ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ငါတို့မှာ ဘယ်သူတွေရှိသလဲ

အားနည်းချည့်နဲ့တဲ့ အင်အားစုတွေက ဘယ်လိုပဲဖြစ်ရမယ်ဆိုတဲ့ နှုန်းစံတန်ဖိုးတွေနဲ့ စည်းမျဉ်းတွေကို ဖြစ်ချင်စိတ်အခြေခံနဲ့ ပုံဖော်လို့မရပါဘူး...လူတိုင်းကတော့ ကိုယ့်နိုင်ငံကို မနက်ဖြန်သန်ဘက်ခါ ဖင်လန်လို၊ နော်ဝေလို ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ဖြစ်ချင်စိတ်အခြေခံတခုတည်းနဲ့ အချက်အလက်အခြေခံဆန်းစစ်ချက်မပါဘဲ ကြွေးကြော်နေရင်တော့ ‘ထမင်းဆီဆမ်း ရွှေလင်ပန်း’ကမှ တကယ်ရဖို့ နီးစပ်ပါဦးမယ်။

လူထုလှုပ်ရှားမှုကို ဦးဆောင်နေသူတဦးကတော့ ပြည့်အင်အား ပြည်တွင်းမှာသာ ရှိကြောင်း၊ ဘေးနိုင်ငံတွေကူမှ နိုင်မယ်ဆို အစကတည်းက တော်လှန်ရေးမလုပ်ကြောင်း ထုတ်ပြောပါတယ်။ အာဏာသိမ်းပြီးစမှာ ပထမဆုံး လမ်းမပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ၊ ပြည်တွင်းမှာ စွန့်စွန့်စားစား လှည့်လည်သွားလာရင်း လူထုလှုပ်ရှားမှုမီးရှူးကို ဆက်လက်သယ်ဆောင်နေတဲ့ လေးစားဖွယ် အတိုက်အခံခေါင်းဆောင်တဦးပါ။ သူရဲ့ နိုင်ငံတကာရေးရာနဲ့ပတ်သက်တဲ့ ဒီယူဆချက်ကတော့ လက်တွေ့မျက်တွေ့ အခြေအနေကို အကဲဖြတ်မှားရာကနေ ထွက်လာတဲ့ ကောက်ချက်လို့ ဆိုချင်ပါတယ်။ တကယ်တမ်းတော့ ကမ္ဘာ့ရေးရာ နိုင်ငံတကာအခင်းအကျင်း အပြောင်းအလဲတွေဟာ နိုင်ငံတခုစီအပေါ်၊ အစိုးရတွေအပေါ်သာမက အတိုက်အခံခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတွေအပေါ်မှာပါ သက်ရောက်မှုကြီးမားတတ်ပါတယ်။ ဒါကို ကမ္ဘာ့သမိုင်းအစဉ်အဆက်က ဥပမာတွေရော၊ မြန်မာပြည်ကိုယ်တိုင်ရဲ့ ဥပမာတွေရော ချိန်ထိုး ဆင်ခြင်နိုင်ပါတယ်။

ပါလက်စတိုင်းအရေးကိုပဲ နမူနာကြည့်ကြပါစို့။ စစ်အေးတိုက်ပွဲကာလတွေတုန်းက ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ အထောက်အပံ့တွေ၊ သူ့လူထုရဲ့ ထောက်ခံမှုတွေနဲ့အတူ အစ္စရေးအစိုးရကို ထိထိရောက်ရောက် တော်လှန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲပြီးဆုံးလို့ ဆိုဗီယက်ပြိုကွဲပြီးနောက်မှာတော့ အရင်းအမြစ်တွေ အထောက်အပံ့မရနိုင်တော့တဲ့အခါ အဲဒီကာလရဲ့ radical အကျဆုံး၊ လက်ဝဲအဆန်ဆုံး တော်လှန်ရေးတပ်ကြီးဟာ အစ္စရေးအစိုးရနဲ့ စားပွဲဝိုင်းထိုင် ညှိနှိုင်းဖို့ ဖြစ်လာပါတော့တယ်။ 

ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ပြယုဂ် မင်ဒဲလားအကြောင်းကိုလည်း တွေးကြည့်စေချင်ပါတယ်။ မင်ဒဲလားဦးဆောင်တဲ့ အာဖရိကအမျိုးသားကွန်ဂရက် ANC ဟာ စစ်အေးကာလအတွင်းမှာ လက်ဝဲယိမ်း လက်နက်ကိုင်တော်လှန်ရေးတပ်တခုပါပဲ။ သူတို့ရဲ့ ဖွဲ့စည်းပုံမှာ တောင်အာဖရိကရဲ့ စီးပွားရေးတွေကို နိုင်ငံပိုင်ပြုလုပ်ဖို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေ ရှိခဲ့ပါတယ်။ စစ်အေးတိုက်ပွဲအလွန်မှာတော့ PLO လိုပဲ အရင်းအမြစ်ထောက်ပံ့မယ့် ဆိုဗီယက်ပြည်ထောင်စု မရှိတော့တဲ့အခါ ဒီပုဒ်မတွေကိုပါ ပြင်ဆင်ပြီး လူဖြူအစိုးရနဲ့ စားပွဲဝိုင်းမှာ ညှိနှိုင်းရင်း ပြည်တွင်းပဋိပက္ခကို အဆုံးသတ်ခဲ့ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုဥပမာတွေ ရှိခဲ့ပါတယ်။ စစ်အေးတိုက်ပွဲနောက်ပိုင်း တရုတ်ကွန်မြူနစ်အစိုးရရဲ့ အကူအညီတွေ မရတော့တာက မြန်မာစစ်အစိုးရကို ကောင်းကောင်းခြိမ်းခြောက်နေခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကျဆုံးခန်းကို အဆင်းဘီးတပ်ပေးသလို ဖြစ်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲအပြီး ကွန်မြူနစ်အန္တရာယ်ကို စိုးရိမ်စရာမလိုတော့တဲ့ ထိုင်းအစိုးရကလည်း အရင်က ကြားခံဇုန် (Buffer) လိုသဘောထားပြီး နယ်စပ်မှာ နေရာပေးထားခဲ့တဲ့ မွန်ပြည်သစ်နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကို အပစ်ရပ်စဲရေး လုပ်ကြဖို့ နည်းပေါင်းစုံ ဖိအားပေးခဲ့ပါတယ်။ နယ်စပ်က စစ်ရှောင်စခန်းတွေ အတင်းအကျပ်ပြောင်းရွှေ့စေတာ၊ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံပြီး စီးပွားရေးစီမံကိန်းသဘောတူညီချက်တွေ ချမှတ်ခဲ့တာမျိုးပါ။ အဲဒီကာလ ထိုင်းအစိုးရရဲ့ ဆောင်ပုဒ်ကတော့ ‘from warzone to marketplace’ လို့ ဆိုပါတယ်။

ဘာလင်တံတိုင်းကြီး ပြိုကျတဲ့ခေတ်ကလိုပဲ အခုတော့လည်း ကမ္ဘာ့အခင်းအကျင်းက နောက်ထပ်တဆစ်ချိုးကို ပြောင်းလဲနေပါပြီ။ လစ်ဘရယ်စံတန်ဖိုးတွေ၊ ဒီမိုကရေစီတွေဟာ ခေတ်မစားတော့ဘဲ လက်ယာစွန်း လူအများကြိုက်ဝါဒတွေ ကမ္ဘာအနှံ့မှာ ခေါင်းထောင်လာကြပါတယ်။ ကျနော်တို့အပေါ် သိသာတဲ့သက်ရောက်မှုကတော့ မြန်မာ့အရေးကို ဖြေရှင်းဖို့ အနောက်နိုင်ငံတွေမှာ ဟက်ဟက်ပက်ပက် အာသီသမရှိတော့တာ၊ သူတို့ရဲ့ ငွေကြေးအကူအညီတွေ သိသိသာသာ ဆုတ်ခွာသွားတာတို့ပါ။ အဲဒါကြောင့်ပဲ ဆုတ်ခွာသွားတဲ့ အနောက်နိုင်ငံတွေနေရာမှာ တရုတ်ဟာ မြန်မာ့အရေးအတွက် ပိုပြီးထဲထဲဝင်ဝင် အင်တိုက်အားတိုက် ပါဝင်လာပါတယ်။ ငွေကြေးအကူအညီတွေ ပြတ်တောက်သွားတာကြောင့် နယ်စပ်တလျှောက်မှာတောင် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေဟာ အများကြီးခက်ခဲခဲ့ရတာ အားလုံးအသိပါ။

ဒါမျိုးက ကျနော်တို့ဆီမှာမှ ကြုံရတာ မဟုတ်ပါဘူး။ ဥရောပတတိုက်လုံးက participatory democracy ရဲ့ လက်တွေ့သက်သေပဲလို့ ဝိုင်းအမွှမ်းတင်ကြတဲ့၊ အမေရိကန်ပြည်ထောင်စုက (ရေနံတွင်းတွေလို စီးပွားရေးအကျိုးအမြတ်ကြောင့်၊ ISIS ကို တိုက်နိုင်ဖို့ စတဲ့ အကြောင်းပြချက်တွေကြောင့်) အရင်းအမြစ်တွေ ပုံအောထောက်ပံ့ထားတဲ့ ဆီးရီးယားနဲ့ တူရကီက Rojava တော်လှန်ရေးလည်း ထိုနည်းတူပါပဲ။ ဒီမိုကရေစီရဲ့ ပြယုဂ်၊ လူမျိုးကွဲ၊ ဘာသာကွဲ၊ ယဉ်ကျေးမှုကွဲသူတွေ လစ်ဘရယ်တန်ဖိုးတွေနဲ့ အတူယှဉ်တွဲနေထိုင်လို့ရကြောင်း လက်တွေ့သက်သေဖြစ်ခဲ့တဲ့ ဒီတော်လှန်ရေးဟာလည်း အခု ကမ္ဘာ့အခင်းအကျင်းရဲ့ အပြောင်းအလဲဒဏ်ကို ခံခဲ့ရပါတယ်။ ဆီးရီးယားမှာ အာဆတ်အစိုးရပြုတ်ကျပြီးနောက်၊ အမေရိကန်ပြည်ထောင်စုမှာ သမ္မတထရမ့် တက်လာပြီးနောက်မှာတော့ Rojava တော်လှန်ရေးကို ဦးဆောင်နေသူတွေဟာ ဆီးရီးယားအစိုးရသစ်နဲ့ရော တူရကီအစိုးရနဲ့ပါ စားပွဲဝိုင်းမှာ ညှိနှိုင်းဖို့ ရွေးချယ်ခဲ့ရပါတယ်။

နမူနာတွေ သက်သေတွေ တော်လောက်ပါပြီ။ ဆိုလိုရင်းကတော့ ကျနော်တို့ဟာ နိုင်ငံအနေနဲ့ ကြည့်ရင်တောင် အင်အားနည်းတဲ့ ချည့်နဲ့နိုင်ငံပါ။ အိမ်နီးချင်းတွေအတွက် မြန်မာဟာ နှစ် ၈၀ နီးပါး ပြည်တွင်းစစ်တွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ ဗြဟ္မာကြီးဦးခေါင်းလို နိုင်ငံတခုပါ။ တော်လှန်ရေးမှာဆို ပိုပြီးအကန့်အသတ်တွေ ရှိပါတယ်။ အသက်တွေ၊ အရင်းအမြစ်တွေအများကြီး ရင်းနှီးသိမ်းယူထားတဲ့ နယ်မြေတွေ ကျည်တချက်မပေါက်ဘဲ ပြန်လက်လွှတ်ခဲ့ရတာ၊ ရွေးကောက်ပွဲက တားမရဆီးမရ ဖြစ်ကိုဖြစ်တော့မှာတွေဟာ သက်သေပါပဲ။ နိုင်ငံတကာနဲ့ ဆက်ဆံရေး အခင်းအကျင်းမှာ ကျနော်တို့လို အားနည်းချည့်နဲ့တဲ့ အင်အားစုတွေက ဘယ်လိုပဲဖြစ်ရမယ်ဆိုတဲ့ နှုန်းစံတန်ဖိုးတွေနဲ့ စည်းမျဉ်း(rule of the game)တွေကို ဖြစ်ချင်စိတ်အခြေခံနဲ့ ပုံဖော်လို့မရပါဘူး။ ‘ငါတို့မှာ ငါတို့ပဲ’ ရှိချင်လို့တောင် ရှိလို့မရပါဘူး။

ကိုယ့်ထက်ပိုအင်အားကြီးတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကစားပွဲစည်းမျဉ်းတွေအပေါ် လိုက်လျှောက်ပြီး ကိုယ့်လိုလားချက်ကို အများဆုံးရအောင် မဟာဗျူဟာမြောက် စီမံတတ်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် လက်ရှိအခင်းအကျင်းကို အချက်အလက်အခြေခံပြီး မှန်မှန်ကန်ကန် အကဲဖြတ်ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ လူတိုင်းကတော့ ကိုယ့်နိုင်ငံကို မနက်ဖြန်သန်ဘက်ခါ ဖင်လန်လို၊ နော်ဝေလို ဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ဖြစ်ချင်စိတ်အခြေခံတခုတည်းနဲ့ အချက်အလက်အခြေခံဆန်းစစ်ချက်မပါဘဲ ကြွေးကြော်နေရင်တော့ ‘ထမင်းဆီဆမ်း ရွှေလင်ပန်း’ကမှ တကယ်ရဖို့ နီးစပ်ပါဦးမယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles