ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဓားသွား မကြွေ၊ လှံမခွေဖို့

ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။

ISP Column ဆောင်းပါးတွေကို တောက်လျှောက်ဖတ်လာခဲ့တာမှာ ထင်ပေါ်လာလို့ သတိထားမိတဲ့အကြောင်းအရာတခု ရှိလာတယ််။ ဒါကတော့ တော်လှန်ရေးရဲ့ အမည်းကွက်ပါ။ ကျနော်ကိုယ်တိုင်ကတော့ တော်လှန်ရေးနယ်မြေထဲမှာ ရှိနေတာမဟုတ်ပေမဲ့ တော်လှန်ရေးနယ်မြေထဲကနေ ပဲ့တင်လာထပ်တဲ့ အသံတွေကို နားထောင်ရမိတာကဖြင့် စိတ်အားလျော့ဖို့ကောင်းပါတယ်။

တော်လှန်ရေးဆိုတာဟာ အမည်းကို ဖယ်ရှားပြီး အဖြူနဲ့အစားထိုးဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တခုလို့ ယေဘုယျမြင်ကြည့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်စိတ်ဓာတ်နဲ့ အမူအကျင့်တချို့ဟာ အမည်းထဲမှာပဲ ပျော်ဝင်နေကြတဲ့ပုံပါပဲ။ တော်လှန်ရေးနယ်မြေထဲကနေလာတဲ့ ဆောင်းပါးတချို့ကို နမူနာထုတ်ပြကြည့်ပါ့မယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

“စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်”

ကရင်နီစစ်ဘေးရှာင်တဦးဖြစ်တဲ့ ဆူးငယ်ငယ်ရဲ့ ဆောင်းပါးရဲ့ကောက်စာပါ။ ‘သိမ်းယူသွားသည်’ဆိုတဲ့စကားလုံးက သာမန်အားဖြင့် စစ်တပ်ဘက်က ကျူးလွန်မှုတွေမှာ တွေ့ရလေ့ရှိတဲ့စကားလုံးပါ။ အခုကိစ္စမှာတော့ တော်လှန်ရေးဘက်ကလူတွေက လုပ်ဆောင်တာပါ။ ဒါ့အပြင် စစ်တပ်ကလူတွေမရှိတဲ့ မြို့ရွာတွေမှာ အများပြည်သူပိုင် ဆိုင်ကယ်၊ ရွှေထည်၊ ငွေကြေးနဲ့ အိမ်ထောင်ပရိဘောဂတွေ ပျောက်ဆုံးနေတဲ့ကိစ္စကိုလည်း ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါသေးတယ်။

နောက်တပုဒ်ကတော့ ရခိုင်ဘက်ကအကြောင်းအရာပါ။ NLD အစိုးရလက်ထက်မှာရော၊ စစ်အာဏာသိမ်းလိုက်ချိန်မှာရော ရခိုင်ပြည်နယ်ဟာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း AA က မြို့တွေ၊ ရွာတွေ၊ နယ်မြေတွေ အများအပြားသိမ်းပိုက်နိုင်ချိန်ရောက်ခဲ့ပြန်တော့လည်း ရခိုင်လူထုကတော့ ဆက်သွယ်ရေးကျိန်စာသင့်မှုထဲမှာ ဆက်ပြီးမွန်းကျပ်နေရတဲ့အကြောင်းကို ရေးထားတာပါ။ အဲဒီအချိန်မှာပဲ AA ကတော့ဆက်သွယ်ရေးလုပ်ငန်းတွေကနေ လစဉ် ကျပ်သိန်းထောင်ချီရှိမယ်လို့ ဆောင်းပါးရှင်က ခန့်မှန်းပါတယ်။

တော်လှန်ရေးနယ်မြေထဲလာတဲ့ နောက်ထပ် ဆောင်းပါးတပုဒ်ကတော့ ‘ရယ်စရာပြောတာ မရယ်လိုက်ရဘူး’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ တော်ဝင်မောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဘဏ္ဍာငွေအကျပ်အတည်းတွေကြားထဲကနေ အရင်းအမြစ်နည်းပါးစွာနဲ့ တော်လှန်ရေးလုပ်ကြတယ်။ စာရေးသူက မရယ်ရဘူးဆိုပေမဲ့ သူ့ရဲ့စာတပိုဒ်ကိုဖတ်မိတော့ နာနာကျင်ကျင် ရယ်လိုက်မိပါတယ်။ ဆောင်းပါးမှာပါတဲ့အတိုင်းပဲ ဆွဲထုတ်ပြပါမယ်။

“တိုင်းရင်းသားဒေသမှာပဲ အခြေစိုက်တဲ့ တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့”

ဒီအကြောင်းအရာတွေကို ကြားသိရတာက တော်လှန်ရဲဘော်တွေရော၊ ပြည်သူတွေရောအတွက်တော့ မချိတင်ကဲဖြစ်စရာပါ။ လတ်တလောမှာပဲ ထွက်ရှိလာတဲ့ ဆောင်းပါးတပုဒ်ကလည်း တော်လှန်ရေးနယ်မြေထဲကပါပဲ။ လွတ်မြောက်နယ်မြေလို့ လွယ်လွယ်ခေါ်နေကြပေမဲ့ အဲဒီနယ်မြေထဲက သာမန်လူတွေအတွက် တကယ်ပဲ လွတ်မြောက်တာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ထားပြီး တော်လှန်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဝန်းအဝိုင်းထဲက အခွင့်ထူးခံစားရနေတဲ့ကိစ္စကို မီးမောင်းထိုးထားတာပါ။

ဒါတွေဟာ အကြောင်းအရာတချို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းက ပုပ်လို့ပေါ်လာတဲ့ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ လိင်အကြမ်းဖက်မှုလို၊ မူးယစ်နဲ့ လောင်းကစားလို ကိစ္စတွေ။

အခုဆို တိုင်းပြည်ဟာ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ ဒုက္ခများနေတာ ငါးနှစ်ထဲကို ဝင်လာခဲ့ပါပြီ။ အလင်းရောင်ကို ဘယ်အချိန် ပြန်ရမယ်ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စတင်ခဲ့တဲ့ စစ်ရေးအောင်ပွဲတွေဟာ ပြည်သူတွေအကြားမှာ ဖျက်ခနဲအလင်းရောင်တွေ လက်စေခဲ့ပါတယ်။ လူထုတွေအနေနဲ့တော့ ကိုယ့်ကို နင်းခြေဖျက်ဆီးထားတဲ့ စစ်တပ်ရဲ့ အရှက်တကွဲအကျိုးနည်းမှုတွေကို ကြည့်မြင်ခွင့်ရခဲ့ကြတာမို့ လက်ခုပ်လက်ဝါးတီးပြီး ကျေနပ်ခဲ့ရတဲ့ကာလပါပဲ။  ဒါပေမဲ့ စိတ်မကောင်းစရာပါ။ အောင်ပွဲတွေအထပ်ထပ်ရလာ၊ နယ်မြေစိုးမိုးမှုတွေ၊ သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေ များလာတာနဲ့အတူ တော်လှန်ရေးအုပ်စုတွေအကြား နယ်မြေအငြင်းပွားမှုတွေ၊ လူမျိုးရေး အငြိုးအတေးတွေ စတာတွေအပြင် ပြည်သူအပေါ် အနိုင်ကျင့်တဲ့ကိစ္စ ပိုပြီးကြားလာရတယ်။ ဒါ့အပြင် စစ်အောင်ပွဲတွေနဲ့အတူ တွဲပါလာတဲ့တော်လှန်အရသာချိမြမြမှာ ယစ်မူးနေမှုတွေလည်း ရှိပါသေးတယ်။

အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီဝေဖန်ထောက်ပြမှုတွေဟာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ နားထဲကို ရောက်မှ ရောက်ပါလေစပါပဲ။ လူ့သဘာဝအရမှာလည်း ထိတ်ထိတ်ကြဲအောင်မြင်နေချိန်မှာ သွားပြီးဝေဖန်တာမျိုးဟာ အရာထင်ဖို့ခက်ပါတယ်။ ဘာလို့ဆို အောင်မြင်မှုအခိုးအငွေ့တွေ ပိတ်ကာနေတတ်လို့ပါပဲ။ 

တနေ့ကပဲ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဖြစ်ရပ်တခုကလည်း အခုအကြောင်းအရာနဲ့ ချိတ်ဆက်နေပါသေးတယ်။ ဗီဒီယိုဖိုင်ကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ကိုရော ကြည့်မိဖတ်မိသလောက်ကတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ အနေအထားလို့ နားလည်ရပါတယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ စကားအချေအတင်ဖြစ်ကြတာပါ။ အိမ်ရှင်မိသားစုဘက်က မှန်တယ်လို့ မဆိုလိုပေမဲ့ စကားများတဲ့အထိ မဖြစ်စေဘဲ တစ်ဖက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရည်မွန်မွန်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်နိုင်ဖို့လိုတာတော့အမှန်ပါပဲ။ လူ့သဘာဝမို့ စိတ်တိုတတ်တာဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့ဝင်အနေနဲ့ ဒေါသကို အဆုံးစွန်ထိထိန်းထားနိုင်ဖို့ လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။ မတော်တဆ လက်ပါတဲ့အထိ ဖြစ်လာတဲ့အခါ အရင်ဆုံးနစ်နာရမှာက လက်နက်မဲ့ပြည်သူဖြစ်နေလို့ပါပဲ။ တဖက်မှာလည်း အခုလိုမျိုးကိစ္စတွေမှာ လက်ကိုင်ထားရမယ့် ကျင့်ဝတ်တွေ၊ လုပ်ထုံးစည်းမျဉ်းတွေကိုလည်း စနစ်တကျ လေ့ကျင့်ထားဖို့လည်း လိုပါလိမ့်မယ်။

မကြာသေးခင်ကာလမှာတော့ စစ်တပ်ဟာ ရှိသမျှခွန်အား၊ နည်းနာအစုံနဲ့ ထိုးစစ်တွေ ပြန်လုပ်လာပါတယ်။ လက်လွှတ်လိုက်ရတဲ့ နယ်မြေတချို့ကိုလည်း ပြန်ယူနေပါတယ်။ ဒီအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။ ဒီတော့လည်း လူထုကပေးအပ်ခဲ့တဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့နဲ့ စွန်းပေနေတဲ့ အမည်းကွက်တွေကို ဆေးကြောဖို့ မဖြစ်မနေ လိုပါလိမ့်မယ်။

စစ်တက္ကသိုလ်ဆရာဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့စာရေးဆရာလည်း ဖြစ်တဲ့ (ဦး)အောင်သင်းရဲ့ ကဗျာစာသားတချို့နဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါမယ်။
“ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ခွန်အား၊ မကိုးစားသော်
ဓားသွားကျိုးကြွေ၊ လှံသွားခွေအံ့”

တော်လှန်ရေးရဲ့ တကယ့်အောင်ပွဲဆိုတာ လက်နက်အားနဲ့ နယ်မြေကို သိမ်းပိုက်ရယူခြင်းမဟုတ်ဘဲ ပြည်သူလူထုရဲ့ နှလုံးသားကို သိမ်းပိုက်ရရှိခြင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါမယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles