ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဆက်သွယ်မှုကျိန်စာသင့် ရခိုင်ပြည်

ပြည်သူထောက်ခံမှုရှိနေတဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ဆက်သွယ်ရေးလိုင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စတဲ့ ဆက်သွယ်ရေး နား၊ မျက်စိတွေကို ရခိုင်ပြည်သူတိုင်း လက်လှမ်းမီစေဖို့ (ဆိုးကျိုးမဖြစ်စေဘဲ) လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရအောင် ကြိုးပမ်းသင့်ပါတယ်။

အဆင့်မြင့်ဆက်သွယ်ရေးနည်းပညာတွေနဲ့ ကမ္ဘာကြီးက တဟုန်ထိုး အမြင့်ပျံတက်နေချိန်မှာပဲ မြန်မာနိုင်ငံအတွင်းမှာတော့ ဆက်သွယ်ရေးလိုင်းတွေနဲ့ပတ်သတ်ပြီး အစိုးရအဆက်ဆက် ဖိနှိပ်ခံရတဲ့ ပြည်နယ်တခု ရှိနေပါတယ်။ အဲဒီပြည်နယ်ကတော့  ရခိုင်လူမျိုးတွေနဲ့ တခြားလူမျိုးစုံ မှီတင်းနေထိုင်ကြတဲ့ အာရက္ခပြည် (ခေါ်) ရခိုင်ပြည်ပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်း နေထိုင်ကြတဲ့  ပြည်သူတွေအနေနဲ့  အရပ်သားဒီမိုကရေစီအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ လက်ထက်တုန်းကလည်း နှစ်နဲ့ချီပြီး အင်တာနက်ဖြတ်တောက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ကြရသလို ရခိုင်ပြည်သိမ်းတိုက်ပွဲဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာလည်း စစ်ကောင်စီက ဆက်သွယ်ရေးကွန်ရက်တွေကို အဓိကထား ဖြတ်တောက်ခဲ့ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ရခိုင်ပြည်သိမ်းတိုက်ပွဲတွေ ဆင်နွှဲရင်း ရခိုင်ကမြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်လာတဲ့ အာရက္ခတပ်တော်(AA) ကလည်း သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အားလုံးကို ပိတ်ပင်ထားပြီး ဂြိုဟ်တုဆက်သွယ်ရေးလိုင်းဖြစ်တဲ့ Starlink အင်တာနက်သုံးစွဲခွင့်ကိုပါ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။

NLD နဲ့ စစ်ကောင်စီတို့ဟာ ဗမာလူမျိုးအများစုနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရခိုင်ပြည်နဲ့ ရခိုင်လူထုကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ သူတို့ကျူးလွန်တဲ့ မတရားဖိနှိပ်မှုတွေကို သတင်းထိမ်ချန်ဖို့ ကြိုးပမ်းတာလို့ ယေဘုယျအားဖြင့် ရခိုင်လူထုက လက်ခံမှတ်ယူကြပါတယ်။

ဒါပေမဲ့ ရခိုင်လူထုရဲ့ ထောက်ခံမှု၊ ထောက်ပံ့မှုတို့နဲ့ တော်လှန်ရေးကြီး အောင်မြင်လာတဲ့ အာရက္ခတပ်တော်ကလည်း ရခိုင်ပြည်တွင်း သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖွင့်လှစ်ပေးလို့ရနိုင်တဲ့ အခြေအနေနဲ့ အခွင့်အာဏာ ရှိပေမဲ့ ကန့်သတ်ပိတ်ပင်ထားတာက ရခိုင်ပြည်သူတွေကို ကမ္ဘာကြီးနဲ့ အဆက်ထပ်ဖြတ်ဖို့ ကြိုးပမ်းတာလားလို့ စဉ်းစားစရာ ရှိလာပါတယ်။ 

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြိုနယ် ခြောက်ခုနဲ့ အထက်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း တချို့ကို ၂၀၂၄ ခုနှစ် အစောပိုင်း ခြောက်လအတွင်း ဖွင့်ပေးခဲ့တာတွေ ရှိပေမဲ့ လေကြောင်းအန္တရာယ်ကို အကြောင်းပြပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကတည်းက လုံးဝပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ပိတ်ပင်တာဟာ လေကြောင်းအန္တရာယ်တခုတည်းအတွက်ထက် ပိုတယ်လို့ ယူဆနိုင်ပါတယ်။ လေကြောင်းအန္တရာယ်ကို ကြိုတင်ကာကွယ်လိုတာ၊ စစ်မှုထမ်းကိစ္စနဲ့ နောက်ဆက်တွဲပြဿနာတွေ မပေါက်ကြားစေချင်တာ၊ အုပ်ချုပ်ရေးယန္တရားက အားနည်းမှုတွေကို လူသိရှင်ကြား မဝေဖန်စေချင်တာ၊ လက်ရှိ စစ်ရေးအရှိန်ကို မလျော့ကျစေချင်တာ၊ ဆက်သွယ်ရေးတွေကို ချုပ်ကိုင်ရာကနေ ဝင်ငွေ ရှာလိုတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ ကနဦး ကောက်ချက်ချမှတ်နိုင်ပါတယ်။

ဆက်သွယ်ရေးက ဝင်ငွေရှာယူခြင်းလို့ဆိုတာမှာ ရခိုင်ပြည်တွင်း အင်တာနက်သုံးစွဲခွင့်ကို လုံးလုံးလျားလျား ပိတ်ပင်ထားတာမျိုး မဟုတ်ဘဲ AA ကနေ အခကြေးငွေယူပြီး ဖွင့်လှစ်ထားတဲ့ Starlink စက်တွေကနေ ထိန်းချုပ်မြို့နယ်တချို့မှာ ခွင့်ပြုထားတာ ရှိပါတယ်။ အဲဒီလို ခွင့်ပြုထားရာမှာလည်း အစောပိုင်းမှာ ULA/AA အရာရှိတချို့နဲ့ ဆက်နွှယ်သူတချို့ကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့တာကို တွေ့ရပါတယ်။ အင်တာနက် သုံးစွဲခအနေနဲ့လည်း ၂၀၂၅ ခုနှစ် နှစ်ဝက်လောက်အထိ VIP နဲ့ ရိုးရိုးအဖြစ် အဆင့်နှစ်မျိုး သတ်မှတ်ထားခဲ့ပါတယ်။ VIP ဆိုရင် တလစာ ကျပ်လေးသိန်း၊ တနာရီ ကျပ်တသောင်းနဲ့ သုံးစွဲရပြီး ရိုးရိုးဆိုရင် တနာရီ ငါးထောင်ကျပ် ပေးသွင်း သုံးစွဲခဲ့ရပါတယ်။ ဒါကြောင့် Starlink စက်ရှိတဲ့ နေရာတခုမှာ တရက်ကို အနည်းဆုံး လူနှစ်ရာလောက် သုံးစွဲခွင့်ပေးခဲ့တဲ့အတွက် ULA အတွက် တလမှာ ကျပ်ငွေ သိန်းထောင်နဲ့ချီပြီး ရရှိခဲ့ပါတယ်။ အဲဒီလို ငွေကြေးတောင်းခံတာ၊ ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်ထားတာနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတချို့ရဲ့ ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာတော့ တနာရီကို အင်တာနက်သုံးစွဲခ နှစ်ထောင်ကျပ်အဖြစ် ဇူလိုင် ၁၅ ရက်နေ့က စပြီး တပြေးညီ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက် သုံးစွဲခွင့်နေရာတွေကို တိုးချဲ့သတ်မှတ်ပေးတာ၊ အစိုးရတရပ်အနေနဲ့ အခမဲ့ပြည်သူ့ဝန်ဆောင်မှုပေးတာမျိုးမဟုတ်ဘဲ ဝေဖန်မှုတွေများလာလို့ ဈေးအနည်းငယ်ချပေးတာ ဖြစ်တဲ့အတွက် ပြည်သူကို ပျားရည်နဲ့ဝမ်းချရုံသာ ဖြစ်တယ်လို့ ရှုမြင်တာတွေ ရှိခဲ့ပါတယ်။ 

ဒါ့အပြင် ULA/AA ရဲ့ အမှတ်-၂ နည်းပညာဌာနက ဇွန် ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြဋ္ဌာန်းချက်တခုမှာလည်း Starlink အသုံးပြုလိုတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ AA ထံကို တလမှာ အနည်းဆုံးကျပ်ငွေ ၁၀ သိန်းပေးပြီး ငှားရမ်း ရရှိနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဝယ်ယူသုံးစွဲချင်တယ်ဆိုရင် ULA/AA ရဲ့ နည်းပညာဌာနဆီကနေ ခွင့်ပြုချက် ဒါမှမဟုတ် ပိုင်ဆိုင်ခွင့်လိုင်စင် ယူရမှာ ဖြစ်ပါတယ်။ ဒါဟာ အလုံးစုံနီးပါး ပိတ်ပင်ထားရာကနေ ပြန်လည်ဖွင့်ပေးလာတာ ဖြစ်ပေမဲ့ ဒီပြဋ္ဌာန်းချက်ကနေ ပြည်သူတွေ ကောင်းကျိုးခံစားရမလား ဆိုတာက ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။ အရင်လိုပဲ ULA/AA နဲ့ နီးစပ်သူတွေကပဲ ချုပ်ကိုင်ထားမလား၊ အကျိုးစီးပွား ခံစားရမလား၊ ပြည်သူတွေရော အသီးအပွင့်ခံစားရမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ 

လေကြောင်းအန္တရာယ်ကြောင့်လို့ အကြောင်းပြပြီး ဆက်သွယ်ရေးလိုင်းတွေကို ပိတ်ပင်တင်းကျပ်ထားပေမဲ့ ရခိုင်ပြည်က ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ သံတွဲ၊ အမ်း၊ စစ်တွေ၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းကို တိုက်ခိုက်ခဲ့ပါတယ်။ အစောပိုင်းမှာ ဆက်သွယ်ရေးလိုင်းတွေကို ပိတ်ပင်ခဲ့တာကြောင့် အာရက္ခပြည်သူအတွင်းက ဆင်းရဲ၊ ချမ်းသာ၊ ကျောင်းသူ၊ ကျောင်းသား၊ လူငယ်မရွေး ပြည်သူလူထုအားလုံးနီးပါးကို ထိခိုက်မှု အနည်းအများ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်း ဖြေလျှော့မှုတွေ ရှိလာပေမဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စစ်ဒဏ်ကြောင့် အစစအရာရာ ကျိုးကြေနေတဲ့ ရခိုင်ပြည်က ပြည်သူတွေအနေနဲ့ ဒီဖြေလျှော့မှုတွေကို ဘယ်လောက်အထိ လက်လှမ်းမီနိုင်ပါ့မလဲ၊ ဘယ်လောက်အထိ လွတ်လပ်မှုရှိရှိ အသုံးပြုခွင့် ရပါ့မလဲဆိုတာက မေးခွန်းအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ 

ပြည်သူထောက်ခံမှုရှိနေတဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ဆက်သွယ်ရေးလိုင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စတဲ့ ဆက်သွယ်ရေး နား၊ မျက်စိတွေကို ရခိုင်ပြည်သူတိုင်း လက်လှမ်းမီစေဖို့ (ဆိုးကျိုးမဖြစ်စေဘဲ) လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရအောင် ကြိုးပမ်းသင့်ပါတယ်။ ပြည်သူကို မျက်နှာမူနေသလား၊ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်နိုင်ခွင့်ကို လက်ဝါးကြီး အုပ်ထားသလားဆိုတာကို Starlink အင်တာနက်အသုံးပြုမှုဆိုင်ရာ ပြဋ္ဌာန်းချက်အပေါ် ULA/AA ရဲ့ အကောင်အထည်ဖော်ပုံတွေကနေ မှတ်ကျောက်တင်သွားရမှာ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles