ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Rebuttal

စီဒီအမ် သို့မဟုတ် မျှော်လင့်ချက်အလင်းရောင်

စီဒီအမ်လုပ်ခဲ့တာကြောင့်မလို့ ဘဝတွေ၊ မျှော်လင့်ချက်တွေ ကြွေလွင့်ခဲ့ရတာမဟုတ်ဘဲ အတင်းအဓမ္မ အာဏာသိမ်းခဲ့ခြင်းကြောင့်သာ ပြည်သူလူထုအနေနဲ့ နောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ ရင်ဆိုင်ရတာဖြစ်ပါတယ်။

[ယခုဆောင်းပါးသည် မေ ၁၂ ရက်က ISP Column စာမျက်နှာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် နွေဦးနိုင်၏ ‘စီဒီအမ်အိပ်မက်နှင့် ကြွေလွင့်ခဲ့သောမျှော်လင့်ချက်များ’ ဆောင်းပါးကို တုံ့ပြန် ရေးသားထားခြင်း ဖြစ်ပါသည်။ ISP Column သို့ မည်သူမဆို ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး ဖော်ပြခံရသော ဆောင်းပါးများအပေါ် ပြန်လည်ချေပ ရေးသားမည့် တုံ့ပြန်ဆောင်းပါး (rebuttal article) များကိုလည်း ကြိုဆိုလျက်ရှိသည်]

မေ  ၁၂ ရက် နံနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ/သားနဲ့ ဆရာမ စုစုပေါင်း ၂၀  ကျော်သေဆုံးတဲ့သတင်းအပြီး ညနေခင်းမှာပဲ ISP-Myanmar ရဲ့ ဖေ့ဘုတ်ကနေ နွေဦးနိုင်လို့ခေါ်တဲ့ စာရေးသူတယောက်ရေးတဲ့ ‘စီဒီအမ်အိပ်မက်နှင့် ကြွေလွင့်ခဲ့ရသော မျှော်လင့်ချက်များ’ဆိုတဲ့ ဆောင်းပါးတိုကို ဖတ်မိတယ်။ အဲဒီစာရေးသူရဲ့ အာဘော်ကို ခြုံငုံသုံးသပ်ရရင် စီဒီအမ်လှုပ်ရှားမှုနဲ့ စီဒီအမ်လုပ်ခဲ့သူတွေဟာ အဖွဲ့အစည်းတခုခု၊ လူပုဂ္ဂိုလ်တဦးဦးရဲ့ ဆွဲဆောင်မှုကြောင့် ဖြစ်ပေါ်ခဲ့သယောင် ဆိုထားပါတယ်။ ဒါ့အပြင် စီဒီအမ်တွေကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ ပျက်စီးခဲ့သယောင်၊ လူမှုဘဝတွေ ပျက်ခဲ့သယောင် ပြောဆိုထားပါသေးတယ်။ နောက်ဆုံးတခုအနေနဲ့ပြောရရင် စီဒီအမ်လှုပ်ရှားမှုသာမရှိရင် ကျောင်းသား-ဆရာ ပူးပေါင်းမှုရှိတဲ့ မြေပေါ်သမဂ္ဂအဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ပေါ်နိုင်ပါတယ်ဆိုပြီး ဆိုလိုက်သေးရဲ့။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဆိုတော့ကား အဲဒီစာရေးသူပြောသလို ဟုတ်ပါရဲ့လား၊ ဟုတ်နိုင်သလားဆိုတာ ဝေဒနာကို အခြေမခံဘဲ ဒေတာနဲ့ ချေပချင်ရဲ့ဗျာ။ ပထမဦးဆုံး အစိုးရနဲ့ စီဒီအမ်လှုပ်ရှားမှု ဘယ်ဟာအရင်ပေါ်ပေါက်ခဲ့လဲ ဆန်းစစ်ရင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်မှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စီဒီအမ်လှုပ်ရှားမှုတွေဟာ ဖေဖော်ဝါရီလ ပထမပတ်ကတည်းက စတင်အားကောင်းနေပြီဖြစ်ပါတယ်။ နောက်တခုအနေနဲ့က စီဒီအမ်လှုပ်ရှားမှုနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေဟာ ရေနဲ့ ကြာလိုပါပဲ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံနဲ့အဝန်းသာ စီဒီအမ်လို ဆန့်ကျင်မှုတွေမရှိခဲ့ဘူးဆိုရင် NUG ဆိုတာလည်း ပေါ်လာမှာမဟုတ်သလို ဘယ်လိုတော်လှန်ရေး အင်အားစုတွေမှ တောင့်တောင့်တင်းတင်း ပေါ်လာနိုင်စရာ မရှိပါဘူး။ ဒါကြောင့်မလို့ စီဒီအမ်လုပ်ခဲ့သူတွေဟာ အဖွဲ့အစည်းတခုခုရဲ့ စေ့ဆော်မှုကြောင့် ပေါ်ထွက်ခဲ့တာမဟုတ်ဘဲ အဲဒီအဖွဲ့အစည်းတွေသာလျှင် စီဒီအမ်လှုပ်ရှားမှုကြောင့် အားကောင်းမောင်းသန် ဖြစ်လာရတာပါပဲ။ 

အဲဒီစာရေးသူက ဒီလိုလည်းဆိုထားပါရဲ့။ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေဟာ စီဒီအမ်လှုပ်ရှားမှုကြောင့် ယိုယွင်းပျက်စီးခဲ့ပါတယ်တဲ့။ တကယ်တော့ အာဏာသိမ်းမှုနှောင်းပိုင်းကာလတွေမှာ စီဒီအမ်ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ မြေပြင်တမျိုး၊ အွန်လိုင်းတဖုံ ဒုက္ခတွေ အမျိုးမျိုးအကြားကနေ ပြည်သူ့ဝန်ကို ဆက်ထမ်းခဲ့ကြတာပါ။ DVB သတင်းဌာနရဲ့ ၂၀၂၄ ခုနှစ် သတင်းတွေအရ အမျိုးသားညီညွတ်ရေးအစိုးရဟာ သုံးနှစ်တာကာလအတွင်း စီဒီအမ်ဝန်ထမ်းအင်အားနဲ့ ဆေးရုံပေါင်း ၇ဝဝ ကျော်ဖွင့်နိုင်ပြီး လူနာ ၁၁ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ် MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာဆိုရင်လည်း စီဒီအမ်ကျန်းမာရေးဝန်းထမ်းတွေရဲ့ အကူအညီနဲ့ လားရှိုးဆေးရုံကို လည်ပတ်ခဲ့တာ အားလုံးအသိပါပဲ။ ပညာရေးဘက်ကို ကြည့်အုံးမလား။ ကချင်မှာ ပထမဆုံး ဘာသာရပ်စုံတက္ကသိုလ် ဖွင့်နိုင်တာတွေ၊ ကရင်နီမှာ ကျောင်းပေါင်း ၄၅ဝ လောက် ဖွင့်နိုင်ခဲ့တာတွေ၊ ဒါတွေအားလုံးဟာ စီဒီအမ်တွေရဲ့ လုပ်အားတွေပါပဲ။ 

အဲသလိုလုပ်ရပ်တွေကို ကြည့်တာနဲ့ စီဒီအမ်လုပ်ခဲ့သူတွေဟာ တိုင်းပြည်ကို ဒုက္ခတွင်းထဲ ပို့ခဲ့သူတွေမဟုတ်ဘဲ ပြည်သူ့ဝန်ကိုနိုင်တာထက် ပိုထမ်းခဲ့သူတွေလို့တောင် ဆိုချင်ပါသေးတယ်။ တနည်းအားဖြင့်ပြောရရင် စီဒီအမ်ဝန်ထမ်းတွေကြောင့်သာလျှင် ပြည်သူ့အခြေပြု ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ အားကောင်းမောင်းသန်ဖြစ်လာပြီး အာဏာသိမ်းမှုကြောင့် အရုပ်ကြိုးပြတ်ဖြစ်သွားတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အသက်ရှူချောင်သွားရတာပါ။ 

ဆိုတော့ တိုင်းပြည်ရဲ့ ပညာရေး၊ စီးပွားရေးကို အမှန်တကယ် ဘယ်သူဖြိုခဲ့လဲဆိုတာ ကြည့်ရအောင်ပါ။ စစ်ကောင်စီဟာ ငါနဲ့မတူ ငါ့ရန်သူ သဘောထားပြီး စီဒီအမ်တွေကို ခန့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂလိကဆေးရုံတချို့နဲ့ ကိုယ်ပိုင်ကျောင်းတွေကို ချိတ်ပိတ်ခဲ့ပါသေးတယ်။ တိုင်းပြည်ရဲ့ ကျန်းမာရေးကို ဖျက်ဆီးတာ ဘယ်သူလဲဆိုတာကို ပြောပြဖို့ရာ သက်သေပေါင်းများစွာရှိပါရဲ့။ ကိုဗစ်ကာလမှာပဲ ကာကွယ်ရေးလုပ်ငန်းတွေ ကြပ်ကြပ်မတ်မတ် လုပ်ရမယ့်အစား သင်္ဂြိုဟ်စက်တွေကိုသာ ဦးစားပေးဆောက်နေတဲ့အကြောင်း Myanmar Now သတင်းတပုဒ်မှာ ရှုနိုင်ပါရဲ့။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်မှာ ဖြစ်သွားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းမှာလည်း စစ်ကောင်စီဟာ မကူညီတဲ့အပြင် နိုင်ငံတကာကလာတဲ့ အရေးပေါ်ပစ္စည်းတွေကို တတ်နိုင်သမျှ ပိတ်ဆို့ပြီး ရေနစ်သူကို ဝါးကူထိုးလိုက်ပါသေးတယ်။ ဒါတင်ဟုတ်ရိုးလား။ လောလောလတ်လတ်ဖြစ်သွားတဲ့ စစ်ကိုင်းငလျင်အတွင်းမှာတောင် ဇာတ်ဆရာတို့က ပြည်သူကို ဗုံးကြဲမပျက်ပါပဲ။ ဆိုတော့ကား ဘယ်သူက တိုင်းပြည်ရဲ့ ကျန်းမာရေး၊ ပညာရေးကို ဖျက်ဆီးလဲဆိုတာ လယ်ပြင်မှာ ဒိုင်နိုဆောသွားသလို ရှင်းနေပါရဲ့ဗျာ။ 

စီဒီအမ်သာ မရှိရင် ဆရာ-ကျောင်းသား ပူးပေါင်းပြီး ကျောင်းသားသမဂ္ဂ အားကောင်းနိုင်ပါတယ်တဲ့။ သမဂ္ဂအဆောက်အအုံကို ဖျက်ဆီးခဲ့သူတွေဆီကနေ သမဂ္ဂအားကောင်းဖို့ဆိုတာ လူမသေဖူးတဲ့အိမ်ကနေ မုန်ညင်းဆီ တောင်းသလိုပါပဲ။ သမဂ္ဂရဲ့ မူရင်းအနှစ်သာရကိုက ‘လွတ်လပ်စွာ တွေးတောကြံဆခြင်းနှင့် ထုတ်ဖော်ပြောဆိုရေးသားခြင်း’လို့ ဆိုထားပါတယ်။ မတရားမှုကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့လို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ ပထမဆုံး ကျဆုံးခဲ့ရသူက ကျောင်းသူတယောက်ဖြစ်တဲ့ မမြသွဲ့သွဲ့ခိုင်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒါတင်လားဆိုတော့ အာဏာသိမ်းမှုအစောပိုင်းကာလတင် ပညာရေးဝန်ထမ်းပေါင်းများစွာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြမိလို့ ဖမ်းဆီးထောင်ချခံရ၊ သတ်ဖြတ်ခံရတာတွေဟာ အများကြီးပါပဲ။ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွား၊ နောက်နေ့ အလောင်းပဲ ပြန်ရတာတွေ၊ စီဒီအမ်လုပ်လို့ သေဒဏ်ပေးခံရ၊ တသက်တကျွန်းကျခံရတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အဖြစ်တွေကို နေ့စဉ်သတင်းတွေမှာ မြင်နိုင်ကြားနိုင်ပါရဲ့။ ဆိုတော့ လှောင်အိမ်ထဲမှာ ပိတ်ထားတဲ့ စစ်ကောင်စီအာဏာရပ်ဝန်းမှာ လွတ်လပ်ခွင့်ကို အားပေးတဲ့ သမဂ္ဂအားကောင်းဖို့ စိတ်ကူးဟာ လေထဲမှာ တိုက်အိမ်ဆောက်သလိုပါပဲ။ 

ခြုံငုံပြောရရင် စီဒီအမ်လုပ်ခဲ့တာကြောင့်မလို့ ဘဝတွေ၊ မျှော်လင့်ချက်တွေ ကြွေလွင့်ခဲ့ရတာမဟုတ်ဘဲ အတင်းအဓမ္မအာဏာသိမ်းခဲ့ခြင်းကြောင့်သာ ပြည်သူလူထုအနေနဲ့ လူနောက်ဆက်တွဲ လူမှုစီးပွားပြဿနာတွေ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ တကယ်တော့ စီဒီအမ်လှုပ်ရှားမှုဟာ အဲဒီစာရေးသူ ပြောခဲ့သလို မျှော်လင့်ချက်တွေ ကျိုးပဲ့ခဲ့စေတာမဟုတ်ဘဲ အာဏာသိမ်းမှုကြောင့် အမှောင်ကျခဲ့တဲ့တိုင်းပြည်ဆီ အလင်းရောင်ယူဆောင်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်သာ ဖြစ်ပါကြောင်း…။

ကိုးကားစာရင်း 

Burmese, R. (2024, August 20). Midaa ထိန်းချုပ်ဒေသမှာ ကျန်းမာရေးကဏ္ဍကို CDM ဝန်ထမ်းတွေနဲ့လည်ပတ် Radio Free Asia. https://share.google/d9jacEbWPGoJzU5D4

DVB. (2021, February 19). CDM တွင် ပါဝင်သည့် အင်္ဂပူ ရပ်ကျေးစာရေးများကို စစ်ဆေးအရေးယူမည်ဟု စာထုတ်၊  http://ftp.dvb.no/post/444989

DVB. (2023, February 27). ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင်ကျင်းပ၊ https://share.google/euExEIUMCrk3cMYyq

DVB. (2024a, June). ကရင်နီဒေသတွင် တော်လှန်ရေးအင်အားစုများက ကျောင်းပေါင်း ၄၅ဝ နီးပါး ဖွင့်လှစ်၊ https://share.google/TdCQNjb4JWYTpLTf9

DVB. (2024b, June). ဆေးရုံ ဆေးခန်း ၇ဝဝ ကျော်ဖြင့် လူနာ ၁၁ သိန်းကျော်ကို Nug က ကုသစောင့်ရှောက်ခဲ့ https://share.google/SdKMS1Ejp2jIsIdBw

Ghoshal, D., Mcpherson , P., & Kongkunakornkul, P. (2025, April 25). Exclusive: Myanmar junta defies quake ceasefire to continue deadly attacks, data shows | reuters. Reuters. https://www.reuters.com/world/asia-pacific/myanmar-junta-defies-quake-ceasefire-continue-deadly-attacks-data-shows-2025-04-25/

Human Rights Myanmar. (2024, December 20). Myanmar’s militarisation of Education. https://humanrightsmyanmar.org/myanmars-militarisation-of-education/

Human Rights Watch. (2023, June 20). Myanmar: Junta blocks lifesaving cyclone aid. https://www.hrw.org/news/2023/06/20/myanmar-junta-blocks-lifesaving-cyclone-aid

Myanmar Now. (2021, August 2). မြန်မာနိုင်ငံတွင် ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် လူ ၆ဝဝဝ သေဆုံး . https://myanmar-now.org/mm/news/7665/

News, K. (2024, August 14). တော်လှန်ရေးတွင် အဓိကပါဝင်နေသည့် အင်အားစုသည် ပညာရေးအင်အားစုဖြစ်ဟု Nwg ပြော ကေအိုင်စီ – KIC News. https://share.google/hDQNWzQOz4B7BcMr9

Radio Free Asia. (2022, July 21). CDM ပညာရေးဝန်ထမ်း ၂ဝဝ ကျော် ဖမ်းဆီးခံရ၊၂၄ ဦး သေဆုံး. https://share.google/japHTIV8Fu9hFGlkE

၁၉ လပြည့် Nug ကို သုံးသပ်ခြင်း ဧရာဝတီ. (2022, November 21). https://burma.irrawaddy.com/article/2022/11/21/256121.htmlစစ်ကောင်စီက မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တာ ၁ နှစ်ပြည့်ပြီ. ဧရာဝတီ. (2022, February 9).  https://burma.irrawaddy.com/news/2022/02/09/249728.html

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles