ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

တပ်ပြေးပြဿနာ အဖြေရှာ

တပ်ဖွဲ့တခုကနေ တပ်သားနှစ်ဦး ထွက်ပြေးပြီး စစ်တပ်ဘက်ကို ခိုလှုံသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့ တပ်ပြေးရသလဲဆိုတာကို အဖြေရှာတာ မတွေ့ရဘဲ “သစ္စာဖောက်၊ လောက်ကောင်၊ ယောကျ်ားတွေမှ မဟုတ်တာ၊ ရပ်တည်ချက် မမှန်ကန်လို့၊ မင်းတို့အတွက် နောင်တရဖို့ အခွင့်အရေး မရှိတော့ဘူး” စသဖြင့် ဝေဖန်ဆဲဆိုတာတွေကိုပဲ တွေ့ခဲ့ရပါတယ်။

ဒီနေရာမှာ ကျနော်သုံးနှုန်းထားတဲ့ ‘တပ်’ ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဆိုလိုတာပါ။ မြန်မာနိုင်ငံတဝန်းမှာ PDF တချို့ တပ်ကနေ ထွက်ပြေးကြတယ်ဆိုတဲ့ သတင်းတွေကို Facebook ပေါ်မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဒီလို တပ်ပြေးသတင်းတွေကို သတင်းဌာနကြီးတွေက ဖော်ပြတာ သိပ်မတွေ့ရဘဲ သက်ဆိုင်ရာ တပ်ဖွဲ့ပေ့ချ်တွေမှာပဲ တွေ့ရတာ များပါတယ်။ တကယ်တမ်းကျတော့လည်း တချို့တပ်ဖွဲ့တွေက မိမိတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းမှာ စိုးရိမ်တဲ့အတွက် တပ်ပြေးသတင်းတွေကို ပေ့ချ်ကနေတဆင့် သိပ်မတင်ဖြစ်ကြပါဘူး။ ကျနော်တို့ နယ်ဘက်မှာဆိုရင်လည်း တပ်ပြေးတွေ အများကြီးရှိပေမဲ့ ပေ့ချ်မှာ တင်တာ မတွေ့ရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံတဝန်းမှာ တပ်ပြေးတွေ အများကြီး ရှိနေနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

တချို့ဒေသတွေမှာ တပ်ပြေးသတင်းတွေ ကြားရပေမဲ့ ကိုယ့်ဒေသ မဟုတ်တဲ့အတွက် စေ့စေ့ငုငု မသိရပါဘူး။ ဒါပေမဲ့ ကျနော်တို့ဒေသတွင်းကနေ ကိုယ်တိုင်ကြားသိရတဲ့ တပ်ပြေးသတင်းတွေကို အခြေခံပြီး ဒီစာစုလေးကို ရေးဖို့ စိတ်ကူးရလာတာပါ။ အဓိကကတော့ တပ်ပြေးတွေ များလာရတဲ့ အကြောင်းရင်းကို ရှာဖွေသင့်လို့ ရေးမိတာပါ။ တပ်ပြေး များပြားလာတာကို အဖြေမရှာဘူးဆိုရင် ဆိုးကျိုးတွေ၊ ရှုံးနိမ့်မှုတွေကို ကြုံတွေ့လာရလိမ့်မယ်လို့ ယူဆမိလို့ပါပဲ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ တပ်ပြေးသတင်းကို ပြောပြရရင် တပ်ဖွဲ့တခုကနေ တပ်သားနှစ်ဦး ထွက်ပြေးပြီး စစ်တပ်ဘက်ကို ခိုလှုံသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့ တပ်ပြေးရသလဲဆိုတာကို အဖြေရှာတာ မတွေ့ရဘဲ “သစ္စာဖောက်၊ လောက်ကောင်၊ ယောကျ်ားတွေမှ မဟုတ်တာ၊ ရပ်တည်ချက် မမှန်ကန်လို့၊ မင်းတို့အတွက် နောင်တရဖို့ အခွင့်အရေး မရှိတော့ဘူး” စသဖြင့် ဝေဖန်ဆဲဆိုတာတွေကိုပဲ တွေ့ခဲ့ရပါတယ်။ ဒီတပ်ပြေးနှစ်ဦးဟာ စစ်ကြောရေးကို ရောက်တဲ့အခါ တပ်စခန်းနေရာကို အတိအကျ ပြောပြလိုက်တဲ့အတွက် စခန်းတည့်တည့်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပါတယ်။ ဗုံးကြဲတဲ့အချိန်မှာ မိတ်ဖက်တပ်ဖွဲ့က ရဲဘော်တွေလည်း ရောက်နေတဲ့အတွက် မိတ်ဖက်တပ်သားနှစ်ဦးနဲ့ သူတို့တပ်က တပ်သားတဦး ကျဆုံးခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ သက်ဆိုင်ရာတပ်ဖွဲ့ရဲ့ စခန်းနေရာကို အတိအကျ ပြောပြရုံသာမက တခြားတပ်ဖွဲ့တွေရဲ့ စခန်းနေရာတွေနဲ့ မြေပြင်လမ်းကြောင်း အခြေအနေတွေကိုပါ စစ်တပ်ကို လမ်းညွှန်ပေးတယ်လို့ ယူဆရပါတယ်။ မကြာခင်မှာပဲ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရာမှာ အဲဒီတပ်ပြေးနှစ်ဦးကို လက်ထိတ်ခတ်ပြီး ရှေ့ဆုံးကနေ လမ်းပြခိုင်းတာကို PDF ရဲဘော်တွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတောင်မှ တပ်ပြေးပြဿနာကို အဖြေရှာဖို့ မစဉ်းစားကြဘဲ “သစ္စာဖောက်တွေ သွားရာလမ်းပဲ၊ သစ္စာဖောက်ခြင်းရဲ့ ဆိုးကျိုး၊ တပ်ပြေးချင်တာကိုး၊ ဒီလောက်တော့ နည်းတောင်နည်းသေးတယ်” လို့ပဲ ပြောတာလောက်နဲ့ တင်းတိမ်ကြပါတယ်။ 

နောက်ထပ် တပ်ပြေးဖြစ်စဉ်တခုကတော့ PDF လူငယ်လေးတယောက်က တပ်ဖွဲ့ကနေ ထွက်ချင်တယ်လို့ ပြောနေတာ ကြာပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်သင်တန်း တက်တုန်းက တော်လှန်ရေးကို ပြီးဆုံးအောင် လုပ်ရမယ်လို့ ကတိသစ္စာဆိုထားရတဲ့အတွက် ထွက်ခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့် အဲဒီလူငယ်လေးဟာ ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေးရင် အရေးယူခံရမယ်လို့ ဆိုထားတဲ့အတွက် ဝေးလံတဲ့ နယ်မြို့တမြို့မှာ အိမ်ငှားနေတယ်လို့ သိရပါတယ်။ နှစ်ပတ်လောက်ကြာမှ ဒီသတင်းကို သိရတာပါ။ မသိရခင် အချိန်တောအတွင်းမှာ ကောင်လေးရဲ့ မိသားစုဝင်တွေဟာ သောကရောက်ခဲ့ရသလို သူပါဝင်ခဲ့တဲ့ တပ်ဖွဲ့တခုလုံးကလည်း သူ စစ်တပ်ဘက် ခိုလှုံသွားပြီလားဆိုပြီး စိုးရိမ်ပူပန်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း ကမ္မမြို့ကို ရောက်လာတဲ့ စစ်တပ်ဆီကို PDF တယောက် သွားရောက်ပူးပေါင်းရာမှာ သေနတ်ငါးလက် ပါသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သတင်းဌာနကမှ မဖော်ပြခဲ့ပါဘူး။ ဒီလို သတင်းမတက်ခဲ့တဲ့ အဖြစ်အပျက်တွေ နေရာပေါင်းစုံမှာ အများကြီး ရှိနေနိုင်ပါတယ်။ 

ကျနော် ဒီစာစုကို ရေးရတဲ့ အကြောင်းရင်းက တပ်ပြေးပြဿနာကို အဖြေရှာပေးနိုင်လို့ မဟုတ်ပါဘူး။ တပ်ပြေးကိစ္စကို အဖြေရှာဖို့ ဆွေးနွေးတိုင်ပင်ကြဖို့ အကြံပြုချင်တာနဲ့ တပ်ပြေးရတဲ့ အကြောင်းရင်းအပေါ် ကျနော် ထင်မြင်မိသလောက် တင်ပြချင်လို့သာ ဖြစ်ပါတယ်။ PDF ရဲဘော်တွေ တပ်ပြေးရတဲ့ အကြောင်းရင်းဟာ ခေါင်းဆောင်ပိုင်းတွေရဲ့ စီမံအုပ်ချုပ်ပုံနဲ့ အဓိက သက်ဆိုင်တယ်လို့ ယူဆပါတယ်။ 

ခေါင်းဆောင်ဆိုတာ တပ်သားအားလုံးရဲ့ စံပြဖြစ်နေရမယ်၊ ခေါင်းဆောင်ပီသရမယ်။ ကိုယ်ကျိုးကို စွန့်ပြီး အများအကျိုးကို ဆောင်ရွက်နိုင်သူ ဖြစ်ရမယ်။ ဘက်လိုက်မှုကင်းပြီး တရားမျှတမှု ရှိရမယ်။ ကိစ္စရပ်တိုင်းကို အချိန်တိုအတွင်း မှန်ကန်အောင် ဆုံးဖြတ်နိုင်စွမ်း ရှိရမယ်။ ငွေကြေးမမက်မောရဘူး။ တပ်အတွက် ရန်ပုံငွေကို အကျိုးရှိရှိ အသုံးချတတ်ရမယ်။ ခေါင်းဆောင်ဆိုပြီး အထူးအခွင့်အရေးယူ (VIP ဆန်ဆန်) မစားသောက်ရပါဘူး။ တပ်သားတွေအပေါ် အမိန့်အာဏာ မပြရဘူး၊ အာဏာရှင်မဆန်ရဘူး၊ အာဏာမတည်ဆောက်ရပါဘူး။ တခါတရံ ရင့်ရင့်သီးသီး ဆက်ဆံမိတယ် ဆိုရင်တောင် မတတ်သာလို့ ဆက်ဆံရတယ်ဆိုတဲ့ သဘောမျိုး ပါဝင်နေရပါမယ်။ ကိုယ့်ထက် အင်အားကြီးတဲ့ အဖွဲ့အစည်း၊ လုပ်နိုင်စွမ်းရှိတဲ့ အဖွဲ့တွေအပေါ် မနာလိုစိတ် မရှိရဘူး။ သူလျှိုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဝင်လာသူကိုတောင် ခေါင်းဆောင်ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ စိတ်ပြောင်းသွားအောင် လုပ်နိုင်စွမ်း ရှိရပါမယ်။ မသန်စွမ်းသူတွေအပေါ် စာနာနားလည်ပေးနိုင်သူ ဖြစ်ရမယ်။ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှု မရှိရပါဘူး။ ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံပေးနိုင်သူ ဖြစ်ရပါမယ်။

ခေါင်းဆောင်တယောက်ဟာ အထက်ပါ အချက်တွေထဲက တခုခုကို ချို့ယွင်းခဲ့မယ်ဆိုရင် လက်အောက်ငယ်သားတွေရဲ့ ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်လာတတ်ပါတယ်။ မုန်းတီးစိတ်တွေ၊ လက်စားချေလိုစိတ်တွေ ဝင်လာတတ်ပါတယ်။ ခေါင်းဆောင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်တုံ့မပြန်နိုင်တဲ့အခါ အင်အားကြီးတဲ့ စစ်တပ်ဘက်ကို ပြောင်းရွှေ့ခိုလှုံပြီး စစ်တပ်ရဲ့ အင်အားနဲ့အတူ ပြန်လည် လက်တုံ့ပြန်လာတတ်တယ်လို့ ကျနော် ထင်မြင်ယူဆပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ ဆင်ခြင်သင့်တာတွေကို ဆင်ခြင်ပြီး လက်အောက်ငယ်သားတွေကို စိတ်ဒဏ်ရာပေးနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles