ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

အပူဟူသမျှ အတူမျှကြမယ်

ဒုက္ခကြောင့်ဖြစ်တဲ့ မျက်ရည်စက်တွေကိုသာ အရောင်ခြယ်ပြီး သိမ်းထားလို့ရရင် ဒါက ရေကြီးတုန်းက၊ ဒါက မုန်တိုင်းတုန်းက၊ ဒါကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတုန်းက၊ ဒါက ရွာမီးရှို့ခံရတုန်းက၊ ဒါက ငလျင်တုန်းက၊ ဒါဟာ ဗုံးကြဲတုန်းကလို့ တကယ်ခြယ်ထားလိုက်ချင်မိတယ်။

အတာဦးရဲ့ လွမ်းမောဖွယ် ဥဩသံလေးတွေက ဝေဒနာကို မကုစားနိုင်ခဲ့ပါ။ အတာဦးရဲ့ ပိတောက်ပွင့်ငုံလေးတွေက ချမ်းမြေ့ငြိမ်းအေးမှုကို မပေးနိုင်ခဲ့ပါ။ မျှော်လင့်စွာ စောင့်စားခဲ့တဲ့ နှစ်ကူးအတာရေစင်ကလည်း အပူကို ငြှိမ်းသတ်နိုင်မှာ မဟုတ်တော့ပါဘူး။ 

အချုပ်တန်းဆရာဖေလို ‘မန်းတုန်အောင် လမ်းဆုံကသာ ဟစ်ချင်တော့ သည်ခေတ်မှာ’ လို့ပဲ အော်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ကျနော် ဟစ်အော်ချင်မိတာ ဆရာဖေလို မန္တလေးဆောင်းရဲ့ အေးချက်၊ ချမ်းချက်ကို မဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ ကြမ်းချက်၊ ရမ်းချက်တွေကိုပါပဲ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

တကယ်လည်း အော်ပြောချင်နေမိတယ်။ ရင်ထဲက ခံစားချက်တွေကို ဖော်ပြဖို့ ဘယ်လိုနည်းလမ်းမှ မရှိတော့ပါဘူး။ အော်ဟစ်ရုံမှတပါး တခြားရွေးချယ်စရာ ကျနော်တို့ဆီမှာ မရှိကြတော့ပါ။ ကပ်ကြီးဆိုက်တာလို့ ပြောရင်လည်း ကျေပါစေတော့။ ဝဋ်ကြီးလိုက်တာလို့ ဆိုရင်လည်း နေပါစေတော့။ ဒီဘဝမှာ ဒီမျှလောက် ခံစားရရင်ဖြင့် ‘မြန်မာဟေ့’လို့ ဂုဏ်ယူစွာ ကျေနပ်ပါတော့မယ်။ 

စစ်ပွဲသံသရာနွံထဲမှာ အလူးအလိမ့်ခံစားနေရဆဲမှာပဲ ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်နဲ့ ခံလိုက်ကြရတဲ့ ဘဝတွေ၊ အသက်တွေ အိုးအိမ်စည်းစိမ်တွေ။ ဘုရားပေါတဲ့ တိုင်းပြည်၊ စေတီပုထိုးပေါတဲ့ တိုင်းပြည်မှာ ဖြစ်လိုက်ရင်တော့ ဘယ်ဘုရားမှ တန်ခိုးမကြီးတော့သလို ဘယ်စေတီမှလည်း ဓာတ်တော် မကွန့်မြူးတော့ပါဘူး။ ဒီလိုပါပဲ ဘုရားသခင်တွေကလည်း မျက်လွှာချထားလိုက်ကြတယ်ထင်ပါရဲ့။ 

ရုပ်ရှင်တွေထဲက စစ်ပွဲတွေကို အပြင်မှာတွေ့ချင်ရင် မြန်မာပြည်ကို လာခဲ့ကြပါ။ ရုပ်ရှင်တွေထဲက ဆင်းရဲသားတွေကို မြင်ချင်ရင် ဒီနိုင်ငံကို ကြွခဲ့ကြပါ။ ရုပ်ရှင်တွေထဲက ဇွန်ဘီတွေ အကိုက်ခံလိုက်ရလို့ ခြေပြတ်၊ လက်ပြတ်နဲ့ တွားသွားနေတဲ့ လူသားတွေကို ကြည့်ချင်ရင် အမြန်သာလာခဲ့ကြပါ။ ကျနော်တို့တွေဟာ ဒုက္ခတွေ၊ သောကတွေကို အံကြိတ်ခံရင်း အာဏာရှင်တွေကြိုက်တဲ့ သဘာဝသရုပ်ဆောင်တွေဖြစ်တယ်ဆိုတာကို ခင်ဗျားတို့ကို မြင်စေချင်လိုက်တာ။ 

လူသားဆန်တဲ့ လူတွေနဲ့ ကျွမ်းကျင်ခွေးကလေးတွေ အပျက်အစီးပုံထဲက အသက်ရှင်ကျန်သူတွေကို လိုက်လံရှာဖွေနေကြတဲ့အချိန် လူဆိုပြီး တံဆိပ်ကပ်ထားတဲ့သူတွေက ဗုံးတွေကြဲချနေလိုက်တာ။ တချို့က ‘မြန်မာဟေ့’လို့ ဂုဏ်ယူစွာနဲ့ပဲ အလောင်းတွေရှေ့ ရှင်လောင်းလှည့်လိုက်တာ ဒီနိုင်ငံမှာပဲရှိပါတယ်။ မေတ္တာတရားကို ရှေ့တန်းတင်တဲ့ ရွှေနိုင်ငံကြီးမှာ သေသူတွေအပေါ် ကိုယ်ချင်းစာတရားကို ပြဖို့ နောက်ဆုတ်တွန့်တိုနေလိုက်ကြတာ။ ငလျင်ကြောင့် မျက်ရည်တွေ ရွှဲနေတုန်းပဲရှိသေးတယ်၊ ဗုံးကြဲခံလိုက်ရတဲ့ မျက်ရည်တွေ ထပ်စီးရပြန်တယ်။

ဒုက္ခကြောင့်ဖြစ်တဲ့ မျက်ရည်စက်တွေကိုသာ အရောင်ခြယ်ပြီး သိမ်းထားလို့ရရင် ဒါက ရေကြီးတုန်းက၊ ဒါက မုန်တိုင်းတုန်းက၊ ဒါကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတုန်းက၊ ဒါက ရွာမီးရှို့ခံရတုန်းက၊ ဒါက ငလျင်တုန်းက၊ ဒါဟာ ဗုံးကြဲတုန်းကလို့ တကယ်ခြယ်ထားလိုက်ချင်မိတယ်။ ခင်ဗျားတို့ မြင်ရလေအောင်ပေါ့။ 

ကိုယ်ချင်းစာတရားအပြည့်နဲ့ အကူအညီလာပေးရှာတဲ့ သူတွေကို ပြည်ဝင်ခွင့်မပေးတဲ့ လူတွေဟာ ဒီနိုင်ငံမှာ တကယ် ရှိပါတယ်။ ပြည်သူတွေရဲ့ ဒုက္ခပင်လယ်ထဲက သောကအဖုံဖုံကို မှတ်တမ်းပြုမယ့် မီဒီယာတွေကို ဝင်ခွင့်မပေးတာ ဒီနိုင်ငံမှာ ရှိပါတယ်။ ကျနော်လေ အဲဒီလူတွေကို ခင်ဗျားတို့ကို ပြချင်လိုက်တာ။ 

ကြောက်စရာကောင်းပြီး လူ့အသက်ပေါင်း ၃,၀၀၀ ကျော်ကို နုတ်ယူသတ်ဖြတ်သွားတဲ့ ငလျင်၊ အိုးအိမ်၊ အဆောက်အအုံတွေကို ဖြိုဖျက်သွားတဲ့ ငလျင်ရဲ့ ဆိုးကျိုးသတင်းတွေကို နားသောတဆင်ဖို့ တချို့ဒေသတွေမှာတော့ ရေဒီယိုလေးများတောင် ရှိကြလေမှာ မဟုတ်တော့ဘူး။ အင်တာနက်ဆိုတာ ကိုယ်တွေနဲ့ မဆိုင်တော့သလိုပါပဲ။

ဆင်းရဲတွင်းနက်၊ စစ်ပွဲတွင်းနက်တဲ့ နိုင်ငံရဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူတွေကို နိုင်ငံတကာက ကိုယ်ချင်းစာပြကြ၊ ကူညီကြတဲ့အချိန်မှာ တို့နိုင်ငံရဲ့ ဝေဟင်ပြင်မှာတော့ အပြစ်မဲ့ပြည်သူတွေကို လေမိစ္ဆာတစ္ဆေတွေက မရဏတံခါးတွေ ဖွင့်ဖွင့်ပေးနေလိုက်ကြတာ။ သူတို့တွေ အိပ်လို့ရော ပျော်ကြရဲ့လားလို့ မေးလိုက်ချင်မိတယ်။ 

မတ် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကျနော့်ပါးစပ်က ‘ငလျင်… ငလျင်လို့’ နှစ်ခွန်းသာအော်လိုက်တယ်။ မိနစ်ပိုင်းလေးပါပဲ။  ဖေ့ဘုတ်ပေါ်ကို ကြည့်လိုက်တော့ စစ်ကိုင်းတံတားဟောင်းကြီး ပြိုကျသွားပြီကအစ သတင်းတွေ မကြားဝံ့၊ မကြည့်ရက်တဲ့အထိ တက်လာကြတယ်။ ၂၉ ရက်နေ့ မနက်စောစော အင်တာနက်ဖွင့်ကြည့်လိုက်တော့ အသေအပျောက်၊ အပျက်အစီးနဲ့ ပိတ်မိနေတဲ့သတင်းတွေ၊ အပြိုအပျက်တွေ တပုံကြီးဟာ မကြည့်ရက်စရာပါပဲ။ 

မိနစ်ပိုင်းလေးသာဖြစ်ခဲ့တာပါ။ ဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းဖို့အချိန်တောင် မရလိုက်ပါလားလို့ ကိုယ့်ကိုယ်ကိုယ် တွေးနေမိတယ်။ ဘယ်လိုဒုက္ခပဲလာလာ ခေါင်းခံပေးဆပ်လိုက်ကြရတာဟာ ပြည်သူတွေပဲမဟုတ်လား။ ပြည်သူတွေခံ၊ ပြည်သူတွေသေ၊ ပြည်သူတွေပျက်၊ ဒီပြည်သူတွေရဲ့ အသက်ဟာ ဘာမှအဖိုးမတန်တဲ့ တခါသုံးကြွပ်ကြွပ်အိတ်လို ဒီနိုင်ငံမှာဖြစ်နေတာကြာပြီလေ။ 

တကယ် အော်ဟစ်လိုက်ချင်ပါတယ်။ ခါတိုင်းနှစ်တွေဆိုရင် ဒီအချိန် အတာဦးမှာ ဒုက္ခဟူသမျှ ဆေးကြောသန့်စင်မယ့်အတွေးနဲ့ ဆင်းရဲမွဲတေမှုတွေကို ‘တူးပို့’သံနဲ့ ဖြေလျှော့၊ ဥဩသံနဲ့ နှစ်သိမ့်၊ ပိတောက်ပွင့်တွေနဲ့ စိတ်ဖြေကာ အားတင်းခဲ့ကြပါလေရဲ့။ အခုတော့ ဆရာမြို့မငြိမ်းရဲ့ မန်းတောင်ရိပ်ကလည်း ခိုလှုံဖို့ အစိုးမရတော့ဘဲ နန်းတော်ရှေ့မှာ အိပ်စားနေရတဲ့ဘဝ။ ဆရာလင်းခေးလုလင်ရဲ့ ဇေယျာရွှေမြေဟာလည်း ဒဏ်ရာပေါင်းစုံနဲ့၊ ဘုရားဖူးတွေ မလာနိုင်တော့တဲ့အဖြစ်။ 

ဒီအဖြစ်ဆိုးတွေကို မျှဝေရင်ဆိုင်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG က ယာယီအပစ်ရပ်ကြောင်း သဘောထားထုတ်ပြန်လိုက်ကြတယ်။ စစ်ကောင်စီဘက်ကလည်း ဧပြီ ၂၂ ရက်အထိ အပစ်ရပ်မယ် ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထိုးစစ်သစ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက သူတို့ ကြေညာထားတဲ့ အပစ်ရပ်ကြေညာချက်ကို တန်ပြန်ဟားတိုက်နေလေရဲ့။

ဘာပဲဖြစ်ဖြစ် ကျနော်တို့အတွက်တော့ ကျနော်တို့ပဲ မဟုတ်လား။ လာသမျှဒုက္ခကို ခါးစည်းရင်ကော့ ခံပြီး မျက်ရည်စက်တွေကို ဖေးကူသုတ်ပေးကြတာပေါ့။ ကိုယ်ကျိုးစွန့် ကူညီခဲ့သူတွေ၊ ကိုယ်ချင်းစာစိတ်နဲ့ ဖေးမခဲ့သူတွေ အားလုံးကို ကျနော်တို့ရင်ထဲက လှိုက်လှဲစွာကျေးဇူးတင်နေမှာပါ။ 

ခေတ်ဆိုးတခုကို ဖြတ်သန်းရင်း လမ်းခုလတ်မှာ သဘာဝဘေးကြောင့် ကွယ်လွန်ခဲ့သူတွေကိုလည်း အမှတ်ရနေမိမှာပါ။ ဒဏ်ရာပေါင်းစုံနဲ့ ကျန်ရစ်သူတွေကိုလည်း နားလည်စွာ နှစ်သိမ့်ရင်း ကျနော်တို့တွေ ရှေ့ကို ဆက်လျှောက်ကြရင်းနဲ့ အပူဟူသမျှကို မျှဝေခံစားကြတာပေါ့။​ ကျနော်တို့မှာ ဒီလူတွေပဲ ရှိတာကိုး။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles