ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

လဲနေသူ ထူပေးပါ၊ ဂုဏ်လုပွဲဝင်ပြီး ဂုဏ်မဆာပါနှင့်

အခုလို ‘ပြန်လည်ထူထောင်ရေးကာလ’ မှာ ကျမတို့အားလုံးရဲ့ ကူညီငွေတွေဟာ အဟုတ်အမှန် အကျိုးရှိရှိ စီးဆင်းနိုင်ဖို့ စိစစ်သင့်ပါပြီ။ ဂုဏ်မလုကြဘဲနဲ့ ပြည်သူလူထုတရပ်လုံးက ဂုဏ်ပြုချင်စရာအကောင်းဆုံး အလှူဖြစ်အောင် အဓိကနဲ့ သာမညကို ပိုင်းခြားပြီး  လှူဒါန်းသင့်ပါပြီ။

အာဏာသိမ်းမှုဖြစ်စဉ်ပြီးကတည်းက စီးပွားပျက်ကပ်နဲ့ သဘာဝဘေးတွေဟာ မြန်မာပြည်ကို လက်ချင်းချိတ် လာလည်နေကြပါတယ်။ လာတိုင်းလည်း ‘ပြည်သူ’ အချင်းချင်း ရိုင်းပင်းတဲ့ စနစ်နဲ့သာ ရင်ဆိုင် ကျော်ဖြတ်ကြရတာပါ။

အခု ၂၀၂၅ စစ်ကိုင်းငလျင်ဘေးမှာဆိုရင် နိုင်ငံတကာကပေးတဲ့ အလှူငွေ ဒေါ်လာသန်းချီရှိပေမဲ့ ထိခိုက်သေဆုံးသူတဦးကို မြန်မာငွေကျပ် ၁၀ သိန်း ကူညီမယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က ဆိုပါတယ်။ ဒီပမာဏဟာ ပြည်တွင်းအလှူရှင်တဦး ကူသလောက်သာရှိတာကြောင့် ကျန်ငွေတွေဟာ စစ်အသုံးစရိတ် ဖြစ်သွားပြီလားလို့ မေးခွန်းထုတ်ချင်စရာပါ။ ဒီလို လက်ဝါးကြီးအုပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ကြောင့် ပြည်သူတွေခမျာ ‘ကိုယ်ထူ ကိုယ်ထ’ စနစ်ကို ဖိဖိစီးစီးကြီး ကျင့်သုံးနေကြရဆဲပါပဲ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ငလျင်ဘေးမှာ ဆုံးရှုံးခဲ့ရတဲ့ အသက်၊ အိုးအိမ်တွေနဲ့ အမြစ်တွယ် စိတ်ဒဏ်ရာတွေအကြောင်းကို ကျမတို့အားလုံး စိတ်မကောင်းစွာ နားလည်ထားကြပြီးသားဖြစ်ပါတယ်။ ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတွေအတွက် အလှူငွေ ရှာဖွေပေးသူတွေ ပေါ်ပေါက်လာသလို ငွေမည်းကို ငွေဖြူပြောင်းကြတဲ့ ခရိုနီအရွယ်စုံတွေကလည်း နေရာဝင်ယူလာကြပါတယ်။ ဒါတွေအပြင် နောက်ထပ် ပူးတွဲထွက်ပေါ်လာတာကတော့ ‘ဂုဏ်လုပွဲ’ တွေပါ။

‘ဂုဏ်လုပွဲ’ တွေမှာ သိန်းပေါင်းသောင်းနဲ့ချီ အကုန်အကျခံပြီး လှူနိုင်ကြသူတွေအပြင် မရှိမဲ့ရှိမဲ့လေးကို လှူလိုက်ကြသူတွေလည်း ဒုနဲ့ဒေး ပါဝင်ပါတယ်။ ဒါ့အပြင် အခြေအနေအရပ်ရပ်ကို ထည့်မစဉ်းစားဘဲ ‘သူ့ကျောင်းထက် ငါ့ကျောင်း သာစေရမယ်’ရယ်လို့ အတ္တစွဲနဲ့ ဂုဏ်ပြိုင်ချင်ကြတဲ့ အလှူခံရဟန်းတွေနဲ့ အမာခံပရိသတ်တွေ ရှိနေကြတာကိုလည်း သတိချပ်ရပါဦးမယ်။

မြန်မာ့စီးပွားရေးပျက်ကပ်နဲ့ စစ်ကောင်စီရဲ့ အတင်းအကျပ် တပ်သားစုဆောင်းမှုတွေကြောင့် အခုဆိုရင် ပြည်တွင်းမှာ လူငယ်မကျန်သလောက်ကို ဖြစ်နေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်အားခနည်းနည်းနဲ့ အသက်ကိုရင်း အလုပ်လုပ်ပြီး ရလာတဲ့ လူငယ်တွေရဲ့ လစာဟာ မိသားစုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ မိဘတွေ လှူနိုင်တန်းနိုင်စေဖို့ပါ။ ဒါပေမဲ့လည်း အတ္တချင်းပြိုင်ဆိုင်မှု၊ ဂုဏ်ချင်း ပခုံးယှဉ်ချင်မှုတွေ၊ မှိုင်းမိမှုတွေနဲ့ တည်ဆောက်ထားတဲ့ ‘ဂုဏ်လုပွဲ’ တွေရဲ့အောက်မှာ ဒီငွေလေးဟာ စုံးစုံးမြုပ်သွားရရှာပါတယ်။ ဒီလိုလှူလိုက်တဲ့ အလှူလေးက မိမိကိုယ်တိုင်အတွက်၊ ဒါမှမဟုတ် သာသနာအတွက် အမှန်တကယ် အကျိုးရှိသွားပါရဲ့လား။

အခုငလျင်ဘေးမှာဆိုရင်လည်း ကျော်ကြားတဲ့ ဘုန်းတော်ကြီးတွေရဲ့ သီတင်းသုံးစရာ ကျောင်းတော်တွေ ပျက်စီးသွားတာကို ပြုပြင်ဖို့အတွက် တဦးတည်း ကျောင်းဒါယကာ၊ ဒါယိကာမကြီးအဖြစ် လေးစားချီးကျူးခံရတဲ့ ဂုဏ်၊ သံသရာကနေ လွတ်မြောက်ဖို့ စေတီတွေ၊ ဘုရားတွေတည်ပြီး ဘုရားအမ၊ ကျောင်းအမကြီးအဖြစ် ခံယူမယ့် ဂုဏ်၊ ဒီလို ဂုဏ်ပုဒ်တွေကို ရရှိဖို့ သူ့ထက်ငါ အပြိုင်အဆိုင် လှူကြတန်းကြပါတယ်။ ဒီအလှူတွေဟာ သံဃာတော်တွေ အေးချမ်းစွာ သီတင်းသုံးနိုင်ဖို့နဲ့ ဟောကြားကြတဲ့ တရားတော်တွေအတိုင်း ပစ္စည်းလေးပါး အလှူကနေ ရရှိမယ့် ကုသိုလ်ထူးတွေကို မျှော်ရည်ကြတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်သတိချပ်ရမှာကတော့ သံသရာအကျိုးဆက်တွေကို မျှော်ရည်ကြရင်း လက်တွေ့နဲ့ မကင်းကွာသွားဖို့ပါ။

အညာဒေသမှာ ငလျင်ဒဏ်ကြောင့် ဘဝပျက်သွားသူတွေ အများကြီး ရှိပါတယ်။ ပင်စင်စားအဘိုးရဲ့ အိမ်ကလေး မနေရဲတော့အောင် ပျက်စီးသွားရတယ်။ စီးပွားရေးပျက်ကပ်ကြောင့် မပြင်နိုင်တဲ့ အိမ်ကလေးထဲက မိသားစုတွေဟာ ငလျင်အလှုပ်မှာ အုတ်ပုံအောက် ပိသွားရတယ်။ လူသိနည်းတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေနဲ့ မပြုပြင်နိုင်တဲ့ ဗလီတွေ ပြိုကျလို့ ဒုက္ခများကြရရှာတယ်။ ကိုယ်ထူကိုယ်ထ ရပ်ကွက်ကယ်ဆယ်ရေးအသင်းကလေးမှာ စက်ပစ္စည်းတွေ မစုံလင်လို့ အချိန်မီ မကယ်လိုက်နိုင်တဲ့ အသက်တွေ များခဲ့တယ်။ လိုအပ်တဲ့ အသုံးအဆောင်တွေ မဝယ်နိုင်လို့ မြေကို လက်ဗလာနဲ့ ယက်ရင်း အသက်ကယ်ခဲ့ကြရတယ်။ ဒီလို မပြည့်စုံမှုတွေကို ကျမတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုပါတယ်။

သာသနာသုံးရပ် တည်မြဲဖို့နဲ့ ပြန့်ပွားဖို့ လိုအပ်တဲ့ နေရာကို လှူကြတန်းကြရ၊ ဒါနပြုကြရမှာပါ။ ဒါပေမဲ့လည်း မိမိ လှူလိုက်တဲ့အလှူဟာ တကယ်ရော လိုအပ်ရဲ့လား၊ တခြား ဘယ်နေရာကို လှူလိုက်ရင် အများအတွက် အဆပေါင်းများစွာ အကျိုးရှိသွားမလဲဆိုတာကိုလည်း သာဓုမခေါ်ခင် ချင့်ချိန်ပေးကြစေချင်ပါတယ်။

ဘာသာရေးအလှူတွေဟာ သံသရာအတွက် အကျိုးရှိတဲ့၊ ထူးမြတ်တဲ့ ကုသိုလ်တွေ ရတယ်လို့ တရားတွေမှာ ဟောပြောတယ်ဆိုရင် လိုအပ်နေတဲ့သူတွေကို ကူညီခြင်းဟာလည်း အင်မတန်မွန်မြတ်ပြီး ဘဝပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။​ အလှူငွေကောက်ခံတဲ့ အဖွဲ့အစည်းတွေကလည်း ပြည်သူ့ငွေကို ငွေစက္ကူဝေပေးသလိုမဟုတ်ဘဲ ပြည်သူအားလုံးကိုယ်စား အမြော်အမြင်ရှိရှိ၊ စနစ်တကျနဲ့ လှူဒါန်းကူညီပေးဖို့ လိုပါတယ်။​

ပရဟိတဟာ ‘ဆေးမြီးတို’ ဆိုသည့်တိုင်အောင် ပင်မပြဿနာကို ဖြေရှင်းနေကြဆဲကာလမှာ ဆေးမြီးတိုကလည်း အစွမ်းထက်ဖို့ လိုအပ်ပါတယ်။ အခုလို ‘ပြန်လည်ထူထောင်ရေးကာလ’မှာ ကျမတို့အားလုံးရဲ့ ကူညီငွေတွေဟာ အဟုတ်အမှန် အကျိုးရှိရှိ စီးဆင်းနိုင်ဖို့ စိစစ်သင့်ပါပြီ။ ဂုဏ်မလုကြဘဲနဲ့ ပြည်သူလူထုတရပ်လုံးက ဂုဏ်ပြုချင်စရာအကောင်းဆုံး အလှူဖြစ်အောင် အဓိကနဲ့ သာမညကို ပိုင်းခြားပြီး  လှူဒါန်းသင့်ပါပြီ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles