ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာစစ်အာဏာရှင်တို့၏ အလုပ်ဖြစ်နေဆဲ အကွက်ဟောင်းများ

နိုင်ငံရေးဦးဆောင်သူတွေ အပါအဝင် လူအများစု သတိမပြုမိတဲ့၊ ကျယ်ကျယ်လောင်လောင် မပြောကြတဲ့ ဖြစ်ရပ်တခု ရှိနေပါတယ်။ အဲဒါကတော့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲတွေ၊ လွှတ်တော်နဲ့ သမ္မတရွေးချယ်မှုတွေကို စိတ်ဝင်စားနေခဲ့ကြချိန်မှာ အာဏာရှင်က အရေးပါတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြဋ္ဌာန်းမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါပဲ။

လွှတ်တော်မခေါ်ခင် ရက်ပိုင်းမှာပဲ စစ်တပ်ထိပ်ပိုင်းမှာ ရာထူးအပြောင်းအလဲ အများကြီး လုပ်ခဲ့တာ ရှိပါတယ်။ ဒါဟာ စစ်တပ်အတွက် အရေးကြီးတဲ့ အပြောင်းအလဲဖြစ်ရုံသာမက ရွေးကောက်ပွဲအလွန်မှာ ဖွဲ့စည်းတဲ့ အစိုးရတွေ၊ လွှတ်တော်တွေအတွက် ကြိုတင်အကွက်ချထားတဲ့ စီမံထားမှုတွေလည်း ဖြစ်ပါတယ်။ အာဏာရှင်တိုင်းပြည်တွေမှာ ကြုံတွေ့ရတတ်တဲ့ အာဏာရှင်စိတ်တိုင်းကျ လူအပြောင်းအလဲလုပ်တဲ့ ကစားကွက်မျိုးလည်း ဖြစ်ပါတယ်။

စစ်တပ်နဲ့ ပါတီတို့လို အားကောင်းတဲ့ အာဏာထောက်တိုင်တွေကို အာဏာရှင်တွေက ခိုင်မာသထက် ခိုင်မာအောင် တည်ဆောက်ထားလေ့ ရှိပါတယ်။ ပုံမှန်အခြေအနေမှာလည်း လူဟောင်းတွေရဲ့ သစ္စာခံမှုကို အမြဲစစ်ဆေးနေတာ ရှိသလို သစ္စာခံမှုမြင့်မားတဲ့လူသစ်ကို ပွဲထုတ်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ သာဓကအနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့လို ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကိုတောင် စစ်ဆေးတာ၊ ထောင်ချတာတွေကို တွေ့မြင်ရပါတယ်။ ဒီလိုလူအပြောင်းအလဲက အထူးသဖြင့် နိုင်ငံရေးအလှည့်အပြောင်းတွေ ဖော်ဆောင်ခါနီးမှာ စစ်တပ်ရဲ့ထိပ်ပိုင်းနေရာတွေကို အသေအချာစိစစ်ပြီး အာဏာရှင်အတွက် စိတ်အချရဆုံး၊ နောက်ကျောအလုံဆုံးသူတွေနဲ့ အစားထိုးခန့်အပ်တာတွေ ပြုလုပ်တတ်တာ သဘာဝပါပဲ။

နောက်တက်လာမယ့်သူတွေကို ရွေးချယ်ရာမှာ အပေါ်ကို ပြန်မလွန်ဆန်ဘဲ အာဏာရှင် စိတ်တိုင်းကျ ထိန်းချုပ်နိုင်ဖို့အတွက် အလွယ်ပြောရရင် အောက်ဖဲလို့ ဆိုနိုင်တဲ့ သက်သေတွေကို ဖိအားအနေနဲ့ အဆင်သင့် ပြင်ဆင်ထားသလို ဒီအာဏာရှင်စနစ်မှာ ပါဝင်လို့ ရခဲ့တဲ့၊ ရလာမယ့် အကျိုးစီးပွားတွေနဲ့လည်း ထိန်းကျောင်းထားပါတယ်။ အာဏာရှင်စနစ်ထဲမှာ ပါဝင်လည်ပတ်အောင် ဖိအားနဲ့ ဆွဲအားတွေကို တပြိုင်နက်တည်း အသုံးချထားပါတယ်။ ဒါ့အပြင် အာဏာရှင်အပေါ် သစ္စာစောင့်သိမှုကလည်း အရေးအကြီးဆုံးကဏ္ဍကနေ ပါဝင်ပါတယ်။

အာဏာရှင်စနစ်မှာ အမာခံတွေအပေါ် အာဏာအပ်နှင်းမှုနဲ့ လူအခင်းအကျင်းတွေကို အနည်းဆုံး ပုံစံနှစ်မျိုးနဲ့ ပြင်ဆင်တတ်ကြပါတယ်။ ပထမတမျိုးက လူတွေရဲ့လုပ်ဆောင်မှု အခြေအနေအပေါ်မှာ မူတည်ပြီး ပြင်ဆင်ခင်းကျင်းထားတဲ့ ပုံစံပါ။ အခုခန့်အပ်ထားမှုတွေဆိုတာက အပြီးသတ် မဟုတ်သေးဘဲနဲ့ အာဏာရှင်အတွက် ဇယားမငြိမ်သေးရင် ပြန်လည်ထိန်းညှိပေးမယ့် တခြားထောက်ကွက်လို့ ပြောရမလား၊ အပြန်အလှန်ထိန်းကျောင်းနိုင်တဲ့ အင်အားစုကိုလည်း တခါတည်း မွေးမြူထားတာပါ။ ဒုတိယတခုကတော့ အချိန်ဇယားကို မူတည်ပြီး အကွက်ချစီစဉ်ထားတဲ့ ပုံစံမျိုးပါ။ ဆိုလိုတာက အချိန်ကာလတခုရောက်တဲ့အချိန်မှာ နောက်ထပ် အကွက်ပြောင်း ကစားတာမျိုးပါ။ လူအခင်းအကျင်းကို နောက်ထပ်တနှစ် သို့မဟုတ် နှစ်နှစ်စသဖြင့် ကြာတဲ့အချိန်မှာ ပြောင်းလဲပြီး ကစားဖို့ တခါတည်း ပြင်ဆင်ထားခဲ့တာမျိုးပါ။ ဒါက စစ်အာဏာရှင်တို့ ခွာစစ်ဆင်တဲ့ အချိန်မှာ အများဆုံးအသုံးပြုတတ်ကြတဲ့ ဗျူဟာမျိုးပဲ ဖြစ်ပါတယ်။

အခု စစ်အာဏာရှင်က နိုင်ငံရေးလမ်းကြောင်းပေါ်တက်လာပြီး စစ်တပ်ကို နောက်ကွယ်ကနေ ထိန်းကျောင်းတဲ့ သဘောဆန်ပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုအလားတူဖြစ်ရပ်မျိုးအဖြစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌရာထူးနဲ့ စစ်တပ်ကို ထိန်းကျောင်းခဲ့တဲ့ သာဓကမျိုး မြန်မာ့သမိုင်းမှာ ရှိခဲ့ပါတယ်။ ပြည်သူ့အတွက် အကျိုးမရှိသော်ငြားလည်း အာဏာရှင်တွေအတွက် အလုပ်ဖြစ်ခဲ့တဲ့ အုပ်ချုပ်ရေးပုံစံတမျိုးပါ။

ရွေးကောက်ပွဲမတိုင်ခင်မှာ စစ်တပ်ရဲ့အမာခံလို့ ပြောနိုင်တဲ့ ဗိုလ်ချုပ်ဟောင်း ခင်ရီကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်စေခဲ့ပါတယ်။ သူနဲ့အတူ တခြားသော ဗိုလ်ချုပ်ဟောင်းတွေကိုလည်း ပါတီထဲကို ပြောင်းရွှေ့ပေးခဲ့ပါသေးတယ်။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရီ သမ္မတ ဖြစ်လာလိမ့်မယ်လို့ စစ်လော်ဘီတွေနဲ့ တော်လှန်ရေးထဲက တချို့က ထင်ကြေးပေးတာမျိုးတွေ ရှိခဲ့သလို ဦးခင်ရီဟာ ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပေမဲ့ သမ္မတရာထူးကို မရနိုင်လို့ ကြေကွဲနေတယ်ဆိုတာမျိုးတွေ လှောင်ပြောင်ရေးသားကြတာတွေ တွေ့ရပါတယ်။ ဒါသည်ပင်လျှင် စစ်တပ်က ပစ်ထုတ်လိုက်တဲ့ အတွေးအခေါ်မျိုး ဖြစ်နိုင်ပါတယ်။ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲ အောင်မြင်သွားတယ်၊ လွှတ်တော်ကို အောင်အောင်မြင်မြင် ခေါ်နိုင်တယ်၊ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ချိန်မှာ စစ်တပ်နဲ့ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအကြားမှာ သဘောထားကွဲပြားမှုတွေနဲ့ အာဏာ အဝေမတည့်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းစကားမျိုး လူထုအကြားကို ကျယ်ကျယ်ပြန့်ပြန့် လွှင့်ထုတ်လိုက်ပါတယ်။ အဲဒီအခါ ပြည်သူတွေက အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ်ကို မမြင်သာတော့ဘဲ စစ်တပ်နဲ့ ပါတီကြားက ယှဉ်ပြိုင်ပွဲအဖြစ် ဝေဝါးသွားစေတာကို တွေ့ရပါတယ်။

နိုင်ငံရေးဦးဆောင်သူတွေ အပါအဝင် လူအများစု သတိမပြုမိတဲ့၊ ကျယ်ကျယ်လောင်လောင် မပြောကြတဲ့ ဖြစ်ရပ်တခု ရှိနေပါတယ်။ အဲဒါကတော့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲတွေ၊ လွှတ်တော်နဲ့ သမ္မတရွေးချယ်မှုတွေကို စိတ်ဝင်စားနေခဲ့ကြချိန်မှာ အာဏာရှင်က အရေးပါတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြဋ္ဌာန်းမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါပဲ။ စစ်ကော်မရှင်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လကုန်မတိုင်မီအထိ အချိန်နှစ်လအတွင်းမှာ ဥပဒေသစ် ခုနစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး တည်ဆဲဥပဒေ ၁၃ ခုကို ပြင်ဆင်ခဲ့ပါတယ်။ လွှတ်တော်ပေါ်လာမှ ဥပဒေပြုရေးမဏ္ဍိုင်ကနေ ဥပဒေတွေကို ရေးဆွဲအတည်ပြုရမှာ ဖြစ်ပေမဲ့ လွှတ်တော်မပေါ်ခင်ကတည်းကနေ စိတ်တိုင်းကျ ရေးဆွဲ အတည်ပြုခဲ့တာပါ။ အခုပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ လွှတ်တော် မပေါ်သေးခင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ကြိုတင်ပြဋ္ဌာန်းခဲ့တာကို မမေ့ဖို့ လိုပါတယ်။

အသစ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေထဲမှာ ‘ပြည်ထောင်စုအတိုင်ပင်ခံဥပဒေ’၊ ‘မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ’၊ ‘ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ’၊ ‘ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ’၊ ‘ယစ်မျိုးဥပဒေ’၊ ‘အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေ’၊ ‘ပြည်ထောင်စုအခွန်အကောက်ဥပဒေ’ တို့ ပါဝင်တယ်။ ဒီဥပဒေတွေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်တာမို့ တရားမဝင်ဘူး၊ မတရားပါဘူးလို့ ငြင်းချက်ထုတ်နိုင်ပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုရင် အခုအခါ စစ်မှုထမ်း အပတ်စဉ် ၂၄ အထိ ရောက်လာပြီဖြစ်ပါတယ်။ နိုင်ငံပြင်ပကို ရရာနည်းလမ်းနဲ့ ထွက်ကြတဲ့လူငယ်အရေအတွက်က ဒီဥပဒေရဲ့ အရှိတရားသက်ရောက်မှုကြောင့်ဆိုတာ ငြင်းမရပါဘူး။ သတင်းမီဒီယာအများစုကလည်း လူအပြောင်းအလဲတွေကိုပဲ ဦးစားပေးသတင်းလုပ်နေကြပေမဲ့ ဒီဥပဒေတွေရဲ့သက်ရောက်မှုတွေအကြောင်း ဝေဖန်ထောက်ပြတာတွေကိုတော့ သိပ်မတွေ့ရပါဘူး။

စစ်တပ်က နိုင်ငံရေးအပြောင်းအလဲတခု လုပ်ခါနီးတိုင်းမှာ အရေးပါတဲ့ရာထူးထိပ်ပိုင်းတွေကို အာဏာရှင် အလိုကျ ပြောင်းလဲပြင်ဆင်ခန့်အပ်တတ်တာ သဘာဝပါ။ ပြည်သူတွေကလည်း လူအပြောင်းအလဲတွေအပေါ်မှာသာ ပိုအာရုံစိုက်ခဲ့ကြပြီး ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို လစ်လျူရှုတတ်ကြပါတယ်။ မြန်မာ့သမိုင်းမှာ အလားတူ အကွက်ရွှေ့မှုတွေကို ကြုံတွေ့ခဲ့ကြဖူးပြီးသားပါ။ ဒါပေမဲ့ အဲဒီအာဏာရှင်တွေရဲ့ အကွက်ဟောင်းတွေကပဲ ဒီနိုင်ငံမှာ အလုပ်ဖြစ်နေကြဆဲဆိုတာ တွေ့နေရပါတယ်။ 

အာဏာရှင်တွေက ပိုတော်လို့တော့ မဟုတ်ပါဘူး။ သူတို့ဟာ လွတ်လပ်ရေးရကတည်းက ဆက်ခံလာတဲ့ စစ်နည်းဗျူဟာ၊ ထောက်လှမ်းရေး၊ ဥပဒေကျွမ်းကျင်မှု၊ စစ်တပ်အခြေပြုပါတီအပါအဝင် အဆင်သင့်သုံးလို့ရတဲ့ စနစ်တွေကို အမွေရထားလို့ပါ။ တော်လှန်ရေးသမားတွေကျတော့ အာဏာရှင်ရဲ့ဖိနှိပ်မှုကို ရင်ဆိုင်နေရချိန်မှာပဲ စနစ်ကို ပြန်တည်ဆောက်နေရသလို လက်ခမောင်းခတ်တဲ့ တောကြောင်တွေကြောင့်လည်း နှောင့်နှေးနေရတာပါ။ စစ်တပ်ရဲ့ ဒီအကွက်ဟောင်းတွေကို နားလည်ဖော်ထုတ်နိုင်မှသာ တော်လှန်ရေးဘက်က အကွက်သစ်တွေ ရွှေ့နိုင်မှာပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles