ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

အိုးစားဖက်ကို ဘယ်လိုရွေး

စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။

‘စစ်ဆင်ရေး ၁၀၂၇’ စတင်လိုက်ချိန်မှာ စစ်ကော်မရှင်ဟာ အချိန်တိုအတွင်းဆုံးရှုံးမှုတွေ ကြီးခဲ့ပါတယ်။ မြို့တွေလက်လွှတ်ရတယ်။ တိုင်းစစ်ဌာနချုပ်တွေ ကျခဲ့ပါတယ်။ အဲဒီနောက်တော့ တရုတ်အပါအဝင် အင်အားကြီးနိုင်ငံတချို့ရဲ့ အကူအညီနဲ့ စစ်ရေး၊ သံတမန်ရေး ဖိအားပေါင်းစုံပြန်ပေးပြီး ခုခံရပ်တည်ခဲ့ပါတယ်။ ဒီလိုခုခံရာမှာ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တပ်တွေရဲ့ အကူအညီနဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်တာလည်း ပါပါတယ်။ 

ဒါပေမဲ့ ပြည်သူ့စစ်တိုင်း၊ နယ်ခြားစောင့်တပ်တိုင်းနဲ့တော့ စစ်ကော်မရှင်ဟာ စစ်အတူမတိုက်ပါဘူး။ ရှမ်းတောင်ပိုင်းကို ကြည့်ရင်ပိုသိသာပါတယ်။ ပြည်သူ့စစ်အဖွဲ့ပေါင်းများစွာ၊ စစ်ကော်မရှင်ကိုတိုက်ခိုက်မနေတဲ့ တပ်ဖွဲ့များစွာရှိတဲ့ ဒီနယ်မြေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA နဲ့ပဲ ပူးပေါင်းပြီး လက်နက်နဲ့ နည်းပညာ အကူအညီတွေပေးခဲ့ပါတယ်။ ရုရှားကရတဲ့ ဒရုန်းနည်းပညာနဲ့ စစ်သင်တန်းတချို့ကိုပါ PNO က ရခဲ့ပါတယ်။ တချိန်မှာ PNO က ဒီနည်းပညာနဲ့ လက်နက်တွေယူပြီး သူ့ကို ပြန်မတိုက်နိုင်ဘူးဆိုတဲ့ တွက်ကိန်းကြောင့်သာ ဒါတွေကို စစ်ကော်မရှင်က ခွင့်ပြုပေးထားတာပါ။ အခြားပြည်သူ့စစ်တွေလည်း ရှိပါလျက်နဲ့ တချိန်မှာ ပြန်တိုက်ခိုက်ခံရမှာကို မပူဘဲ စစ်ကော်မရှင်က PNO နဲ့ စစ်အတူတွဲတိုက်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ ဆိုတာကို ဒီဆောင်းပါး အကြောင်းပြချက် သုံးခုနဲ့ ရှင်းလင်းချင်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ပထမတချက်ကတော့ စစ်ကော်မရှင်နဲ့ PNO/PNA မှာ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး (patron-client relationship) နက်ရှိုင်းစွာ တည်ရှိနေခြင်းပါ။ အပစ်ရပ်ပြီးချိန်ကစပြီး PNO ဟာ ဟိုပုန်း၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထိန်းချုပ်ခဲ့ပါတယ်။ PNO ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ PNA တပ်ရင်း-၄ ရဲ့ တပ်ရင်းမှူးတာဝန်ယူထားတဲ့ ဦးနေဝင်းထွန်းဟာ PNO ရဲ့ စီးပွားရေးတာဝန်ခံ ဖြစ်လာပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၄ ခုနှစ်မှာ PNA ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာပါတယ်။ ၁၉၉၁ ခုနှစ် အပစ်ရပ်ပြီးစမှာပဲ ဦးနေဝင်းထွန်းဟာ ပတ္တမြားနဂါးကုမ္ပဏီတည်ထောင်ပြီး ကျောက်စိမ်းတူးဖော်ခွင့်ရခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၀၄ ခုနှစ်အထိ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်တို့မှာ ကျောက်စိမ်းလုပ်ကွက်ပေါင်း ၁၅၂ ခုအထိ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ တန်ချိန် ၃,၀၀၀ ကျော်တဲ့ ကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်ကို လှူဒါန်းခဲ့ပါသေးတယ်။ တူးဖော်ရေးမှာသာမကပဲ ကျောက်မျက်ရောင်းဝယ်ရေးမှာလည်း ကျောက်စိမ်းနဂါးကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ကျောက်မျက်လုပ်ငန်းသာမက ဟိုတယ်လုပ်ငန်း၊ ခရီးသွာလုပ်ငန်း၊ ဝိုင်လုပ်ငန်း၊ စားသောက်ကုန် စသည်ဖြင့် နိုင်ငံတဝန်း ဈေးကွက်ဖြန့်ကြက်ထားတဲ့ ကုမ္ပဏီ ၁၁ ခုကို ထူထောင်ထားပါတယ်။ ဒီလို စစ်အာဏာရှင်နဲ့ စီးပွားရေးလုပ်ပိုင်ခွင့်အကျိုးအမြတ်တွေ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတာက PNO/PNA အတွက် PNLO လို စစ်ကော်မရှင်ကို စစ်ရေးအရ ပြန်လည်တိုက်ခိုက်ဖို့ ခက်ခဲစေပါတယ်။ တိုက်ခိုက်ခဲ့ရင် နိုင်ငံအနှံ့ဖြန့်ကြက်ထားတဲ့ စီးပွားရေးအင်ပါယာတခုလုံးကို ရပ်တန့်ပစ်ရမယ့် စိန်ခေါ်ချက်ရှိပါတယ်။ ဒီဆက်နွှယ်ချက်ကပဲ PNO/PNA ကို စစ်မြေပြင်မှာ အတူတွဲတိုက်ဖို့အတွက် စစ်ကော်မရှင်က ရွေးချယ်ရတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

အကျိုးစီးပွားအရ စစ်ကော်မရှင်နဲ့ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး ရှိနေတာ PNO/PNA တဖွဲ့တည်းတော့ မဟုတ်ပါဘူး။ ရှမ်းတောင်မှာဆို ကယန်းပြည်သစ်ဟာလည်း စစ်ကော်မရှင်နဲ့ ဒီလိုဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ စစ်ကော်မရှင်က စစ်မြေပြင်မှာ အတူတွဲတိုက်ဖို့ လက်နက်နဲ့ နည်းပညာတွေ ထောက်ပံ့တာမျိုး မရှိပါဘူး။ ဒါဟာ အခုဖော်ပြမယ့် ဒုတိယအကြောင်းအရင်းကြောင့်လို့ ဆိုနိုင်ပါတယ်။ PNO/PNA ဟာ ပအိုဝ်းဒေသအတွင်းမှာ ကျေးရွာအဆင့်အထိ သူ့ရဲ့ဩဇာအာဏာကို ခြေကုပ်ယူထားနိုင်လို့ပါ။ ဒါဟာ စစ်ကော်မရှင်အာဏာမသိမ်းခင်ကတည်းကပါပဲ။ PNO ဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲသုံးခုလုံးမှာ ပအိုဝ်းဒေသအတွင်း မဲအနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရရုံမက ဒေသတွင်းမှာလည်း ကျေးရွာအဆင့်ထိ အာဏာခြေကုပ်ယူနိုင်စွမ်း (power consolidation) ရှိပါတယ်။  အာဏာမသိမ်းခင်ကာလမှာ ပအိုဝ်းဒေသအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒေသခံရွာသားတွေက မဲပေးရွေးချယ်ရပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အစီရင်ခံရတဲ့ ကျေးရွာအုပ်စုတာဝန်ခံတွေကိုတော့ PNO/PNA က တိုက်ရိုက်ခန့်အပ်ပါတယ်။ PNO/PNA က မကြည်ဖြူဘဲ၊ လွှတ်မပေးဘဲ ကျေးရွာအဆင့်မှာ ဘာအပြောင်းအလဲမှ အကောင်အထည်မဖော်နိုင်ဘူးဆိုတဲ့ သဘောပါ။ အာဏာမသိမ်းခင်ကာလမှာ ဒေသတွင်းက ကောင်ရွေလူမှုကွန်ရက်လို၊ ကမ္ဘောဇလူငယ်စာဖတ်အသင်းလို အရပ်ဘက်အဖွဲ့တွေက လူထုလှုပ်ရှားမှုတွေ၊ ရက်တိုသင်တန်းတွေကတဆင့် လစ်ဘရယ်စံတန်ဖိုးတွေကို ဒေသတွင်းဆီ ယူဆောင်လာပါတယ်။ ဒီနည်းနဲ့ PNO ရဲ့ အာဏာခြေကုပ်ကို အတိုင်းအတာတခုအထိ စိန်ခေါ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုနောက်မှာတော့ ဒီအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း မှေးမှိန်သွားပြီး ကျေးရွာအုပ်စုအဆင့်သာမက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပါ PNO/PNA က တိုက်ရိုက်ခန့်အပ်လာပါတယ်။ ဒီလိုနဲ့ ဒေသတွင်းမှာ PNO/PNA က ပြိုင်ဘက်ကင်း အာဏာပိုင်ဖြစ်လာပါတယ်။ ကယန်းပြည်သစ်ကတော့ ဒီလိုမဟုတ်ဘဲ စိုးမိုးလှုပ်ရှားနေတဲ့ ဒီးမော့ဆိုအနောက်ခြမ်းနဲ့ မိုးဗြဲလို ဒေသတွေမှာ KNDF၊ IEC တို့ရဲ့ ဩဇာကို မလွန်ဆန်နိုင်ဘဲ ညှိနှိုင်းတပ်စွဲထားရပါတယ်။ PNO/PNA ကတော့ ကျေးရွာအဆင့်မှာ တင်းပြည့်ကျပ်ပြည့် အာဏာခြေကုပ်ယူထားနိုင်ပါတယ်။ ဒါကပဲ စစ်ကော်မရှင်အတွက် ဒီဒေသမှာ သူ့ရဲ့ တိုက်ဖော်တိုက်ဖက်အဖြစ် ရွေးချယ်ဖို့ အကြောင်းအရင်းဖြစ်ပါတယ်။

စစ်ကော်မရှင်နဲ့ အကျိုးစီးပွားအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေးလည်းရှိ၊ ဒေသတွင်းမှာလည်း အပြည့်အဝ အာဏာခြေကုပ်ယူထားနိုင်ပေမဲ့ ဝ,တပ်ဖွဲ့ UWSP/UWSA ကိုတော့ စစ်ကော်မရှင်က စစ်မြေပြင်မှာ သူရဲ့ အိုးစားဖက်အဖြစ် ယုံကြည်ပုံမပေါ်ပါဘူး။ ဒါက မြန်မာစစ်တပ်ဟာ သူရဲ့ နိုင်ငံရေးဇာတ်ညွှန်း (political agenda) ကိုကျော်ပြီး အရေးဆိုတဲ့ အင်အားစုတွေကို မိတ်ဖက်အဖြစ် မသတ်မှတ်တာကြောင့်ပါ။ ၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းက လက်ရှိ ၁၇၁ စစ်ဒေသထဲ ဝ,တပ်တွေ ဝင်ရောက်လာပြီး ပြန်မထွက်တော့တာ၊ ‘စစ်ဆင်ရေး ၁၀၂၇’ မှာ ဟိုပန်နဲ့ ပန်လုံကို MNDAA ဆီက လက်ပြောင်းရယူခဲ့တာနဲ့ ဝ,ပြည်နယ် ရရှိရေးတောင်းဆိုချက်တွေဟာ စစ်တပ်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းကို ကျော်လွန်ခဲ့တာတွေပါ။ ဒါကြောင့်ပဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံနေရစဉ်မှာ အင်အားထောင်ချီတဲ့ ဝ,တပ်တွေ ‘ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက်’ ဆိုပြီး လားရှိုးမြို့ထဲ ဝင်လာတော့ စစ်ကော်မရှင်က သမိုင်းတွင်အောင် ရှုံးနေပေမဲ့ လက်မခံခဲ့ပါဘူး။ ဆန့်ကျင်ဘက်အခြေအနေကတော့ အပစ်ရပ်သဘောတူပြီးချိန်ကစလို့ အခုထိ သူ့ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်က,နေခဲ့တဲ့ PNO/PNA အပေါ်မှာတော့ စစ်ကော်မရှင်ဟာ လက်နက်နဲ့ နည်းပညာတွေ ပုံအောထောက်ပံ့ပြီး အိုးစားဖက်အဖြစ် ရွေးခဲ့ပါတယ်။ ရွေးကောက်ပွဲကာလတွေတုန်းက ဆက်တိုက်အနိုင်ရခဲ့သလို နယ်မြေတွင်းမှာလည်း ဩဇာညောင်းပေမဲ့ PNO/PNA ဟာ ဝ,တပ်ဖွဲ့လို၊ ကယန်းပြည်သစ်လို ပြည်နယ်သီးသန့်ရရှိရေး တောင်းဆိုတာမျိုး စစ်ကော်မရှင်ရဲ့ ဇာတ်ညွှန်းကိုကျော်ပြီး တခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့်ပဲ သူခြေကုပ်ယူထားတဲ့ အာဏာကိုသုံးပြီး ဒေသတွင်းမှာ ထောင်ချီတဲ့ တပ်သားသစ်တွေ စုစည်းမိတဲ့အပြင် စစ်ကော်မရှင်ကြောင့် ဒရုန်းနဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ နိုင်ငံရပ်ခြား အကူအညီတွေရခဲ့ပါတယ်။ 

အချုပ်ဆိုရရင် စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ပဏာမလေ့လာချက်မျှသာ ဖြစ်ပါတယ်။ ပိုမိုစုံလင်တဲ့ အချက်အလက်အထောက်အထားတွေနဲ့အတူ စစ်ကော်မရှင်နဲ့ စောချစ်သူတပ်တို့အကြား ဆက်ဆံရေး၊ စစ်ကော်မရှင်နဲ့ ရှမ်းနီပြည်သူ့စစ်အကြား ဆက်ဆံရေးတွေကို ယှဉ်တွဲလေ့လာဖို့ ထပ်မံလိုအပ်ပါသေးတယ်။ ဒီလိုလေ့လာရင် စစ်ကော်မရှင်ကို စစ်ရေးအရ တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေအတွက်လည်း အကျိုးကျေးဇူး နှစ်ရပ်ရနိုင်ပါတယ်။ ပထမတချက်က ရန်သူစစ်ကော်မရှင်ရဲ့ အပြုအမူ သဘောသဘာဝကို ပိုမိုကျွမ်းဝင် နားလည်လာဖို့ပါ။ ဒုတိယတချက်ကတော့ မိမိတပ်ဖွဲ့ ထိန်းချုပ်လှုပ်ရှားရာ ဒေသမှာ စစ်ကော်မရှင်နဲ့ တိုက်ခိုက်မနေတဲ့ တပ်ဖွဲ့တွေနဲ့ အငြင်းပွားမှုတွေ ရှိခဲ့ရင် မိတ်ဖက်ပဋိပက္ခလား၊ ရန်ဘက်ပဋိပက္ခလားဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *