ အာဘော် ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုတာထက် ဂျာနယ်တိုက်၊ သတင်းစာတိုက်ရဲ့ အယ်ဒီတာတွေရဲ့ မူဝါဒအရ ထည့်ခဲ့ကြတယ်ဆိုတာ ငြင်းမရပါ။ မူဝါဒနဲ့ မကိုက်ညီရင် ထည့်မှာမှ မဟုတ်တာ။ 

ဒီသဘောကို သတိပြုခံယူထားသူဖြစ်တာကြောင့် ISP-Myanmar က စာမူလက်ခံဖော်ပြနေတဲ့ ISP Column ကဏ္ဍက ဆောင်းပါးတွေရဲ့ အောက်မှာ ‘ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်’ဆိုတဲ့ မှတ်ချက်စာကို အမှတ်မထင်တွေ့မြင်လိုက်ရတဲ့အခါမှာ အရင်ခေတ်အခါများက ဘဝင်မကျရှိခဲ့ဖူးတဲ့ ‘စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်’ဆိုတဲ့ မှတ်ချက်ကို အမှတ်ရမိသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ISP-Myanmar ရဲ့ ရည်ရွယ်ချက်ကို ‘ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး  (rebuttal article) ရေးသားပေးပို့နိုင်ပါသည်’ရယ်လို့ ဆက်လက်တွေ့မြင်လိုက်ရတော့ ဘဝင်မကျမှုချက်ချင်းပျောက်ပြီး ဘဝင်ပင် တွေ့သွားမိတယ်။ ဒါက တဖက်ကို ထိုးနှက်တဲ့ ပေါ်လစီဆောင်းပါးတွေကို တဖက်သတ်ဖော်ပြပြီး ပြန်လည်ချေပခွင့် မပြုခဲ့တဲ့ နဝတ၊ နအဖ အစိုးရတွေလက်ထက်က သတင်းစာမူဝါဒမျိုးမဟုတ်တဲ့အတွက် ဘဝင်တွေ့မိရတာ ဖြစ်တယ်။ 

တုံ့ပြန်ဆောင်းပါးလို့ဆိုဆို၊ ငြင်းဆိုဆောင်းပါးလို့ ပြောပြော မူလရေးသူရဲ့ အာဘော်နဲ့ ဖီလာဆန့်ကျင်တဲ့ ဘုံသဘောထား ရပ်တည်ချက်တွေကို စာဖတ်သူတွေ နှိုင်းချင့်နိုင်ကြစေလေမယ့် အစီအစဉ်မို့ ကြိုဆိုလိုတဲ့အတွက်ကြောင့် ဘဝင်ကျမိတာလည်း ဖြစ်တယ်။ 

စာနယ်ဇင်းစာမျက်နှာတွေထက်မှာ ပညာရပ်ဆိုင်ရာ အရေးအသားတွေအပြင် လူထုဆွေးနွေးပွဲတွေမှာလည်း တုံ့ပြန်ဆောင်းပါးရဲ့ အကျိုးသက်ရောက်မှုက ကြီးမားတယ်။ ဟိုအရင်စာနယ်ဇင်းတခေတ်မှာ ဝေဖန်ရေးဆောင်းပါးတွေဆိုတာဟာ ပွဲဆူစေတာကြောင့် နှိုင်းယှဉ်ထည့်သွင်းဖော်ပြတာကို စာပေဒွန်ကင်း ပွဲသွင်းခြင်းလို့တောင် ဆိုစမှတ် ပြုခဲ့တယ်။ 

စာပေလွတ်လပ်ခွင့်နဲ့အညီ စာပေကြိုးဝိုင်းပေါ်မှာ ဝိတ်တန်းအရ လက်ညီရင်(တန်းတူအခွင့်အရေးနဲ့) ထိုးနှက်ခွင့်ပေးထားငြား ခါးအောက်ပိုင်းကို ထိုးနှက်မလာအောင်တော့ အယ်ဒီတာတွေက ဒိုင်သဖွယ်ပြု တားဆီးကာကွယ်ပေးဖို့ တာဝန်လည်း ယူကြရပါတယ်။ 

တကယ်တမ်း တုံ့ပြန်ဆောင်းပါးကို ရွေးချယ်ဖော်ပြတာက ထင်သလောက်မလွယ်ကူနိုင်ပါ။ စာရွက်ပေါ်မှာ တဖက်သတ် စွပ်စွဲမှုတွေအပေါ် ငြင်းဆိုတုံ့ပြန်ရေးသားခြင်းဆိုတာ ပထမရေးသူကို ဒုတိယရေးသူက တုံ့ပြန်အပြီးမှာလည်း အဆိုပါဒုတိယရေးသူကို ထပ်မံတုံ့ပြန်လာမယ့်သူ(တတိယလူ)ကို အခွင့်အရေးပေးဦးမှာလားဆိုတာ အယ်ဒီတာတွေ အမြဲအမေးခံရတဲ့ ခေါင်းခဲစရာကိစ္စပါ။ 

အမှန်တကယ်တော့ တတိယလူဟာ စာဖတ်ပရိသတ်ပဲ ဖြစ်သင့်ပါတယ်။ ရွေးချယ်ဖော်ပြရာမှာလည်း သမာသမတ်ရှိမှုက အလွန်အရေးကြီးသလို ဆန့်ကျင်ဘက်ရပ်တည်ချက်ကို တုံ့ပြန်ရာမှာ အထောက်အထားနဲ့ တင်ပြငြင်းခုံနိုင်ဖို့ကလည်း တုံ့ပြန်ဆောင်းပါးဖြစ်ဖို့မှာ အလွန်အရေးပါတာကြောင့်​ ကြိုဆိုသင့်တဲ့ စာပေတရပ်အပေါ် စာဖတ်သူတိုင်း လက်ခံနိုင်စေလိုတဲ့ ဆန္ဒနဲ့ တလက်စတည်းတွေးမိတယ်။ 

တုံ့ပြန်ဆောင်းပါးကိုရေးသူအနေနဲ့ ဝေဖန်တုံ့ပြန်ချက်ဆိုတာ ဆန့်ကျင်ဘက်ရပ်တည်ချက်ကို ဖော်ညွှန်းရေးသားရာရောက်ငြား မူလရေးသားသူရဲ့ ရည်မှန်းချက်ကို အပြုသဘော မြင်နိုင်ရသလို သဘောမတူညီမှုကို ထင်လင်းစွာထောက်ပြနိုင်မယ့် ကိုယ်ပိုင်အထောက်အထားတွေကိုလည်း စုဆောင်းပြီး သက်သေပြနိုင်ရပါမယ်။ ငြင်းဆိုမှုကို ကျစ်လျစ်အောင် စုစည်းရေးသားနိုင်ရသလို မူလရေးသားသူရဲ့စာကို ဘယ်လိုပင် သဘောမတူစေကာမူ အကြံပြုဆွေးနွေးပေးနိုင်ဖို့ စနစ်တကျ သုံးသပ်ဆင်ခြင်နိုင်ရပါမယ်။ 

ပြန်လည်တုံ့ပြန်ရာမှာ လေးစားတဲ့လေသံကိုလည်း အသုံးပြုနိုင်ရသလို တခြားသူကိုနှိမ့်ချတဲ့ စကားလုံး၊ စကားစုတွေ၊ အောက်လုံးထိုးနှက်ချက်တွေ ဖြစ်မနေဖို့ သတိပြုရှောင်ကြဉ်ရပါမယ်။ ဒါမှသာ တတိယလူ စာဖတ်ပရိသတ်တွေရဲ့ စိတ်နှလုံးကို သိမ်းကြုံးယူနိုင်မယ့် တုံ့ပြန်စာအဖြစ် (အကြံတူတူ၊ မတူတူ) နောက်လူ ဧကန်သာနိုင်မှာလို့ ယုံကြည်ရင်း ‘တုံ့ပြန်ခွင့်နှင့် စာပေကြိုးဝိုင်းထက်သို့ မျှော်ကြည့်လိုခြင်း’ သဘောထားတရပ်ကို ရင်ခုန်မှုနဲ့အတူ ပေးလိုက်ပါတယ်ခင်ဗျာ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles