ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

အိုင်စီဂျေသို့ သဲတပွင့်

မတရားမှုတွေကို ကာယကံမြောက်မကျူးလွန်ခဲ့ပေမဲ့ ဒီလိုကျူးလွန်မှုတွေကို တရားဝင်စေဖို့ လူမျိုးတမျိုးအပေါ် ကျနော့်ရဲ့ ကြောက်တဲ့စိတ်၊ မုန်းတဲ့စိတ် စတဲ့ ‘ပုံသေသတ်မှတ်ချက်’တွေဟာလည်း အုတ်တချပ်သဲတပွင့် ပါဝင်အားဖြည့်နေခဲ့ကြလေရဲ့။

ပုံသေသတ်မှတ်ချက်ဆိုတာ အကြောင်းအရာတခုကို ကိုယ်ပိုင်ဉာဏ်နဲ့ အကျိုးအကြောင်း ဆင်ခြင်ခြင်းမရှိဘဲ ‘လှေနံ ဓားထစ်’ မှတ်ယူတတ်တဲ့ ယူဆချက်တွေဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ပိုင်ဉာဏ်ဆိုတာကလည်း ကိုယ်ဘယ်လောက် အမြင်ကျယ်သလဲ၊ စာပေလိုက်စားသလဲ၊ စိတ်ကို ဖွင့်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်ဟာ အကန့်အသတ်ရှိနေတာကိုလည်း ဦးစွာသတိချပ်ဖို့ လိုပါတယ်။

ပြန်ဆက်ရရင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးနဲ့ အလှအပရေးရာကိစ္စတွေမှာပါ ဒီပုံသေသတ်မှတ်ချက်အတွေးအခေါ်နဲ့ အပြောအဆိုတွေကို တွေ့ရ၊ မြင်ရ၊ ကြားရလေ့ရှိပြီး ဒီပုံသေသတ်မှတ်ချက်တွေဟာ ကနေ့အချိန်အထိ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခနဲ့ ဂျန်ဒါမညီမျှမှုတွေကို ဖြစ်ပေါ်စေတဲ့ လက်သည်တရားခံတွေ ဖြစ်နေတတ်ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီလိုဖြစ်စဉ်သာဓကတွေကို စဉ်းစားရင်းနဲ့ ဦးအောင်ခင်ရဲ့ ‘လွတ်လပ်ချင်တဲ့စိတ်နဲ့ လေလှိုင်းထဲက စာအုပ်စင်’မှာ ဖတ်ရတာလေး သွားသတိရမိတယ်။ “မြန်မာလူမျိုးတွေဟာ ကလေးတွေကို ချစ်တဲ့နေရာမှာ အတော်ဆန်းတယ်။ ငိုနေတဲ့ကလေးကို အငိုတိတ်အောင်လုပ်နိုင်သလို၊ ရယ်နေတဲ့ကလေးကိုလည်း ငိုအောင်စနိုင်ကြပြန်တယ်”လို့ သုတေသီ တဦးက မှတ်ချက်ပြုတဲ့အကြောင်း ဖြစ်ပါတယ်။ 

ဒါနဲ့ဆက်စပ်လို့ ကျနော်ငယ်ငယ်က ကြုံတွေ့ခဲ့ရတာလေးကို သတိရမိတယ်။ ‘စာသင်ကျောင်းကအပြန် အမေ့ကို အိမ်မှာမတွေ့တော့ ကျနော်တယောက် အော်ငိုရင်း အမေ့ကိုလိုက်ရှာနေတယ်။ အဲဒီအချိန် ဘေးအိမ်က ဒေါ်ဒေါ်ထွားက “ဟေ့..ဖိုးသားကြီး၊ ရွာထဲမှာ ကုလားကြီးတွေလာတယ်။ သူတို့က ငိုတဲ့ကလေးတွေကို သူတို့ဗိုက်ထဲထည့်ခေါ်သွားမှာတဲ့။ မငိုနဲ့တော့…”လို့ ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း ကြောက်ကြောက်နဲ့ အငိုရပ်သွားတယ်။ အဲဒီအချိန်က ဒေါ်ကြီးပြောတဲ့ ကုလားကြီးဆိုတာ ဖြူသလား၊ မည်းသလားလည်း ကျနော်မသိပါဘူး (ကုလားဆိုတဲ့ နာမည်နဲ့ အသုံးကို ဖြစ်စဉ်အမှန်ပေါ်လွင်အောင်အတွက်သာ သုံးခြင်းဖြစ်ပါတယ်)။ ဒါပေမဲ့ စိတ်ထဲမှာ နားလည်လိုက်တာက “ဒီလူက ငါ့ကိုတောင် ဗိုက်ထဲထည့်နိုင်တယ်ဆိုတော့ ငါကြားဖူးတဲ့ ပုံပြင်တွေထဲက ဘီလူးကြီးလို ဖြစ်မလားမသိဘူး”လို့ ကလေးအတွေးနဲ့ မှတ်ယူလိုက်ပါတယ်။ ကျနော့်ကို ငိုအောင်စချင်တဲ့အခါလည်း လူကြီးတွေက ‘ဟေ့…ကောင်လေး၊ နင့်အမေကို ထီးပြင်ကုလားကြီးက ခေါ်သွားတော့မှာ”ဆိုပြီး စကြတယ်။ ထီးပြင်ကုလားကြီး ဘယ်သူမှန်း မသိပေမဲ့ ဒီနာမည်ကို ကျနော် ခဏခဏကြားရပြီး မုန်းနေတော့တာပဲ။ ကျနော်ကြီးလာတော့လည်း ကလေးတွေကို အငိုတိတ်အောင်/ငိုအောင် ကျနော့်ကို စနောက်ခဲ့ကြတဲ့နည်းတွေကိုပဲ ကျနော်ပြန်သုံးပါတယ်။ အကျိုးဆက်က ကလေးအရွယ်မှာ နိုင်ငံရေး၊ လူမျိုးရေးတွေမသိသေးပေမဲ့ ‘ဗိုက်ရွှဲရွှဲနဲ့ ကုလားကြီး’ဆိုတဲ့နာမည်ကို ကြောက်နေကြပြီ၊ မုန်းနေကြပြီ။ နယ်မှာဆိုတော့ ကျနော်တို့က မင်းသား မီသွန်တို့ရဲ့ အိန္ဒိယမျောက်လိမ္မာ၊ ဆင်လိမ္မာကားတွေကြည့်တော့ လူကြီးတွေပြောကြတဲ့ ကုလားကြီးက ဘယ်လိုအသားရောင်ဆိုတာ ကျနော်တို့ ဇာတ်ကားထဲမှာ မြင်ဖူးလိုက်ပြီ။ ဒါ့အပြင် အဲဒီအချိန်က ကြည့်ရတဲ့ မြန်မာဇာတ်ကားတွေမှာလည်း မင်းသမီးကို ပြန်ပေးဆွဲတာနဲ့ မင်းသားကို နှောင့်ယှက်မယ့် လူကြမ်းဇာတ်ကောင်ဆိုရင် အသားညိုညိုနဲ့ အဘိုင်တို့ကို ဗီလိန်ဇာတ်ကောင်ထားကြတယ်။ ကျနော့်စိတ်ထဲမှာ ဒါတွေကိုဆက်စပ်ပြီး ဒီလူတွေက ဗီလိန်တွေပဲလို့ အချိန်အကြာကြီး မှတ်ယူခဲ့လိုက်တယ်။ ဒီလိုအဖြစ်အပျက်မျိုးက ကျနော်တယောက်တည်းလားဆိုတော့ မဟုတ်ဘူး၊ ရွာကကလေးတိုင်းလိုလို ကြုံဖူးကြတယ်။ 

ကိုယ့်တရွာပဲလားဆိုတော့ မဟုတ်ပါဘူး၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ တူညီတဲ့ဥပမာတွေ ရှိကြပါတယ်။ ဒီလိုလူမျိုးရေးအစွဲတွေနဲ့ ကြီးလာတဲ့ ကျနော်တို့ဟာ အရွယ်ရောက်တဲ့အခါမှာ အမျိုးစောင့်ဖို့ဟောတဲ့ တရားခွေတွေကို နားထောင်ကြတယ်။၂၀၁၂ ရခိုင်မှာဖြစ်သွားတဲ့ မသီတာထွေးသတင်းကို ကြားတဲ့အချိန်မှာလည်း ကျနော်တို့ဟာ သတင်းတွေကို မစိစစ်နိုင်တော့ဘဲ ဒေါသတွေထွက်ပြီး ကျနော်တို့ရဲ့ အရိုးကို ခြံစည်းရိုးကာမယ်ဆိုတဲ့သတ္တိမျိုး အပြည့်ရှိခဲ့ကြတယ်။ မိုက်ရူးရဲပြီး စစ်သွေးကြွတဲ့သတ္တိမျိုးပေါ့။ မိတ္ထီလာအရေးခင်းမှာ ကိုယ်တိုင်မပါဝင်နိုင်တာကိုပဲ နိုင်ငံ့တာဝန်မကျေလိုက်သလိုလို ခံစားခဲ့ကြတယ်။ ကျနော်တို့ရဲ့ တယူသန်သတ်မှတ်ချက်တွေကနေ အကြောက်တရားတွေ၊ အမုန်းတရားတွေ ဖြစ်လာကြတယ်။ လူမျိုးတမျိုးကို မုန်းတဲ့စိတ်ဟာ အတော့်ကို စစ်သွေးကြွပါလားဆိုတာ ကျနော် လူငယ်ဘဝမှာ ဘယ်လိုမှ မဆန်းစစ်နိုင်ခဲ့ဘူး။ ဒီလိုလူမျိုးရေးနဲ့ ဘာသာရေးမှိုင်းတွေကြောင့် တခြားဘာသာဝင်တွေ/လူမျိုးတွေအပေါ်မှာ ကြောက်စိတ်တွေနဲ့ ရန်လိုစိတ်တွေကို လူတော်တော်များများမှာ တွေ့ခဲ့ရတယ်။ ဒီဖြစ်ရပ်တွေကို ဆန်းစစ်ကြည့်ရင် ကလေးကို အငိုတိတ်အောင်ပြောတဲ့ ဟာသတွေရဲ့ အကျိုးဆက်တခုဆိုရင် ဘယ်သူတွေ လက်ခံကြမလဲ။

ကျနော်တို့ဟာ တခြားလူမျိုးစုတွေ၊ ဘာသာဝင်တွေနဲ့ပတ်သက်လို့ သေချာမသိသည့်တိုင် မကောင်းတဲ့ အချက်တွေကိုတော့ ပိုသိကြတယ်၊ ပိုစိတ်ဝင်စားတယ်။ ကောင်းတဲ့အကြောင်းပြောလာရင်လည်း မကောင်းတဲ့ အချက်တွေနဲ့ပြန်ချေပလိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျနော်တို့ဟာ  လူနည်းစုတွေရဲ့ ဖြစ်တည်မှုနဲ့ ယဉ်ကျေးမှုနောက်ခံတွေကို သေချာမလေ့လာတော့ဘဲ ‘ဒီပုတ်ထဲကပဲ ဒီပဲ’ဆိုပြီး ပုံသေသတ်မှတ်လိုက်ကြတော့တာပေါ့။ လူမှုရေးအရ ကြဉ်လိုက်ဖို့လည်း ဝန်မလေးကြတော့ဘူး။ လူမှုရေးအရ ဝေးဝေးနေတာများတော့လည်း တဖက်ကို ကျနော်တို့ရဲ့သံသယတွေနဲ့ ထင်ကြေးပေးပြီး အမုန်းစိတ်တွေ တဖြည်းဖြည်းတိုးလာနေတာမျိုးပါ။ သာမန်အချိန်တွေမှာ ဒီလိုလူမျိုးရေးခွဲခြားတဲ့စိတ်တွေဟာ မသိသာပေမဲ့ လူမျိုးရေးနဲ့ပတ်သက်တဲ့ ပဋိပက္ခတခုခုဖြစ်လာရင်တော့ ကျနော်တို့ရဲ့စိတ်တွေဟာ ယမ်းပုံမီးကျ ပေါက်ကွဲထွက်ကြတော့တာပဲ။ ဒီလိုလူတွေကလည်း ပဋိပက္ခတွေမှာ သုံးလို့ကောင်းတာမျိုးကိုး။ ကျနော်တို့တွေဟာ အများစုအင်အားကိုသုံးပြီး တခြားကွဲပြားတဲ့လူမျိုးစုတွေအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့မယ်ဆိုရင်လည်း ကျနော်တို့ကို ကာကွယ်ပေးဖို့ တရားဝင်လက်နက်ကိုင်တဲ့ အုပ်စုတွေ၊ လူအုပ်ကြီးတွေ၊ သတင်းမီဒီယာတွေ၊ စီးပွားရေးသမားတွေ ရှိနေတာဖြစ်လို့ အကြမ်းဖက်မှုကို မလုပ်ရဲစရာအကြောင်း မရှိကြတော့ဘူး။ တကယ်တော့ ဒါတွေဟာ ဥပဒေမဲ့ မတရားတဲ့လုပ်ရပ်တွေ၊ ဖိနှိပ်မှု၊ လူသားအချင်းချင်း ရက်စက်မှုတွေသာ ဖြစ်ပါတယ်။ 

ပြန်စဉ်းစားကြည့်တိုင်းမှာ ဒီလိုလုပ်ရပ်တွေအတွက် ဘေးအိမ်က အဒေါ်ကြီးကိုပဲ အပြစ်ဖို့ရမလား၊ လူမျိုးရေးသွေးခွဲတဲ့ ဘာသာရေးခေါင်းဆောင်ဆိုသူတွေကြောင့်လို့ပဲ စွပ်စွဲရမလား၊ ဒီအယူအဆတွေကို လက်ဆင့်ကမ်းခဲ့တဲ့ ကျနော်တို့ တဦးချင်းစီကြောင့်လား၊ အာဏာရှင်နဲ့ နိုင်ငံရေးသမားတွေကြောင့်လို့ပဲ အလွယ်လက်ညှိုးထိုးပြောလိုက်ရမလား။ ဒါမှမဟုတ် စနစ်တွေလား။ တရားခံဟာ ဘယ်သူဖြစ်မလဲ စဉ်းစားမရခဲ့ပါ။ 

ဒီလိုနဲ့ ၂၀၁၉ ခုနှစ် ICJ မှာ မြန်မာနိုင်ငံက အမှုရင်ဆိုင်ရတော့ ကျနော်ဟာလည်း “We stand with ICJ” လို့ မအော်ခဲ့ဘူးလေ။ အဆန်းတော့မဟုတ်ပါဘူး။ မတရားမှုတွေကို ကာယကံမြောက်မကျူးလွန်ခဲ့ပေမဲ့ ဒီလိုကျူးလွန်မှုတွေကို တရားဝင်စေဖို့ လူမျိုးတမျိုးအပေါ် ကျနော့်ရဲ့ ကြောက်တဲ့စိတ်၊ မုန်းတဲ့စိတ် စတဲ့ ‘ပုံသေသတ်မှတ်ချက်’တွေဟာလည်း အုတ်တချပ်သဲတပွင့် ပါဝင်အားဖြည့်နေခဲ့ကြလေရဲ့။ မိတ်ဆွေတို့ရော…။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles