ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စီဒီအမ်အိပ်မက်နှင့် ကြွေလွင့်ခဲ့သောမျှော်လင့်ချက်များ

ကြွေလွင့်သွားရတဲ့ မျှော်လင့်ချက်တွေကို တစစီ လိုက်ကောက်နေရတဲ့ စီဒီအမ်ပြည်သူတွေအတွက် နောက်ထပ်အိပ်မက်အသစ်ကို ဘယ်လိုထုဆစ်ပေးနိုင်မလဲဆိုတာ စိန်ခေါ်မှုတခုအဖြစ် လက်ခံနေရပါတော့တယ်။

မြန်မာစကားမှာ ‘အစကောင်းမှ အနှောင်းသေချာ’ဆိုတဲ့ ဆိုရိုးတခုရှိပါတယ်။ နွေဦးတော်လှန်ရေးကျတော့ အစကောင်းခဲ့တာ မှန်ပေမဲ့ အနှောင်းကတော့ စိန်ခေါ်မှုကု​ဋေကုဋာနဲ့ အခုအချိန်အထိ မသေချာသေးဘူးရယ်။ လက်နက်မဲ့ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နဲ့ စခဲ့ကြပေမဲ့ လပိုင်းအကြာမှာပဲ တူမီးသေနတ်နဲ့ လက်လုပ်ဗုံးကို ပြောင်းကိုင်ခဲ့ရပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြောင်းလဲခရီးဆက်ခဲ့ရတဲ့ နွေဦးဖြစ်စဉ် လေးနှစ်ကျော် ကာလတလျှောက်မှာ စီဒီအမ်ဆိုတဲ့ Civil Disobedience Movement လှုပ်ရှားမှုဟာ ထောက်ပြစရာ ကွဲလွဲမှုတွေ မြောက်မြားစွာရှိခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ အခုတင်ပြလိုတဲ့ကဏ္ဍဟာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို လုံးဝငတ်မွတ်ခဲ့ရတဲ့ စီဒီအမ်ပြည်သူတွေရဲ့ ကြွေလွင့်ကုန်ခဲ့ရတဲ့ မျှော်လင့်ချက်တွေအကြောင်း ဖြစ်ပါတယ်။ 

‘ရုံးမတက်နဲ့ ရုန်းထွက်’ဆိုလို့ စစ်အာဏာရှင်လက်အောက်က အစိုးရဝန်ထမ်း လေးသိန်းကျော် စွန့်ခွာခဲ့ကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အဲဒီလေးသိန်းကျော်ထဲမှာ ပညာရေးနဲ့ ကျန်းမာရေး ဌာနကြီးနှစ်ခုက အများဆုံးပါဝင်ခဲ့ပါတယ်။ ပညာရေးဌာနက ဆရာ၊​ ဆရာမတွေ နှစ်သိန်းကျော် ပါဝင်ပြီး ငါးသောင်းကျော်က ကျန်းမာရေးဌာနက ဆရာဝန်နဲ့ ဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။ ပညာရေးဝန်ထမ်း နှစ်သိန်းကျော်မှာ ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တာကြောင့် အမျိုးသမီးနှစ်သိန်းနီးပါး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရတာပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

သူတို့ဟာ အစိုးရဝန်ထမ်းတွေဖြစ်ခဲ့တာကြောင့် အခြားအသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိခဲ့ပါဘူး။ အဲဒီကျွမ်းကျင်မှုတွေကို စီဒီအမ်ခေါ်တဲ့သူတွေက ဖြည့်ဆည်းနိုင်ခဲ့ပါသလား။ အလုပ်လက်မဲ့ဖြစ်ပြီး အထူးသဖြင့် မြို့ပြနေဝန်ထမ်းတွေ ဘဝပျက်ခဲ့ရတာကတော့ အရှိတရား ဖြစ်ပါတယ်။ အဲဒီလို စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် တော်လှန်ရေးဟာ တိုးတက်ခဲ့သလား၊ ဆုတ်ယုတ်ခဲ့သလား ပြန်ကြည့်ရမှာဖြစ်ပါတယ်။ အဲဒီလိုတော်လှန်စိတ်ရှိသူ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ဆိုတဲ့အင်အားသာ ကျောင်းထဲမှာ ဒီနေ့အထိ ရှိနေသေးရင် ကျောင်းသားသမဂ္ဂတွေနဲ့ ဒီဆရာတွေ ပေါင်းဆုံမိကြဦးမှာပါ။ ဒါဆို မြေပေါ်နိုင်ငံရေးဟာ ဒီနေ့အထိ အားကောင်းမောင်းသန်ရှိနေဦးမှာ အသေအချာပါပဲ။ ပြီးတော့ စီဒီအမ်မလုပ်ထားတဲ့ ဖရဲသီးတွေ အများကြီးရှိနေရင်ရော ပိုမကောင်းဘူးလား။ 

တိုင်းပြည်ရဲ့ ပင်မသွေးကြောကြီးနှစ်ခုဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ ပြိုကျလုနီးနီးဖြစ်ခဲ့ရတာဟာ တိုင်းပြည်နဲ့ လူထုအတွက် ကြီးမားလှတဲ့ဆုံးရှုံးမှုကြီးတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ပြည်သူတွေ ပြန်ရခဲ့တာကတော့ မြို့ပြမှာ အိမ်ငှားဘဝနဲ့ နေထိုင်နေရတဲ့ဆရာမတွေ ဈေးထဲမှာ ကုန်စိမ်းရောင်းသူရောင်း၊ မဲဆောက်မှာ ပလုံကောက်တဲ့သူက ကောက်၊ ကေတီဗီရောက်တဲ့ဆရာမက ရောက်နဲ့ ဘဝတွေအားလုံး အနာဂတ် ပျောက်ခဲ့ရတာပါပဲ။ ဆရာ၊ ဆရာမတွေတင်ပဲလား။ ကျောင်းသားတွေကရော။ ကြည့်လိုက်တော့ နိုင်ငံရေးစိတ်ပြင်းပြတဲ့မိဘတွေက ကျောင်းမထားတော့တဲ့အတွက် စစ်မှုထမ်းဥပဒေရဲ့ခြိမ်းခြောက်မှုကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။ အဲဒီအတွက်ရော စီဒီအမ်ခေါ်တဲ့သူတွေ ဘာလုပ်ပေးနိုင်သလဲ။

ပိုဆိုးတာက Non CDM တွေကို အရေးယူမယ်တို့၊ စွန့်ပစ်မယ်တို့၊ အသိအမှတ်မပြုဘူးတို့ဆိုတဲ့ ခြိမ်းခြောက်ဟိန်းဟောက်မှုတွေပါပဲ။ ဥပမာတခုပြောရရင် ဆရာမတယောက်ကို စီဒီအမ်မလုပ်လို့ဆိုပြီး အိမ်ရှေ့အထိလာပြီး ဗုံးနဲ့လာပစ်တာ ဗုံးမကွဲလို့ အသက်ဘေးက လွတ်ခဲ့ရတယ်။ နောက်မှ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးရဲ့ ဆွေမျိုးမှန်းသိလို့ တောင်းပန်တယ်။ ဒါဆို တခြား မထင်မရှားသူတွေဆိုရင် တောင်းပန်ဖို့ မလိုဘူးလား။​ စီဒီအမ်ဆိုတာ လက်နက်ကိုင်တော်လှန်ရေးရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး။ လက်နက်မဲ့အကြမ်းမဖက်လမ်းစဉ်ရဲ့ နည်းနာတခုပဲဖြစ်ပါတယ်။ ပြောချင်တာက စစ်ကောင်စီနဲ့လည်း တိုက်ရိုက်မပတ်သက်၊ နိုင်ငံရေးလည်း နားမလည်၊ နီးရာဓား ကြောက်ရသမို့ စီဒီအမ်လည်း မလုပ်ဝံ့။ ဒီလိုမျိုး အကာအကွယ်မဲ့တဲ့ပြည်သူတွေကို စီဒီအမ်မလုပ်တာတခုတည်းနဲ့ Social Punishment လုပ်တာ၊ တိုက်ခိုက်တာ၊ ထိုးနှက်ဖဲကြဉ်တာ မှားတယ်လို့ မထင်ဘူးလား။ အန်ယူဂျီနဲ့ ပလဲနံပသင့်တဲ့ ဆယ်လီအဆိုတော် တယောက်ကဆိုရင် နန်းစီဒီအမ်တွေကို ခြံခတ်ထားရမယ်လို့တောင် ပြောခဲ့ပါတယ်။ စီဒီအမ်လှုပ်ရှားမှုဟာ တော်လှန်ပြည်သူတွေအထဲမှာ သဘောထားတွေ အများကြီးကွဲလွဲစေတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဦးကလူတွေအနေနဲ့ မူဝါဒပြတ်သားဖို့ လိုပါတယ်။ မြို့ပြအင်ဂျင်နီယာလည်း လုပ်ချင်တယ်၊ တောကျောင်းဆရာလေးလည်း လုပ်ချင်တယ်တော့ လုပ်လို့မရပါဘူး။ 

အချုပ်အားဖြင့်ပြောရရင် စီဒီအမ်သာမလုပ်ခဲ့ရင် ဘာတွေဆုံးရှုံးသွားမှာလဲ၊ စီဒီအမ်လုပ်မိလို့ ဘာတွေဆုံးရှုံးခဲ့ရသလဲ၊ အကျိုးအမြတ်ရော ဘာတွေရလိုက်သလဲ။ နိုင်ငံရေးဦးဆောင်မှုဆိုတာ မြေပြင်အခြေအနေနဲ့ ဘယ်တော့မှကင်းကွာလို့မရပါဘူး။  စွန့်လွှတ်စွန့်စား ဘ၀အပျက်ခံပြီး တော်လှန်ရေးမှာ ပါဝင်ကြသူတွေကို လေးစားအသိအမှတ်ပြုရမှာပါ။ ဒါပေမဲ့ မျှော်လင့်ချက်အမှားတွေနဲ့ လုပ်ဟန်အလွဲတွေကြောင့် နစ်နာခဲ့ရသူတွေအတွက် တာဝန်ယူ၊ တာဝန်ခံတတ်တဲ့သူတွေ ရှိဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင် အမြဲတစေခေါင်းရှောင်နေတတ်တဲ့ စစ်အာဏာရှင်တွေနဲ့ ဘာခြားတော့မှာလဲ။ အခုတော့ ကြွေလွင့်သွားရတဲ့ မျှော်လင့်ချက်တွေကို တစစီ လိုက်ကောက်နေရတဲ့ စီဒီအမ်ပြည်သူတွေအတွက် နောက်ထပ်အိပ်မက်အသစ်ကို ဘယ်လိုထုဆစ်ပေးနိုင်မလဲဆိုတာ စိန်ခေါ်မှုတခုအဖြစ် လက်ခံနေရပါတော့တယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles