ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဗျူဟာမြောက် မြန်မာ့မြေရှား အိန္ဒိယဆီ သွားနိုင်မလား

မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က မျက်စိကျနေချိန်မှာ ကွတ်အုပ်စု (Quad) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရင်းအမြစ်ပြုပြင်ရေး၊ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိပြီး ဗျူဟာမြောက် တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယဟာ မြန်မာအတွက် စတုတ္ထအကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သလို မြန်မာ့သွင်းကုန်စျေးကွက်မှာလည်း ပဉ္စမနေရာမှာ ရှိနေပါတယ်1။ အိန္ဒိယစီးပွားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံအထိ တိုးတက်လာပါတယ်2။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာလည်း အိန္ဒိယဟာ ၁၁ နိုင်ငံမြောက် အများဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယစီးပွားရေးလုပ်ငန်း ၃၉ ခုကနေ အမေရိကန်ဒေါ်လာ ၇၈၂ သန်းကျော် ရင်းနှီးမြှုပ်နှံထားပါတယ်3။ ဒီတိုးတက်မှုတွေကြောင့်လည်း အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ပိုတိုးချဲ့ဖို့အပြင် မြေရှားသတ္တုတွေ တင်ပို့ဖို့ကိုပါ စဉ်းစားလာကြတာပါ။ တကယ်သာ ဖြစ်လာခဲ့ရင် မြန်မာရဲ့ မြေရှားသတ္တုတင်ပို့မှုတွေဟာ တနိုင်ငံတည်းမှာ စုပုံနေမှာမဟုတ်ဘဲ ဖြန့်ထွက်လာမှာဖြစ်သလို မြေရှားရရှိရေးအတွက် တရုတ်အပေါ် အိန္ဒိယရဲ့ မှီခိုရမှုအတိုင်းအတာကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတွက် အိန္ဒိယဘူမိဗေဒစစ်တမ်းဌာနက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တခုဟာ မြန်မာနိုင်ငံကို လာရောက်ပြီး မြေရှားသတ္တုတူးဖော်ရေးမှာ မြန်မာ့သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်4။ အိန္ဒိယအစိုးရပိုင် အိန္ဒိယမြေရှားလီမိတက် (IREL) ကုမ္ပဏီကလည်း အခုနှစ်အစောပိုင်းတုန်းက မြန်မာပြည်ကနေ မြေရှားနမူနာတွေ စုဆောင်းခဲ့ပြီး အကျိုးအမြတ် ချင့်ချိန်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်5

မြေရှားသတ္တုတွေအပါအဝင် အရေးပါတဲ့ ဓာတ်သတ္တုတွေဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးပန်းတိုင်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အိန္ဒိယရဲ့ အစိမ်းရောင်စွမ်းအင် ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ အခရာကျပါတယ်။ အိန္ဒိယအတွက် တရုတ်နိုင်ငံဟာ အဓိက မြေရှားတင်သွင်းရာ ရင်းမြစ်ဖြစ်ပြီး မြေရှားသွင်းကုန် ၈၁ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကနေလာတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး အိန္ဒိယရဲ့ မြေရှားတင်သွင်းမှုပမာဏဟာ နှစ်စဉ်တိုးတက်မှုနှုန်း (CAGR) အရ နှစ်စဉ် ၁၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ဒီအထဲက ရှစ်ရာခိုင်နှုန်းအထိဟာ တရုတ်မြေရှားတွေ ဖြစ်ပါတယ်6။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဧပြီလကစပြီး တရုတ်နိုင်ငံကနေ မြေရှားသတ္တုသံလိုက် တင်သွင်းမှုတွေ ပြတ်တောက်သွားပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ဒီမြေရှားသံလိုက်တွေကို လျှပ်စစ်မော်တာ၊ လေရဟတ်၊ ဆေးဘက်ဆိုင်ရာကိရိယာတွေနဲ့ ကာကွယ်ရေးနည်းပညာတွေမှာ အသုံးများပါတယ်။ အခု မြေရှားသွင်းကုန် ပြတ်တောက်မှုကြောင့် အိန္ဒိယထုတ်လုပ်သူတွေဟာ သိုလှောင်ရေးပြဿနာတွေ၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သွင်းကုန်တင်ပြချက်တွေကို တရုတ်အာဏာပိုင်တွေက ဆိုင်းငံ့ထားတာ၊ လုပ်ထုံးလုပ်နည်းအရ နှောင့်နှေးနေတာတွေနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ်ရုံးမှာ မကြာသေးခင်ကပဲ ဆန်းစစ်ခဲ့ကြပါတယ်။ မြေရှားသတ္တုအတွက် အရင်းအမြစ်တခုတည်းအပေါ် မှီခိုနေရတာကို လျှော့ချဖို့နဲ့ အခြား ကိုယ်ပိုင်ထောက်ပံ့ရေး ကွင်းဆက်တခုကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီအားထုတ်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ ၂၀၂၅ ခုနှစ်မှာ အိန္ဒိယက နိုင်ငံတော်အဆင့် အရေးကြီးသတ္တုဆိုင်ရာ လုပ်ငန်းအဖွဲ့ (National Critical Mineral Commission) ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံအတွင်း ထိရောက်မှုရှိတဲ့ မူဘောင်တခုဖန်တီးဖို့နဲ့ တရုတ်အပြင် အခြားနိုင်ငံတွေကနေ မြေရှားတင်သွင်းနိုင်ရေး လေ့လာဖို့ ဖြစ်ပါတယ်7။ ဒါ့အပြင် အိန္ဒိယမှာ ကမ္ဘာ့တတိယအကြီးဆုံး မြေရှားသတ္တုသိုက်တွေ ရှိပြီး မြေရှားတန်ချိန် ၆ ဒသမ ၉ သန်းအထိ တူးဖော်ထုတ်လုပ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပါသေးတယ်။ ကမ္ဘာ့ကမ်းရိုးတန်း စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းအထိရှိတဲ့အပြင် မြေရှားသတ္တုအတွက် အရေးပါတဲ့ ရင်းမြစ်တွေဖြစ်တဲ့ သဲသောင်ပြင် သယံဇာတ (sand minerals) တွေလည်း ရှိနေပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မြေရှားအရေးမှာ အိန္ဒိယအဖို့ တရုတ်အပေါ် မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားနေချိန်မှာပဲ စာရေးသူရဲ့ ဇာတိဖြစ်တဲ့ အနောက်ဘင်္ဂလားပြည်နယ်လောက်ရှိတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တုတွေကို အဟန့်အတားမရှိ ထောက်ပံ့လာနိုင်မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်ပိုင်းနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းအရ စဉ်းစားစရာ အချက်နှစ်ခု ရှိလာပါတယ်။ ကျင့်ဝတ်ပိုင်းမှာ အိန္ဒိယဟာ မြန်မာစစ်ကော်မရှင်ကို ကျော်လွန်ပြီး သူတို့ကို ပုန်ကန်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တိုက်ရိုက်ထိတွေ့ဖို့ ရှိလာပါတယ်။ အိန္ဒိယဟာ ပုံမှန်အားဖြင့် နိုင်ငံတော်မဟုတ်တဲ့ အုပ်စုတွေ (non-state actor) နဲ့ တရားဝင်ဆက်ဆံရေးကို သတိကြီးကြီးထားတတ်ပါတယ်။ ဒီအုပ်စုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ လုပ်ဖို့ဆိုရင်တော့ ပိုပြီးတော့ အကဲဆတ်တတ်ပါတယ်။ ဒါပေမဲ့ ၁၉၈၀ ပြည့်နှစ်တွေတုန်းကတော့ အိန္ဒိယအရှေ့မြောက်ပိုင်းက ပြည်တွင်းပုန်ကန်မှုတွေကို တန်ပြန်ဖို့အတွက် KIA ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ဆက်ဆံခဲ့ဖူးပါတယ်။ KIO ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်းဟာ အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ခဲ့သလို ထောက်ပံ့ပို့ဆောင်ရေးနဲ့ သံတမန်ရေးရာ ထောက်ပံ့မှုတွေရခဲ့ပြီး အိန္ဒိယမြို့တော်မှာ ကချင်ရေးရာရုံးကိုပါ ဖွင့်လှစ်နိုင်ခဲ့ပါတယ်8။ ဒါ့အပြင် အိန္ဒိယအစိုးရဟာ လက်ရှိမှာ အာဖဂန်နစ္စတန်မှာ တာလီဘန်နဲ့ တရားဝင်ဆက်ဆံနေပါတယ်။ ၂၀၀၁ ခုနှစ် ဆောင်းရာသီအရောက်မှာ ပါကစ္စတန်နယ်စပ်ကို ဆုတ်ခွာသွားခဲ့တဲ့ တာလီဘန်တွေရဲ့ အစောပိုင်းငါးနှစ်အုပ်ချုပ်မှုအတွင်း ရန်လိုမှုရှိခဲ့ပေမဲ့ အခုအချိန်မှာ တရားဝင် ဆက်ဆံနေတာပါ9

မြေရှားသတ္တုတွေကို ကချင်ပြည်နယ်ကနေ ရယူရာမှာ နောက်ထပ်စိန်ခေါ်မှုရှိတာကတော့ သယ်ယူပို့ဆောင်ရေးကိစ္စပါ။ တရုတ်မဟုတ်တဲ့ မိတ်ဖက်တွေအတွက် စီးပွားရေးအရ အကျိုးအမြတ်ရှိတဲ့ မြေရှားသတ္တုတင်ပို့မှု လုပ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေဟာ မြန်မာနိုင်ငံမှာ လုံးဝမရှိသလောက်ပါပဲ။ ထုတ်ယူထားတဲ့ သတ္တုကုန်ကြမ်းတွေ၊ တစိတ်တပိုင်း ပြုပြင်ထားတဲ့ မြေရှားသတ္တုတွေကို အဆင့်မြင့်သန့်စင်နိုင်တဲ့ စွမ်းရည် မရှိတာကလည်း ပြဿနာတခု ဖြစ်ပါတယ်။ အထူးသဖြင့် တန်ဖိုးနည်းတဲ့ သတ္တုကုန်ကြမ်းတွေကို စစ်မက်ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်မြေတွေကတဆင့် ဝေးလံခေါင်သီတဲ့ သန့်စင်ရေးနေရာတွေဆီ ပို့ဆောင်ရဖို့က ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကနေ မြေရှားသတ္တုတွေကို စဉ်ဆက်မပြတ် ပို့ဆောင်နိုင်ဖို့အတွက် ခိုင်မာတဲ့ အခြေခံအဆောက်အအုံ၊ အကောက်ခွန်စည်းမျဉ်းနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေသာ တည်ဆောက်နိုင်မယ်ဆိုရင် မဟာဗျူဟာမြောက် အကျိုးများမှာ ဖြစ်ပါတယ်။ မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က မျက်စိကျနေချိန်မှာ ကွတ်အုပ်စု (Quad) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရင်းအမြစ်ပြုပြင်ရေး၊ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ကိုးကားချက်များ

  1. Embassy of India, Yangon, Myanmar, June 2025, Bilateral Cooperation:
    https://embassyofindiayangon.gov.in/pages/NDUx#:~:text=Commercial%20Cooperation:%20India%20has%20been,captured%2060
    %25%20of%20Myanmar’s%20market. ↩︎
  2. Consulate General of India, Sittwe, Myanmar, July 2025, General and Bilateral Brief: India-Myanmar: https://www.cgisittwe.gov.in/page/india-myanmar-relations/#:~:text=The%20bilateral%20trade%20stands%20at,captured%2060%25%20of%20Myanmar’s%20market. ↩︎
  3. ET Bureau, The Economic Times, February 2025, Myanmar seeks to expand investment, trade ties with India: https://manufacturing.economictimes.indiatimes.com/news/industry/myanmar-seeks-to-expand-investment-trade-ties-with-india/118478628 ↩︎
  4. ET Bureau, The Economic Times, February 2025, Myanmar seeks to expand investment, trade ties with India: https://manufacturing.economictimes.indiatimes.com/news/industry/myanmar-seeks-to-expand-investment-trade-ties-with-india/118478628 ↩︎
  5. Amara Thiha, New Security Beat, August 2025, Northern Myanmar’s Rare Earths Are Shaping Local Power and Global Competition: https://www.newsecuritybeat.org/2025/08/northern-myanmars-rare-earths-are-shaping-local-power-and-global-competition/#:~:text=China%20has%20imposed%20a%20series,volatility%20to%20resource%2Ddriven%20arrangements ↩︎
  6. Saswata Chaudhury, The Energy and Resources Institute, May 2025, How India could cut its reliance on China for rare earth minerals: https://scroll.in/article/1082531/how-india-could-cut-its-reliance-on-china-for-rare-earth-minerals ↩︎
  7. Melissa Pistilli, Investing News Network, February 2025, Rare Earths Reserves: Top 8 Countries https://investingnews.com/daily/resource-investing/critical-metals-investing/rare-earth-investing/rare-earth-reserves-country ↩︎
  8. Raisina Debates, Observer Research Foundation, October 2020, India’s Kachin connection in Myanmar: https://www.orfonline.org/english/expert-speak/indias-kachin-connection-in-myanmar ↩︎
  9. Observer Research Foundation, November 2005, The Taliban turns its attention on India: https://www.orfonline.org/research/the-taliban-turns-its-attention-on-india#:~:text=It%20was%20not%20difficult%20to,activism%22%20in%20India’s%20Afghan%20policy. ↩︎

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles