▪️မိုးရာသီရေဘေးနှင့် ပြည်သူများ၏ ဘဝ
မြစ်ဝကျွန်းပေါ်ဒေသများအတွက် “ရေ” ဆိုသည်မှာ အသက်ရှင်နေထိုင်မှု၏ အစိတ်အပိုင်းတခု ဖြစ်သကဲ့သို့ မိုးရာသီရောက်လာတိုင်း စိုးရိမ်ပူပန်ရသည့် သဘာဝဘေးအန္တရာယ်တခုလည်း ဖြစ်လာတတ်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာမြို့နယ်သည် ငဝန်မြစ်နှင့် ဆက်စပ်နေသော မြစ်ဝှမ်းဒေသဖြစ်ပြီး မိုးရာသီကာလများတွင် မြစ်ရေမြင့်တက်မှု၊ မိုးရေများပြားမှုနှင့် ရေစီးရေလာ အခြေအနေများကြောင့် ရေကြီးရေလျှံမှု အန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရသည့် ဒေသတခုဖြစ်သည်။ သို့သော်လည်း လက်ရှိ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားမှု အားနည်းကြောင်း တွေ့ရသည်။ အထူးသဖြင့် ၂၀၂၆ ခုနှစ် ဇွန်လလယ်လောက်တွင် င၀န်မြစ်ဘေးတလျှောက်ရှိ ရေကာတာ အခြေအနေများနှင့်ပတ်သက်၍ လွှတ်တော်၌ တင်ပြဆွေးနွေးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကွင်းဆင်းလေ့လာမှု ကြိုတင်ပြင်ဆင်မှုများ မရှိခဲ့ပေ။ ထိုသို့ ပျက်ကွက်မှုများကြောင့် ရေဘေးအတွက် လက်ရှိအစိုးရ၏ စီမံကွပ်ကဲမှုများအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
▪️ပြောင်းလဲသွားသော နေ့စဉ်ဘဝ
၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ရေကာတာ ကျိုးပေါက်သွားပြီးနောက် လေးမျက်နှာမြို့အတွင်းသို့ ရေများ အရှိန်အဟုန်ဖြင့် တိုး၀င်လာခဲ့သည်။ တစတစ မြင့်တက်လာသော ရေပြင်နှင့်အတူ မိသားစုများ၏ နေ့စဉ်ဘဝများ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားခဲ့သည်။ ပုံမှန်အချိန်တွင် ကားများ၊ ဆိုင်ကယ်များ၊ လူများနှင့် စည်ကားနေသော လမ်းမများသည် ရေပြင်အတိ ဖြစ်သွားသည်။ မျှော်လင့်ထားသော အခြေအနေမဟုတ်သဖြင့် ကြိုတင်ပြင်ဆင်ချ်န်မရဘဲ လူနေအိမ်များ စက်ဘီးများ၊ ဆိုင်ကယ်များ၊ ကားများ ရုတ်ခြည်းဆိုသလို ဝါးလုံးထိုးစီး၀င်လာသော ရေအောက် ရောက်ကုန်ကြသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် နာမကျန်းသည့်လူနာများ ဒုက္ခရောက်ကြရပြီး အသက်အန္တရာယ် ထိခိုက်မှုများအထိ ကြုံတွေ့ခဲ့ရသည်။ တချို့မိသားစုများအတွက် မိမိတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ခြင်းထက် မိသားစုဝင်များ လုံခြုံရေးကို ဦးစားပေးပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် တတ်နိုင်ကြသော်လည်း အများစုမှာ အသက်အန္တရာယ်လွတ်ကင်းအောင် မနည်းရုန်းကန်ခဲ့ကြရသည်။ နောက်ပိုင်းတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကူညီကယ်ဆယ်ရေးများ ရောက်လာကြသည်။ သို့သော်လည်း ထိရောက်မှုအားနည်းကာ ပြည်သူအချင်းချင်းသာ ၀ိုင်း၀န်းဖြေရှင်းနေရသည့်အခြေအနေဖြစ်သည်။
▪️နောက်ဆက်တွဲ အန္တရာယ်များ
ကျိုးပေါက်နေသော တာတမံကို ပြန်လည်မပြင်ဆင်နိုင်သေးသောကြောင့် ရေလွှမ်းဧရိယာ ပိုမိုကျယ်ပြန့်လာပြီး အစားအစာနှင့် သောက်သုံးရေ ရရှိရေးသည် လတ်တလော အရေးကြီးဆုံးအချက်များထဲတွင် ပါဝင်လာသည်။ လက်ရှိတွင် လူမှုရေးအဖွဲ့များ၏ ကူညီစောင့်ရှောက်မှုများ ရှိနေသော်လည်း ရေလွှမ်းဧရိယာတခုလုံးကို ဖူလုံမှုရှိရန် ခက်ခဲနေသေးသည်။ ထို့ပြင် ရေစီးနှင့်မျောပါခြင်း၊ ရေနစ်ခြင်းနှင့်အတူ ပိုးမွှားတိရစ္ဆာန် အန္တရာယ်များကိုလည်း လက်ရှိတွင် ရင်ဆိုင်နေရသလို ရေကြီးမှုကြောင့် ယင်လုံအိမ်သာများ မရှိတော့ခြင်း နှင့် ရေတွင်းများ၊ ရေကန်များနှင့် အခြားသောက်သုံးရေအရင်းအမြစ်များ ညစ်ညမ်းသွားသဖြင့် သန့်ရှင်းမှု မရှိသောရေကို သောက်သုံးမိခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။
ထို့အပြင် အရေပြားပြဿနာများ ဖြစ်ပေါ်နိုင်သကဲ့သို့ ရေကျပြီးနောက် ခြင်နှင့် ပိုးမွှားများ တိုးပွားလာခြင်းကလည်း ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတခု ဖြစ်လာနိုင်သည်။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါရှိသူများကို ရေဘေးကာလအတွင်း အထူးဂရုပြုရန် လိုအပ်သည်။ နေ့စဉ်သောက်သုံးရသော ဆေးဝါးများရှိသူများအနေဖြင့် မိမိတို့၏ ဆေးဝါးများကို ရေစိုပျက်စီးခြင်းမှ ကာကွယ်ထားရန်နှင့် ဆေးဝါးလိုအပ်ပါက ကျန်းမာရေးဝန်ဆောင်မှုများထံ အချိန်မီ ဆက်သွယ်နိုင်ရန်လည်း အရေးကြီးသည်။
လက်ရှိတွင် လေးမျက်နှာမြို့နယ်ဆေးရုံ၊ အိုင်သဗြုတိုက်နယ်ဆေးရုံ၊ ငသိုင်းချောင်းဆေးရုံများ တခုပြီးတခု ရေမြုပ်နေသဖြင့် ယာယီပိတ်ထားရပြီး လူနာများကို ဟင်္သာတခရိုင်ဆေးရုံ၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံများသို့ ပြောင်းရွှေ့ထားရသည်။ အစိုးရ၏ ရွေ့လျားဆေးခန်း (Mobile Clinic) များ စီစဉ်ဆောင်ရွက်နေသော်လည်း ထိရောက်မှု အားနည်းနေပြီး ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်လျက်ရှိနေသည်။ ရေကြီးမှုကြောင့် ကျောင်းများ ပိတ်ရခြင်း၊ ကျောင်းသွားလာရန် ခက်ခဲခြင်းနှင့် စာအုပ်စာတမ်းများ ပျက်စီးခြင်းတို့သည် ကလေးများ၏ ပညာရေးကို ထိခိုက်စေနိုင်သည်။ စာသင်ကြားရေးပတ်ဝန်းကျင်ကို ပြန်လည်တည်ဆောက်ရန်နှင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
▪️စားရေရိက္ခာ အကျပ်အတည်း
လေးမျက်နှာကဲ့သို့ မြစ်ဝှမ်းနှင့် လယ်ယာလုပ်ငန်းများနှင့် နီးစပ်သော ဒေသများအတွက် ရေကြီးခြင်းသည် အိမ်တလုံး ရေဝင်ခြင်းထက် ပိုမိုကျယ်ပြန့်သော စီးပွားရေးထိခိုက်မှုကို ဖြစ်စေနိုင်သည်။ စိုက်ပျိုးထားသော လယ်ယာမြေများ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ပျက်စီးခြင်းနှင့် လယ်ယာလုပ်ငန်းများ ရပ်တန့်သွားခြင်းတို့သည် မိသားစုဝင်ငွေကို တိုက်ရိုက်ထိခိုက်စေနိုင်သည်။ ရေကျသွားပြီးနောက်တွင်ပင် လယ်ယာမြေများ ပြန်လည်အသုံးပြုနိုင်ရန်၊ မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများ ပြန်လည်ရရှိရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် အချိန်နှင့် အရင်းအမြစ်များ လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် ရေဘေးကယ်ဆယ်ရေးကို အရေးပေါ်စားနပ်ရိက္ခာ ပေးအပ်ခြင်းနှင့်သာ မပြီးဆုံးသင့်ဘဲ ရေဘေးပြီးနောက် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးအထိ ဆက်လက်စဉ်းစားရန် လိုအပ်သည်။ အကူအညီဆိုသည်မှာ ပစ္စည်းပေးခြင်းတခုတည်း မဟုတ်။ ရေဘေးကာလတွင် လူမှုကူညီရေးအဖွဲ့များ၊ အရပ်ဘက် ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံစေတနာရှင်များနှင့် အလှူရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ ရေဘေးသင့်သူများအတွက် ဆန်၊ ဆီ၊ အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါး၊ အဝတ်အစားနှင့် အခြားအခြေခံလိုအပ်ချက်များ ပံ့ပိုးပေးခြင်းသည် လက်တွေ့ကျသော အကူအညီများ ဖြစ်သည်။ သို့သော် အရေးပေါ်အကူအညီများပေးရာတွင် ‘ဘာလိုသလဲ’ ဆိုသည့် မေးခွန်းကို ဦးစွာမေးရန် လိုအပ်သည်။ တနေရာတွင် သောက်သုံးရေ လိုအပ်နေချိန်တွင် အခြားနေရာတွင် ဆေးဝါး လိုအပ်နေနိုင်သည်။ တနေရာတွင် ကလေးငယ်များအတွက် အစားအစာလိုအပ်နေချိန်တွင် တနေရာတွင် သက်ကြီးရွယ်အိုများအတွက် ဆေးဝါး လိုအပ်နေနိုင်သည်။
အကူအညီများကို အမှန်တကယ်လိုအပ်နေသည့် နေရာများသို့ အချိန်မီ ရောက်ရှိအောင် စနစ်တကျ ပူးပေါင်းညှိနှိုင်းပေးနိုင်ခြင်းသည် အလှူငွေပမာဏထက်ပင် အရေးကြီးလာနိုင်သည်။ ထို့အပြင် ရေဘေးကြောင့် ဝင်ငွေဆုံးရှုံးသွားသော မိသားစုများ၏ စားဝတ်နေရေးကို ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးရန်မှာလည်း အရေးကြီးပါသည်။ မိုးရာသီတိုင်း ရေဘေးအန္တရာယ်ကို ပြန်လည်ရင်ဆိုင်ရနိုင်သည့် ဒေသတခုအတွက် အရေးပေါ်ကယ်ဆယ်ရေး တကြိမ်လုပ်ခြင်းထက် ရေဘေးအန္တရာယ် လျော့ချရေး၊ တာတမံနှင့် ရေမြောင်းစနစ်များ ထိန်းသိမ်းရေး၊ လမ်းတံတားများ ခိုင်ခံ့ရေးနှင့် ရေဘေး ကြိုတင်သတိပေးစနစ်များ ပိုမိုကောင်းမွန်လာရေးတို့ကို ရေရှည်စဉ်းစားရန် လိုအပ်သည်။
▪️လေးမျက်နှာ၏ မျှော်လင့်ချက်
ရေသည် လေးမျက်နှာအတွက် စိန်ခေါ်မှုတခုဖြစ်သော်လည်း လေးမျက်နှာ၏ လူမှုဘဝနှင့် ခွဲခြား၍မရသော အရာတခုလည်း ဖြစ်သည်။ ထို့ကြောင့် ရေဘေးကို တားဆီးရန်သာမက ရေဘေးနှင့်အတူ လုံခြုံစွာ ရှင်သန်နိုင်မည့် လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်ရန်လည်း လိုအပ်သည်။
အရေးပေါ်အခြေအနေတွင် တဦးက တဦးကို ကူညီပေးခြင်း၊ လိုအပ်နေသူများအတွက် အစားအစာနှင့် သောက်သုံးရေ မျှဝေပေးခြင်း၊ လူနာများနှင့် အားနည်းသူများကို ဦးစားပေးစောင့်ရှောက်ခြင်းတို့သည် ရေဘေးအန္တရာယ်ထက် ပိုမိုခိုင်မာသော လူသားချင်းစာနာမှုကို ဖော်ပြနေသည်။ လေးမျက်နှာ၏ ရေများ တနေ့တွင် ပြန်လည်ကျဆင်းသွားမည်။ ရေလွှမ်းနေသော လမ်းများ ပြန်လည်ပေါ်လာမည်။ နေအိမ်များ ပြန်လည်သန့်ရှင်းကြမည်။ လယ်ယာမြေများလည်း ပြန်လည်စိုက်ပျိုးနိုင်မည့်နေ့ ရောက်လာမည်။ သို့သော် ထိုနေ့ကို ပိုမိုမြန်ဆန်စွာ ရောက်ရှိလာစေရန် ယနေ့တွင် လိုအပ်နေသူများကို ဝိုင်းဝန်းကူညီပေးရန် လိုအပ်သည်။ လေးမျက်နှာမြို့၏ ရေဘေးသည် ရေပြင်ပေါ်တွင် မြင်ရသည့် အိမ်များနှင့် လမ်းများ၏ ဇာတ်လမ်းတခုသာ မဟုတ်ပါ။ ရေပြင်အောက်တွင် လူတို့၏ နေ့စဉ်ဘဝများ၊ အိပ်မက်များ၊ စားဝတ်နေရေးများနှင့် မျှော်လင့်ချက်များ ရှိနေသည်။
