ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ကျနော်တို့ဟာ ဆက်သွယ်မှုဧရိယာအပြင်ဘက်မှာ

စစ်အာဏာရှင်အမြစ်တွယ်နေတဲ့ မြန်မာ့မြေဆီလွှာမှာတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာသစ်ပင်တွေ အညွန့်တုံးလို့နေပါတယ်။ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာရဲ့ အသီးအပွင့်ကို ဆာလောင်ငတ်မွတ်ရသူတွေလည်း တိုးလို့ပဲ လာနေပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ ထိုးနှက်ခြေဖျက်သွားမှုနဲ့ သေကျေပျက်စီးသွားမှုတွေအကြောင်း တွေးတောရင်း ‘ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ’ဆိုတဲ့ စကားလုံးတွေကို ပြေးမြင်မိပါတယ်။ ဒါနဲ့ပဲ စစ်ကောင်စီရဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်မိတယ်။ ဒီတလောမှာ သူ့သတင်းစာတွေ ဘာတွေရေးသားဖော်ပြနေသလဲ၊ ပြန်ကြားရေးဝန်ကြီးဌာနကရော လူထုကို ဘာတွေအသိပညာပေးနေသလဲ။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကရော ပြည်သူတွေ သွားရေးလာရေးအတွက် လမ်းတံတားတွေ ဘယ်လိုပြင်ဆင်တည်ဆောက်နေသလဲ၊ အဝေးရောက်မိသားစုဝင်တွေ၊ မိတ်ဆွေတွေအတွက် ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ကောင်းအောင် ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတာတွေကို သိလိုသိငြား ဆန္ဒနဲ့ပါပဲ။ 

ဆရာမ ဂျူးရဲ့ဇာတ်ကောင်တွေလို ‘ဘုရားရေ’ လို့ တရမလား၊ ဆရာကြီးအီကြာကွေးလို ‘ဟိုက် ရှာလဘတ်ရည်’ လို့ပဲ တရလေမလား၊ ဒါမှမဟုတ် ကမ္ဘာပေါ်မှာရှိသမျှ ဘုရားအဆူဆူကို တတဲ့နည်းပေါင်းထောင်သောင်းချီနဲ့ တရလေမလားတောင် ဖြစ်သွားရပါတယ်။ စစ်ကောင်စီရဲ့ ဘယ်ဝက်ဘ်ဆိုက်ကိုမှ ဝင်ကြည့်လို့မရပါဘူး။​  

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ငလျင်ဟာ စစ်ကောင်စီရဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေအထိပါ ဝါးမြိုသွားပုံရပါတယ်။ 

မြန်မာပြည်သူတွေဟာ အဆက်အသွယ်တွေပြတ်၊ သတင်းတွေပြတ်၊ နည်းပညာတွေပြတ်၊ ဒီကြားထဲ မီးပြတ်၊ ရေပြတ်၊ အစာပြတ်….ပြတ်ပေါင်းများစွာ။ 

‘ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ’ဆိုတဲ့ စကားလုံးဟာ ဟိုးအရင်အစိုးရတွေလက်ထက်မှာကတည်းက တီဗီကနေရော၊ သတင်းစာတွေကနေရော ကြွားလုံးထုတ်ခဲ့တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဝန်ကြီးဌာနတခုကိုတောင် ဖွဲ့စည်းခဲ့ကြပါတယ်။

ကမ္ဘာကြီးဟာ ရွာကြီးတရွာ ဖြစ်လာပြီဆိုတဲ့ ပုံပြင်တွေ၊ ဇာတ်ကြောင်းတွေနဲ့အတူ ဆက်သွယ်ရေးစနစ်တွေရဲ့ အရေးပါမှု၊ သတင်းအချက်အလက်တွေရဲ့ အရေးကြီးမှုနဲ့ နည်းပညာတွေရဲ့ စွမ်းပကားတွေအကြောင်း နားနဲ့မဆံ့အောင် ကြားခဲ့ရပြီးပါပြီ။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း အဲဒီအရာတွေဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်၊ ကြီးမားကျယ်ပြန့် စည်ပင်နေခဲ့ကြပါပြီ။ 

မြန်မာနိုင်ငံကတော့ အတိတ်ခေတ်ဆွေးထဲကို နောက်ကျွမ်း(ဂျွန်း)ပစ် ဝင်သွားခဲ့ပါတယ်။ 

အခုငလျင်ကြီးအတွင်းမှာ မိသားစုတွေနဲ့ အဆက်အသွယ်မရခဲ့ကြတဲ့သူတွေ များစွာရှိခဲ့ပါတယ်။ ငလျင်ဗဟိုချက်တခွင်မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်တွေ လုံးလုံးပြတ်တောက်ခဲ့ပါတယ်။ တချို့လည်း နာရီအနည်းငယ်အကြာမှာ ပြန်အဆက်ရခဲ့ကြတာရှိသလို တချို့လည်း မရကြပါဘူး။​ ငလျင်ကို ကိုယ်တွေ့ကြုံရတဲ့သူတယောက်ပြောပြတာက ငလျင်လှုပ်တာဟာ သူတို့နေတဲ့နေရာကလေးမှာပဲ ဖြစ်သွားတာလို့ အစမှာ ထင်ခဲ့တာတဲ့။ ဒါဟာ သတင်းစီးဆင်းမှုတွေ ရပ်တန့်သွားခဲ့ရလို့ ဖြစ်ပါတယ်။​

ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရချိန်မှာ ကျနော်တို့ ဘာကို အရင်ဆုံးသတိရလေ့ရှိပါလိမ့်။ မိသားစုတွေ၊ ချစ်ရခင်ရသူတွေဆီကို လှမ်းပြီး ပြောပြချင်ကြတာပါ။ “ကူပါ၊ ကယ်ပါအုံး”၊ ဒါမှမဟုတ် “စိတ်မပူကြပါနဲ့ ကျနော်/ကျမတို့ ဘေးကင်းပါတယ်”၊ ဒါမှမဟုတ် “အဖေတို့၊ အမေတို့ အဆင်ပြေကြရဲ့လား” ဆိုတာမျိုးတွေပါပဲ။ ဒီလိုတွေပြောပြဖို့ရာမှာ ဆက်သွယ်ရေးကွန်ရက်တွေလိုပါတယ်။ ကောင်းနေဖို့ လိုပါတယ်။ ​ 

ဒါထက်တဆင့်ထပ်ချဲ့ရရင် ဘေးဒဏ်သင့်လူတွေအတွက် ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့၊ ဘယ်နေရာတွေမှာ ဘယ်လောက် အပျက်အစီးရှိပြီး ဘာတွေအကူအညီလိုအပ်တယ်ဆိုတာတွေကို သိနားလည်ဖို့ သတင်းအချက်အလက်တွေလိုပါတယ်။ အဲဒီနေရာတွေကို သွားရောက်နိုင်ဖို့ လမ်းတွေလိုပါတယ်။ မြန်ဆန်ထိရောက်ဖို့ နည်းပညာတွေလိုပါတယ်။ 

အခုဖြင့်…။

ရှိပြီးသား၊ ပိုကောင်းဖို့ရာလည်း အရှိန်ရနေတဲ့ နိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက်တွေ၊ လမ်းတံတားတွေဟာ နိုင်ငံရေးအလို့ငှာ၊ စစ်ရေးအလို့ငှာ ဖျက်ဆီးခံခဲ့ရတာ လေးနှစ်ကျော်ကြာခဲ့ပါပြီ။ အခုထိလည်း မထင်ရင် မထင်သလို ပိတ်ပစ်၊ ဖျက်ပစ်နေတုန်းပါပဲ။ ဖုန်းလိုင်းတွေ ဖြတ်၊ အင်တာနက်လိုင်းတွေ ဖြတ်၊ တချို့ မဖြတ်ပေမဲ့ တင်းကျပ်၊ VPN တွေ့ရင်ပဲ ဖမ်းပြီးထောင်ချ၊ ငွေညှစ်လို့ ဖေ့ဘုတ်ပွတ်ရင်း လက်တွေတုန်ယင်နေခဲ့ရတဲ့ မြန်မာပြည်သူတွေ။ လမ်းတွေမှာလည်း မြေမြှုပ်မိုင်းတွေက နေရာတကာမို့ အသက်ကို ဖက်နဲ့ထုပ်ပြီးပဲ သွားနေခဲ့ကြရတာ လူတကာသိပြီးသားပါ။ ဒီကြားထဲ ကားပေါ်က ဆွဲချပြီး ပေါ်တာဆွဲတာက တမျိုးမို့ လူတွေမှာ ဘယ်မှမသွားရဲလောက်အောင်ပါပဲ။ 

မန္တလေးကို လာပြီးအလုပ်လုပ်နေတဲ့ နယ်ကကောင်မလေးတယောက် အခုလို ငလျင်ဘေးဆိုးကြီးကျတော့ မန္တလေးမှာ ဆက်ပြီးမနေရဲတော့ဘူး။ ဘယ်အချိန်မှာများ ထပ်လှုပ်လေအုံးမလဲ၊ နေနေတဲ့အဆောင်ကရော ဘယ်လောက်ခံနိုင်ရည်ရှိသေးသလဲ သူမသိဘူး။ ဒါပေမဲ့ နယ်ပြန်ဖို့ရာမှာ လမ်းတွေက ပျက်။ ပိုဆိုးတာက ရွာမှာက စစ်တပ်က မီးရှို့ထားလို့ အိမ်လည်း မရှိ။ မိဘတွေက ဘုန်းကြီးကျောင်းမှာ ကပ်နေရ။ 

ဖြစ်ရပ်တွေကို ဘေးကနေ မြင်ကြည့်ရသလောက်နဲ့တင် စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။ တကယ့်တကယ် ကာယကံရှင်တွေရဲ့ ရင်ဘတ်ထဲမှာဆိုရင်တော့ အခုလိုအခြေအနေမျိုးအတွက် ခံစားမှုတွေဟာ ဗလောင်ဆူပြာဝေနေမှာပါပဲ။ ဒီစိတ်အနာတွေကို ထမ်းပိုးပြီး ဘဝခရီးကို လျှောက်လှမ်းရှေ့ဆက်နေရတာက ဘယ်လောက်တောင် ပင်ပန်းခက်ခဲမလဲ။ အိပ်မက်ဆိုးတွေ၊ အရိပ်မည်းတွေက နောင်နှစ်ပေါင်းဘယ်လောက်ကြာတဲ့အထိ သူတို့နောက်ကို လိုက်နေအုံးမှာပါလိမ့်။

ကမ္ဘာဦးရဲ့ အရိုင်းအစိုင်း ဒါမှမဟုတ် အသိဉာဏ်နုံနဲ့တဲ့ သတ္တဝါတွေအဖြစ်ကနေ အခုခေတ်မှာ နတ်ဘုရားတွေလောက်နီးနီး အစွမ်းတန်ခိုးတွေ ရှိလာ၊ အသိဉာဏ်တွေ တက်လာတာမှာ ကြီးမားတဲ့ အကြောင်းတရားတခုကတော့ သတင်းအချက်အလက်တွေ ဝေမျှနိုင်ခြင်း၊ စားသုံးနိုင်ခြင်းကြောင့်လို့ ဆိုကြသူတွေ ရှိပါတယ်။ အခုမျက်တွေ့မှာလည်း သတင်းအချက်အလက်တွေကို ရနိုင်သမျှရအောင် အရင်းအနှီးကြီးကြီးပေးပြီး ကြိုးစားသိုမှီးနေကြသူတွေလည်း မနည်းပါဘူး။ သတင်းအချက်အလက်တွေကို အုပ်စီးဖို့ ကြံစည်နေကြသူတွေလည်း မနည်းပါဘူး။​ သတင်းအချက်အလက်ပိုသိတဲ့သူက နှာတဖျားသာတယ်လို့လည်း နားလည်ထားကြပါတယ်။ 

စစ်အာဏာရှင်အမြစ်တွယ်နေတဲ့ မြန်မာ့မြေဆီလွှာမှာတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာသစ်ပင်တွေ အညွန့်တုံးလို့နေပါတယ်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာရဲ့ အသီးအပွင့်ကို ဆာလောင်ငတ်မွတ်ရသူတွေလည်း တိုးလို့ပဲ လာနေပါတယ်။

တကယ်လို့ မြန်မာမှာရော၊ ကမ္ဘာကြီးမှာရော တော်လှန်ရေးဆိုတာတွေ ဆက်ရှိနေရအုံးမယ်ဆိုရင် ဆက်သွယ်ရေးစနစ်တွေကို ဖျက်ဆီးတဲ့၊ သတင်းအချက်အလက်တွေကို ပိတ်ဆို့တဲ့၊ နည်းပညာတွေကို တားမြစ်တဲ့သူတွေကို တော်လှန်တဲ့ တော်လှန်ရေးပဲ ဖြစ်ရပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles