ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

၇၇ နှစ်မြောက် ကရင့်တော်လှန်ရေးကို ဂုဏ်ပြုဆင်ခြင်ခြင်း – ခုခံတော်လှန်ရေးမှသည် ဖက်ဒရယ်နိုင်ငံတော်ကို ထုဆစ်ခြင်းသို့

ကရင်လူမျိုးများနှင့် ကေအဲန်ယူအတွက် ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့သည် အမှတ်ရရန် နေ့ရက်တခုအဖြစ်သာမကဘဲ တခဏရပ်နား၍ မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်ရမည့် အခါသမယ ဖြစ်သည်။

[မေဦးမူတြော်သည် ကိန်းဘရစ်ချ်တက္ကသိုလ် လော့တာပတ်ချ် အပြည်ပြည်ဆိုင်ရာဥပဒေစင်တာတွင် ဧည့်သုတေသီအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင် အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ယခုဆောင်းပါးမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော “Commemorating the Karen Revolution at 77: From Resistance to Federal Statecraft” ကော်လံဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်သည် ကရင့်တော်လှန်ရေး၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ကရင်လူမျိုးများအနေနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီးအတွင်း လွတ်လပ်သောလူမျိုးတမျိုး၊ ပြည်နယ်တခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျင့်သုံးနိုင်ရေးဟူသည့် အခြေခံမူများပေါ်တွင် အဓွန့်ရှည်တည်တံ့သော ရပ်တည်ချက်ဖြင့် ကရင့်တော်လှန်ရေး မူလအစကပင် ရပ်တည်လာခဲ့ကြသည်။ နိုင်ငံရေးအခြေအနေအရပ်ရပ်နှင့် နည်းဗျူဟာများ ပြောင်းလဲခဲ့သော်လည်း တော်လှန်ရေး၏ မူလရည်မှန်းချက်မှာမူ မျိုးဆက်များစွာတိုင် မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသည် တပြည်ထောင်လုံးဆိုင်ရာ အကျပ်အတည်းကြီးကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။ လူသားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် နိုင်ငံတကာ၏ စွပ်စွဲမှုကို ခံနေရပြီး ထိုသို့အကျယ်အပြန့်သော ကျူးလွန်မှုများစွာအတွက် တာဝန်ရှိသည့် စစ်အာဏာရှင်အစိုးရသည် နိုင်ငံတခုလုံးကို ဓားစာခံကဲ့သို့ ဆက်၍ပြန်ပေးဆွဲထားသည်။ ဤအကျပ်အတည်းသည် လူမှုအဖွဲ့အစည်းအားလုံးကို လွှမ်းခြုံသက်ရောက်စေခဲ့ပြီး တော်လှန်ရေးတိုက်ပွဲ၏ နိုင်ငံရေးမြေမျက်နှာသွင်ပြင်ကို ပြဋ္ဌာန်းထားသည်။

ယနေ့အချိန်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဦးဆောင်သော ကရင့်တော်လှန်ရေးသည် သမိုင်းအချိုးအကွေ့တခု၊ လမ်းဆုံလမ်းခွတခုသို့ ရောက်ရှိနေပါသည်။ လက်နက်ကိုင်တော်လှန်ရေး၊ လူထုအုံကြွမှုနှင့် ထွန်းသစ်စ ဖက်ဒရယ်အနာဂတ် ရည်မျှော်မှန်းချက်တို့ ပေါင်းဆုံမိခြင်းသည် မကြုံစဖူးသော အန္တရာယ်စွန့်စားရမှုများနှင့် အခွင့်အလမ်းများကို ယူဆောင်လာနေသည်။ ဤအချိန်သည် ကြံ့ကြံ့ခံနိုင်မှု သို့မဟုတ် နည်းဗျူဟာပိုင်းဆိုင်ရာ ချိန်ညှိမှုထက်စာလျှင် နိုင်ငံရေးမဟာဗျူဟာအရ ရှင်းလင်းပြတ်သားသော ရှုမြင်မှုပါ လိုအပ်နေသည့်အချိန် ဖြစ်သည်။

တော်လှန်ရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအကြား ပေါင်းကူးနိုင်မည့် မဟာဗျူဟာတံတားတစင်း 

တော်လှန်ရေးသည် သက်တမ်း ၇၇ နှစ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤအချိန်တွင် မဟာဗျူဟာမှာ တော်လှန်ရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအကြား ပေါင်းကူးတံတားတစင်း ဖြစ်စေရပေမည်။ မိမိတို့ရှေ့မှောက်သို့ ရောက်ရှိနေသည့် တာဝန်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရုံမျှသာမက အာဏာရှင်လက်သစ်၊ ပုံစံသစ်များဖြင့် ထပ်မံမပေါ်ပေါက်စေရေးကိုလည်း တားဆီးရန် ဖြစ်သည်။ ထို့ကြောင့် ကရင့်တော်လှန်ရေးအနေနှင့် ၎င်း၏ သမိုင်းဝင်ပန်းတိုင်ကို ထပ်၍သန္နိဋ္ဌာန်ပြုရန် လိုအပ်သည်။ တရားမျှတမှု၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီကို အခြေခံသည့် မြန်မာနိုင်ငံကို ဖော်ဆောင်ရမည်ဖြစ်ပြီး ထိုနိုင်ငံတွင် ကရင်လူမျိုးအပါအဝင် လူမျိုးစုံပြည်သူများ အားလုံးသည် အနှစ်သာရရှိသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးနိုင်ရမည် ဖြစ်သည်။ 

ပထမအချက်အနေဖြင့် ဖက်ဒရယ်မူဝါဒဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ အလျှော့ပေးညှိနှိုင်း၍ မရနိုင်သော အရာဖြစ်သည်။ ဖက်ဒရယ်စနစ်ကို မည်ကာမတ္တစကားလုံးသက်သက်အဖြစ်သို့ လျှော့ချပစ်၍ မရနိုင်သကဲ့သို့ ‘ပဋိပက္ခလွန် အနာဂတ်’ကာလဟူ၍ သေချာရေရှည်မပြောဆိုနိုင်သော နောက်သို့ ပို့ထား၍လည်း မဖြစ်နိုင်ပေ။ လူများစုဆန္ဒအဖြစ် ကြွေးကြော်နေသော တရားဝင်မှုဟူသည့် ဘောင်အတွင်းသို့လည်း ဆွဲသွင်းလိုက်၍ မရပေ။ ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာ ယဉ်ကျေးမှုသရုပ်လက္ခဏာ သို့မဟုတ် အုပ်ချုပ်ရေးသဘော ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းထက်လည်း သာလွန်ပါသည်။ ၎င်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးအာဏာကို ပြည်နယ်အဆင့်တွင် ရရှိစေမည်ဟု အာမခံချက်ရှိရန် လိုအပ်ပါသည်။ ထိုအာဏာတွင် အုပ်ချုပ်စီမံမှုစနစ်၊ လုံခြုံရေးစီမံခန့်ခွဲမှု၊ သယံဇာတအရင်းအမြစ်များ၊ တရားမျှတမှုနှင့် လူမှုရေးမူဝါဒများအပေါ် ထိန်းချုပ်နိုင်မှုတို့ ပါဝင်ပြီး ပြည်နယ်အတွင်းရှိ ပြည်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပေးနိုင်မည့် အဖွဲ့အစည်းများက ကျင့်သုံးစေရမည် ဖြစ်သည်။ ကရင့်တော်လှန်ရေးသည် အစဉ်အဆက်အားဖြင့် အချုပ်အခြာအာဏာ ခွဲခြမ်းမျှဝေရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ဤအချက်အပေါ် ရှင်းလင်းရာ ကျန်ထိတွေ့ဆောင်ရွက်မှုလုပ်ငန်းများအတွက် လမ်းညွှန်ဖြစ်စေရမည် ဖြစ်ပါသည်။ 

ဒုတိယအချက်အနေဖြင့် လက်ရှိတော်လှန်ရေးသည် ဖက်ဒရယ်နှင့် စစ်ရေးစနစ် ချဉ်းကပ်ပုံ ပေါင်းစပ်ကျင့်သုံးရမည် ဖြစ်သည်။။ လက်နက်ကိုင်တော်လှန်ရေးသည် ကာကွယ်မှုပေးနိုင်ရေးနှင့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် အရေးပါသော်လည်း နိုင်ငံရေးအရ အုပ်ချုပ်စီမံမှုစနစ်တခုကို အစားထိုးရန် မဟုတ်ပေ။ ကေအဲန်ယူအဖွဲ့ က အုပ်ချုပ်စီမံနိုင်သည့် နယ်မြေများတွင် အရပ်ဘက်အုပ်ချုပ်ရေးကို ဆက်၍အားကောင်းအောင် ဖြည့်တင်းဆောင်ရွက်နေရမည်ဖြစ်ပြီး တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးစနစ်များအပါအဝင် ဖြစ်သည်။ သို့မှသာ ကရင့်ကိုယ်ပိုင်အုပ်ချုပ်ရေးသည် မျက်တွေ့လက်တွေ့ နိုင်ငံရေးအရှိတရား ဖြစ်လာပေမည်။ 

တတိယအချက်အနေဖြင့်မူ တနိုင်ငံလုံးအဆင့် တော်လှန်ရေးညှိနှိုင်းဆောင်ရွက်မှုများသည် လက်အောက်ခံသဘော အဖြစ်မဟုတ်ဘဲ မဟာဗျူဟာမြောက် စဉ်းစားချက်ဖြစ်ရန် လိုအပ်သည်။ တော်လှန်ရေးအင်အားစုများအကြား ပေါ်ထွန်းလာမည့် စုဖွဲ့မှုပုံသဏ္ဌာန် (structure) များမှာ စစ်မှန်သော ဖက်ဒရယ်မူများ၊ ပြည်နယ်အဆင့် နိုင်ငံရေးအာဏာများကို လေးစားခြင်း၊ ရွေးကောက်ပွဲများ မပြုလုပ်နိုင်သေးမီကာလတွင် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများကို အလေးအနက်ပြုကြရမည် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုကို ဖြစ်စေသော စုစည်းမှုသည် စစ်မှန်သည့် စုစည်းမှုမဟုတ်ဘဲ မြန်မာ့အကျပ်အတည်း၏ အရင်းခံပြဿနာများကို ထပ်ကျော့စေမည်သာ ဖြစ်သည်။

စတုတ္ထအချက်အနေဖြင့်မူ ဖက်ဒရယ်စနစ်ကို ပြည်နယ်များကတဆင့် ၎င်း၏အတွင်းပိုင်းသို့ တည်ဆောက်ရမည်ဖြစ်ပြီး ဗဟိုမှနေ၍ ဖြန့်လာသည့် အပြင်သို့တည်ဆောက်ခြင်းမျိုး မဖြစ်သင့်ပေ။ ကရင်ပြည်နယ်နှင့် ကရင်လူမျိုးများအခြေချရာ ဒေသများကို ဖက်ဒရယ်ယူနစ်တခုအဖြစ်သို့ ကျစ်လျစ်စုစည်းနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အုပ်ချုပ်စီမံပိုင်ခွင့် ရှိစေရမည်။ ထို့အပြင် အခြားပြည်နယ်များနှင့် အလျားလိုက် ပူးပေါင်းနိုင်ရမည်။ ဖက်ဒရယ်အမူအကျင့်များဖြင့် နိုင်ငံ့အနာဂတ်ကို ပုံဖော်နိုင်ခွင့် ရှိစေရပါမည်။ 

ပဉ္စမအချက်အနေဖြင့်မူ တော်လှန်ရေး၏ အတွင်းပိုင်းစည်းလုံးညီညွတ်မှုကို ပြန်လည်ဆန်းသစ်ရန် လိုအပ်ပါသည်။ အမျိုးသမီးများ၊ လူငယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရသည့်သူများကို အရန်အင်အားများအဖြစ် သဘောမထားဘဲ နိုင်ငံရေးအရ အခရာကျသည့် အင်အားစုများအဖြစ် သဘောထားကြရပါမည်။ တော်လှန်ရေး၏ အတွင်းသဘော လူမှုပဋိညာဉ်များကို ပြန်လည်ဆန်းသစ်နိုင်ခြင်းမရှိသော တော်လှန်ရေးတခုသည် ရေရှည်တည်တံ့သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်စေနိုင်ချိမ့်မည် မဟုတ်ပေ။ 

ဤသို့ဆိုစေကာမူ ကေအဲန်ယူတွင် ဖက်ဒရယ်ပြည်နယ်တခု၏ အခြေခံအဆောက်အအုံ ကျောရိုးအင်္ဂါရပ်များကို ရရှိပိုင်ဆိုင်ထားပြီး ဖြစ်သည်။ နောက်အဆင့်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုမှာ စုဖွဲ့မှုပုံသဏ္ဌာန်အသစ်များ ထပ်မံဖန်တီးခြင်းမဟုတ်ပေ။ ရှိရင်းစွဲ စုဖွဲ့မှုပုံသဏ္ဌာန်များကိုပင် အသက်ဝင်စေခြင်း၊ ကျွမ်းကျင်ကျေပွန်မှု မြှင့်တင်ပေးခြင်းနှင့် မဟာဗျူဟာမြောက် နေရာချခြင်းတို့ပင် ဖြစ်သည်။ အထူးသဖြင့် အုပ်ချုပ်မှုလေဟာနယ်များတွင် ဖြစ်ပွားနေသည့် နယ်စပ်ဖြတ်ကျော် စိန်ခေါ်မှုများ၊ နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုများကို ကိုင်တွယ်ရင်ဆိုင်နိုင်ရန်အတွက် ဖြစ်သည်။ ကေအဲန်ယူအနေနှင့် တော်လှန်ရေးအဖွဲ့အစည်းမှသည် စစ်အတွင်းကာလ ပြည်နယ်အာဏာပိုင်အဖွဲ့အဖြစ်သို့ အသွင်ကူးပြောင်းရန် လိုအပ်နေသည်။ အမှန်စင်စစ်တွင်မူ လက်နက်ကိုင်တော်လှန်ရေးစတင်ပြီးနောက် ကေအဲန်ယူက ပထမဆုံး ကော်သူးလေအစိုးရအဖြစ် ၁၉၄၉ ခုနှစ် ဇွန် ၁၄ ရက်တွင် ကြေညာခဲ့ပါသည်။ ကေအဲန်ယူအနေနှင့် ယခုလက်ရှိ ကွန်ဂရက်-အမြဲတမ်းဗဟိုကော်မတီစနစ်ကို စစ်အတွင်းကာလ ဥပဒေပြုရေးလွှတ်တော်အဖြစ် အသက်သွင်းခြင်းဖြင့် ကရင်လူမျိုးစုရေးရာကိစ္စရပ်များထက် ကျော်လွန်သော ကိစ္စရပ်များအထိ အုပ်ချုပ်ရေးလက်တံများ ချဲ့ထွင်နိုင်လာမည် ဖြစ်သည်။ ထိုသို့ဖြင့် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်း၊ အာဏာကို စနစ်တကျကိုင်တွယ်နိုင်ခြင်းနှင့် ဖက်ဒရယ်အနာဂတ်ကိုလည်း ပုံစံချနိုင်ခြင်းများ ဖြစ်လာစေပါမည်။ ကေအဲန်ယူအနေနှင့် ရှိရင်းစွဲအာဏာခွဲဝေမှု (separation of functions) ကို ကျင့်သုံးခြင်းဖြင့် ထိုလုပ်ငန်းစဉ်များကို ပို၍ထိရောက်ထက်မြက်စွာ ပဲ့ကိုင်လမ်းညွှန်နိုင်မည် ဖြစ်သည်။ 

မျှဝေတာဝန်ယူမှု

မြန်မာနိုင်ငံ၏ အနာဂတ်နှင့်သက်ဆိုင်သည့် တာဝန်သည် စည်းလုံးညီညွတ်မှုအတွက်သာမကဘဲ အန္တရာယ်စွန့်စားရမှုများ၊ ကျရှုံးမအောင်မြင်မှုများကိုပါ မျှဝေခံစားရကြရပေမည်။ နိုင်ငံရေးအသွင်ကူးပြောင်းနိုင်ခွင့်မရှိဘဲ ရေရှည်ပဋိပက္ခကြောင့် လူမှုအဖွဲ့အစည်းကို အမြဲတစေ ပြိုကွဲရန်အကြောင်း ဖြစ်လာသည်။ ပဋိပက္ခစစ်စီးပွားရေးနွံအတွင်း နစ်စေသည်။ အာဏာပိုင်စနစ်ကို စစ်ဘောင်ပြု စစ်ဆန်လာစေသည်။ ဖြေရှင်းနိုင်စွမ်းမရှိသည့် ဖက်ဒရယ်ပြဿနာများကို နောက်ကာလ၊ အနာဂတ်အကြမ်းဖက်မှုများအဖြစ် ရှည်ကြာနေစေမည် ဖြစ်သည်။ 

ဤသို့ အရေးကြီးသည့် လမ်းဆုံလမ်းခွအဖို့ တော်လှန်ရေးအင်အားစုများအနေနှင့် ယနေ့ ပြုလုပ်သော ရွေးချယ်မှုများသည် အနာဂတ်နိုင်ငံရေးအစီအစဉ်ကို ပုံဖော်နေမည် ဖြစ်သည်။ လူမျိုးစုတော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ မိတ်ဖက်များအပါအဝင် တော်လှန်ရေးဇာတ်ကောင်များအားလုံးထံသို့ ကရင့်တော်လှန်ရေးက တပ်လှန့် တောင်းဆိုလိုပါသည်။ အုပ်ချုပ်မှုစီမံမှုမရှိသော တော်လှန်ရေးသည် ပုံစံသစ်များအောက်တွင် ထပ်မံဗိုလ်ကျလွှမ်းမိုးမှု ဖြစ်လာစေမည့် အန္တရာယ် ရှိနေပါသည်။ 

သို့အတွက်ကြောင့် မျှဝေတာဝန်ယူမှုသည် စစ်ကာလအတွင်း အာဏာကျင့်သုံးမှုကို ထိန်းကျောင်းရေး၊ အရပ်ဘက် လူမှုအင်စတီကျူးရှင်းများတွင် ရင်းနှီးမြှုပ်နှံရေး၊ ရွေးကောက်ပွဲမတိုင်မီ ရှိနေသည့် ဖက်ဒရယ်မူများကို ရှင်းလင်းစေရေးတို့ ဆောင်ရွက်ကြရမည်။ လက်နက်ကိုင်တော်လှန်ရေးတခုအနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် အကျိုးဆောင်ပေးရမည် ဖြစ်သည်။ ၎င်းကို အစားထိုးပစ်ရန် မဟုတ်ပေ။ ကေအဲန်ယူနှင့် ကရင့်တော်လှန်ရေးအတွက်မူ လုပ်ဆောင်ရန် ပျက်ကွက်ခြင်းအတွက် ပေးဆပ်ရမှုကို လူမျိုးစုတစုသက်သက်သာ နစ်နာကြရမည် မဟုတ်ပေ။ လူမျိုးစုံပြည်သူတို့၏ မျိုးဆက်တခုလုံး ပေးဆပ်ကြရမည် ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ကရင်လူမျိုးများနှင့် ကေအဲန်ယူအတွက် ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့သည် အမှတ်ရရန် နေ့ရက်တခုအဖြစ်သာမကဘဲ တခဏရပ်နား၍ မဟာဗျူဟာမြောက် ပြန်လည်သုံးသပ်ရမည့် အခါသမယ ဖြစ်သည်။ ကရင့်တော်လှန်ရေးသည် နိုင်ငံရေးအခင်းအကျင်း တခုအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ပြန်၍သန္နိဋ္ဌာန်ပြုခြင်းအားဖြင့် သမိုင်းတကျော့ ပြန်မလည်စေရန် တားဆီးနိုင်မည် ဖြစ်သည်။ ကေအဲန်ယူအဖွဲ့အစည်းကိုယ်၌က ပြန်၍အသွင်ပြောင်းလဲ ဖွဲ့စည်းရမည် ဖြစ်သည်။ တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းတခုအဖြစ်မှသည်  စစ်ပွဲကာလ ကရင်ပြည်နယ်၏ အုပ်ချုပ်မှုအဖွဲ့အစည်းတရပ် (wartime governing body) အဖြစ် ကော်သူးလေဒေသတွင် နေထိုင်ကြသော ကရင်လူမျိုးများနှင့် နေထိုင်သူအားလုံးကို ကိုယ်စားပြုသည့် အစိုးရတရပ်အဖြစ်သို့ ပြောင်းလဲဆောင်ရွက်ရန် ရည်မျှော်ကြည့်သင့်လှပေသည်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles