ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

တော်လှန်ဘုရား အဆူဆူနှင့် နွေဦး၏ စက်ခေါင်းများ

ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။

နွေဦးသည်ကား ငါးနှစ်နီးပါး တိုင်ခဲ့ပြီ။ နွေဦးတော်လှန်ရေးကာလတလျှောက် Facebook တခွင် ပွင့်တော်မူကြကုန်သော အဆူဆူဘုရားတို့သည် ဂင်္ဂါဝါလု သဲစုမကထက်ပင် ပိုအံ့မည်ထင်။ ထိုဘုရားတို့သည် လက်မတထောက်စာ reaction ခလုတ်ကို ဗဟိုပြု၍ ထောင်သောင်းသိန်းမကသော သာဝက (follower) များဖြင့် အထူးထူးသော တန်ခိုးပြာဋိဟာအဖုံဖုံ ပြလျက်ရှိသည်။ နွေဦးသည်လည်း ကြာလွန်းသည်ပင်။ သုံးချောင်းထောင်သော လက်တို့သည် နှစ်ချောင်းက အောက်သို့ ပြန်ရုပ်သွားကာ ကျန်ရှိနေသော လက်ညှိုးကလေးတချောင်းဖြင့် သူ့ ငါထိုး၊ ငါ့ သူထိုး၍ တရားမျှတမှု အာသာဖြေတမ်း လုံးပမ်းနေကြရသည်။ ကိုယ့်အမြီးကိုယ် ပြန်မျိုမိကြသူများက တဖုံ၊ ကိုယ့်အရိပ်ကို ကိုယ်ပြန်နင်းထားသူများက တဖက်ဖြင့် ဘုံရန်သူကို မေ့လျော့ကုန်ကြရသည်။ ဤသည်တို့ကား မြန်မာ့နွေဦး၏ ကန့်လန့်ကာနောက်ကွယ်က ဇာတ်လမ်းများဖြစ်သည်။ 

တော်လှန်ဘုရားတို့သည် ပေးဆပ်မှုနှင့် အနစ်နာခံမှုကို ရေလဲသုံး၍ လူမှုကွန်ရက်တခွင်တပြင် လက်ညှိုးကလေး တတောက်တောက်ဖြင့်သာ အလုံးစုံကို သိမြင်တော်မူသောသူ၊ အရေးကိစ္စရပ်တိုင်း၏ ပြောရေးဆိုခွင့်ရှိသူ၊ မည်သို့သောအခါမှ အမှားအယွင်းမရှိသူ၊ မှောက်မှားခဲ့ပါလျှင်လည်း မှန်ကန်သည့် မှားပုံမှားနည်းကိုသာ ကျင့်သုံးသူ၊ တော်လှန်ရေး၏ မီးရှူးတန်ဆောင်ပြယုဂ်ဖြစ်သူ ထိုထိုသော ဘွဲ့ထူးများဖြင့် ပြည့်စုံကုန်လုံကြသည်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

နောက်တော်ပါ သာဝကများကလည်း ‘တို့ဘုရားထက် ဘယ်ဘုရားမှ တန်ခိုးမကြီး’ဟူသော ထုံးကို နှလုံးမူကာ ကောမန့်ဘောက်များအတွင်း သာဓု၊ သာဓု၊ သာဓု ရေရွတ်၍ ဝန်းရံရပ်တည်သည်။ ဤဘုရားများနှင့် သည်သာဝက၊ ဤသာဝကများနှင့် သည်ဘုရား ဟန်ချက်ညီညီ ခြိမ်းလားခြောက်လား၊ ဟိန်းလားဟောက်လားဖြင့် နွေဦးတလျှောက် တော်လှန်ဒေသနာများ ဖြန့်ကြက်ကြကုန်သည်။ တော်လှန်ရေးအတွက် များစွာရတက်အေးစရာပင်။ 

ခက်နေသည်ကား စာရေးသူတို့လို သာမညောင်ည ပြည်သူသားများအဖို့ကတော့ ပုဂံရောက်နေသကဲ့သို့ ဖြစ်ရသည်။ အထူးထူးသော ဒေသနာများအကြား လက်အုပ်ကလေး တချီချီ၊ တပြင်ပြင်ဖြင့် “ဒါတော့မှန်သား”၊ “ဒီလိုကျတော့ ဟုတ်တယ်နော်”၊ “ဪ..ဒါကဒီလို”၊ “ဟင်.. ဒီလိုကတော့ဖြင့် လွန်တာပေါ့” အစရှိ၍ အဖုံဖုံသော မူ၊ အစုံစုံသော လူတို့ကို ဦးခိုက်နေကြရသည်။ ဗြောက်နှင့်လူကိုလည်း ကြောက်ရသည်။ ဟောက်သည့်လူကိုလည်း ကြောက်ရသည်။ အစိုးရမင်းများကို ဆိုလျှင်ကား ပြောဖွယ်ရာပင်မရှိ။ ဖထီးတယောက်ပြောဖူးသလို “ထိတောင် မထိရဲဘူး” ဆိုသလိုဖြစ်ရသည်။ မြန်မာ့နွေဦးတော်လှန်ရေးကလည်း ထူးကဲလှသည်။ ပြောရလျှင်သာ ဂျန်ဇီးတော်လှန်ရေး။ အစိုးရမင်းများ၊ ကိုယ်စားလှယ်တော်မင်းများ၊ ကောင်စီဝင်ပုဂ္ဂိုလ်များနှင့် တော်လှန်ဘုရားများအကြားတွင် ဂျန်ဇီးရယ်လို့ တဦးမှမပါ။ ပါသည်ဆိုဦးတော့ လက်ချိုးကာရေလျှင်ပင် ထောင်ခဲ့ဖူးသည့် လက်သုံးချောင်းမှ ပြည့်မည်မထင်။

ပါဝင်မှုအကြောင်းပြောရလျှင်လည်း ပုဂံရာဇဝင်ကဲ့သို့ တုတ်ထမ်း၊ ဓါးထမ်းပြောရသည်။ အမျိုးသမီးနှင့် လူငယ်များသည် ပါဝင်မှုနှင့် ဦးဆောင်မှုကဏ္ဍတို့တွင် “ပေးကားပေး၏၊ မရ” ဖြစ်ရသည်။ ပြောလွန်းပြန်လျှင်လည်း ပါချင်လွန်းအံ့ထင်ပြီး တန်ခိုးကြီးဘုရားများနှင့် နောက်တော်ပါ သာဝကတို့က ငြိုငြင်ကြသည်။ 

ရွှေစိတ်တော်ဆိုးလျှင် အကြောင်းကြီးငယ်ဖြင့် အင်တာနက်ပေါ် တက်တက်ရေးကြသည်။ သာမညောင်ညတို့ အဆူခံကြရသည်။ တော်လှန်ဘုရားတို့ တန်ခိုးထွားကြသည်။ ဇူကာဘက်ပေးသည့် အသပြာဝင်သည်၊ ဝင်ငွေရွှင်သည်။ ငထွားကတော့ ခါးက နာမြဲနာဆဲ။

ခေါင်းဆောင်မှုအကြောင်းဆိုပါလျှင် စက်ခေါင်းအကြောင်းလည်း ဆက်ရပါဦးမည်။ မြန်မာ့နွေဦးတော်လှန်ရေးသည် လင်ကောင်မပေါ်ဘဲ မွေးသည့် ကလေးငယ်လိုဖြစ်ရသည်။ အဖေခေါ်စရာ မရှိ။ အားလုံးကတော့ ဆရာကြီးတွေ။ ငယ်စဥ်က ဖိုက်တင်ကားတွေထဲကလို နောက်ဆုံးမှာ ဆရာချည်းတွေပဲ အပြည့်။ နွေဦးဇာတ်သဘင်သည် ရှေ့ထွက်ရယ်လို့မရှိ၊ အားလုံးက လူပြည့်ရုံပြည့်မှ ဖိုက်ဖိုးသရီးတူးဝမ်း အော်ပြီး ထွက်လာချင်ကြသည့် ဇာတ်လိုက်တွေချည်းပဲ ဖြစ်နေသည်။ တော်လှန်ရေးကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ်ပိုင်စတိုင်ဖြင့် တော်လှန်ကြသည်မှာ ကမ္ဘာတွင် မြန်မာပဲရှိမည် ထင်ရသည်။ တွဲတိုင်းတွင် စက်ခေါင်းကား ပါသည်။ လိုရာတွေ မတူကြ။ စက်ခေါင်းတွေ တိုက်ကြသည်။ စက်ခေါင်းတွေ ဖိုက်ကြသည်။ စုံလင်ကွဲပြားသော လူ့အဖွဲ့အစည်းတွေအကြောင်း လေ့လာဖူးစဥ်က ဆရာကြီးတဦးက ဆိုဖူးသည်၊ “မင့်တို့ မြန်မာ့လူ့အဖွဲ့အစည်းက စုံပဲစုံလင်၊ ကွဲပဲကွဲပြားနိုင်လွန်ပါတယ်ကွာ” ဟူ၍။ 

ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။ သို့မှသာလည်း စာရေးသူဘက်တွင် အခြားအခြားသော ဘုရားများ ရှိနေလိမ့်မည် မဟုတ်ပါတကား။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles