ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ကံနှင့်ဉာဏ်သာမက အစိုးရကောင်းပါ လိုအပ်သည်

စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။

စာရေးသူ တာပလုရဲ့ ဆောင်းပါးမှာ စိုက်ပျိုးရေးတောင်သူတွေရဲ့ အခက်အခဲတွေကို ဖော်ပြထားပြီး အဲဒါတွေကို ကံနဲ့ဉာဏ်သုံးပြီး ဘယ်လိုကျော်လွှားရမလဲဆိုတာကို ရေးသားထားတာကို ဖတ်မိပါတယ်။ ဖတ်ပြီးမကြာမီ မြန်မာနိုင်ငံတဝန်းမှာ ရေကြီးမှုတွေကို မြင်တွေ့လာရတော့ ကံနဲ့ ဉာဏ်အပြင် အုပ်ချုပ်ရေးစနစ်ကလည်း အရေးပါတဲ့အကြောင်း ဖြည့်စွက်လိုပါတယ်။ မြန်မာပြည်လို ပြည်တွင်းစစ် အဆက်မပြတ်တဲ့နိုင်ငံမှာ ဖြစ်သမျှအကြောင်းတိုင်းက အုပ်ချုပ်ရေးစနစ်တွေ၊ အစိုးရတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ နိုင်ငံမှာ အစိုးရကောင်းရှိမှသာ ဒီလိုပြဿနာတွေ ပြေလည်နိုင်မှာပါ။ အစိုးရရဲ့ အခန်းကဏ္ဍ သို့မဟုတ် နိုင်ငံတော်ရဲ့ တာဝန်ကို မေ့ပျောက်လျစ်လျူရှုဖို့ မသင့်ပါဘူး။

၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံတဝန်း ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေရဲ့ ပြင်းထန်မှုက နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ တိုက်ရိုက်ရော သွယ်ဝိုက်သောအားဖြင့်ပါ ထိခိုက်မှုတွေ ရှိလာပါတယ်။ အဲဒီထဲမှာ စိုက်ပျိုးရေးကဏ္ဍကလည်း တခုအပါအဝင်ပါ။ သဘာဝဘေးလို အရေးပေါ်ကပ်ဘေးတွေ မရှိတဲ့အချိန်မှာတောင် တောင်သူတွေဟာ စနစ်ဆိုးရဲ့ဒဏ်ကြောင့် ဒုက္ခရောက်ကြရပါတယ်။ အာဏာမသိမ်းမီက တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ ရနိုင်သလို သယ်ယူပို့ဆောင်ရေးလည်း အဆင်ပြေခဲ့ပါတယ်။ စိုက်ပျိုးရေးဈေးကွက်ကိုလည်း မှန်းဆနိုင်ပါတယ်။ တောင်သူတွေအတွက် အကောင်းဆုံး မဟုတ်ခဲ့ပေမဲ့ အခုထက်တော့ အခြေအနေတွေ အများကြီး တည်ငြိမ်ခဲ့ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

၂၀၂၁ နောက်ပိုင်းကစပြီး စစ်မက်ပဋိပက္ခတွေ ရှိလာတဲ့အတွက် လူနေအိမ်တွေ၊ လယ်ယာတွေ အနီးအနားမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ဆံတွေ ရွာနားလယ်နားမှာ ကျရောက်နေတာ၊ စစ်ကြောင်းတွေထိုးလို့ ပြေးလွှားနေရလို့ စိုက်ပျိုးတဲ့သူမရှိတာ၊ အချိန်မီ မစိုက်ပျိုးနိုင်တာ၊ မြေဆီ လိုသလောက် ဝယ်မရတာ၊ မြေဆီ ဈေးနှုန်းကြီးမြင့်တာ၊ စက်သုံးဆီ ဈေးကြီးတာစတဲ့ ပြဿနာတွေက စိုက်ပျိုးရေးသမားတွေကို အမြဲတမ်း စိန်ခေါ်နေပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်ဒေသတွေကို ဒေသခံတွေက စွန့်ခွာထွက်ပြေးနေရသူတွေကလည်း အများကြီးပါ။ ကုလသမဂ္ဂရဲ့ ၂၀၂၅ ခုနှစ် စာရင်းအရ နေရပ်စွန့်ခွာရသူ ၃.၆ သန်း ရှိတယ်ဆိုတာကြောင့် အဲဒီထဲမှာ လယ်သမားတွေလည်း ပါဝင်နေပါလိမ့်မယ်။ နေရပ်စွန့်ခွာမှုတွေကြောင့် လယ်မြေတွေကလည်း စိုက်ပျိုးမယ့်သူမရှိတဲ့ မြေယာကိုင်းကျွန်းတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ဒီစိန်ခေါ်ချက်တွေကို ကျော်လွှားနိုင်ခဲ့ချိန်မှာတောင် ထွက်လာတဲ့ သီးနှံတွေကို ဘယ်ကို တင်ပို့ရောင်းချမယ်ဆိုတဲ့ ဈေးကွက်အခြေအနေကိုလည်း ကြည့်ရပါသေးတယ်။ ဈေးကွက်ကို တင်ပို့ဖို့အတွက် ခရီးလမ်းမှာ စစ်ဆေးရေးဂိတ် ဘယ်လောက်ရှိသလဲဆိုတာက ကိုယ့်စိုက်ပျိုးသီးနှံအတွက် ရှုံးမလား၊ မြတ်မလားဆိုတဲ့ အဖြေဖြစ်သွားနိုင်ပါတယ်။ ဂိတ်တွေမှာ ဖြတ်သန်းခ ကောက်ခံတာတင်မကဘဲ တချို့ဒေသတွေမှာဆိုရင် ကုန်စည်စီးဆင်းမှု အထူးသဖြင့် စားနပ်ရိက္ခာ စီးဆင်းမှုကို လုံးဝပိတ်ဆို့တားဆီးထားတာတွေလည်း ရှိနေပါတယ်။ ပြည်သူအကျိုးမရှိတဲ့ မရေမရာ ပေါ်လစီတွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ချက်တွေကလည်း စိုက်နိုင်ပျိုးနိုင်ခဲ့လို့ သီးနှံပေါ်ခဲ့ရင်တောင် ရတက်မအေးစရာအဖြစ် တည်ရှိနေဆဲပါ။

အပေါ်မှာ တင်ပြခဲ့တဲ့ စိန်ခေါ်မှုတွေအားလုံးဟာ တောင်သူတွေရဲ့ ကံ၊ ဉာဏ်သက်သက်နဲ့ ကျော်လွှားဖို့ ခက်ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးအပါအဝင် ကုန်ထုတ်လုပ်ငန်းတွေ ကျဆင်းခြင်းရဲ့ လက်တွေ့ကျတဲ့ သက်ရောက်မှုပါ။ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဒေသတွင်းက ဗီယက်နမ်နိုင်ငံတွေက သူတို့ရဲ့ စိုက်ပျိုးထုတ်ကုန်တွေကို နိုင်ငံတွင်း ဖူလုံရုံသာမက ကမ္ဘာ့ဈေးကွက်မှာ နေရာရစေဖို့ အစိုးရကိုယ်တိုင်က ဦးဆောင်ကြိုးပမ်းနေပါတယ်။ ထိုင်းရဲ့ ဆန်တင်ပို့မှုက မက်ထရစ်တန် ၇.၃ သန်းကျော်၊ ဗီယက်နမ်က တန်ချိန် ၇.၉ သန်းကျော် ရှိပြီး မြန်မာကတော့ တန်ချိန် ၂ သန်းကျော်သာ ရှိပါတယ်။ တခြားနိုင်ငံတွေက စိုက်ဖို့ပျိုးဖို့ အားထုတ်ကြိုးပမ်းနေချိန်မှာ ကျနော်တို့တိုင်းပြည်ရဲ့ လယ်သမားတွေက ကိုယ့်လယ်ကိုယ့်ယာမှာ သီးနှံစိုက်ပျိုးဖို့ကို ဘေးကင်းလုံခြုံရဲ့လား၊ အလျဉ်မီစိုက်နိုင်၊ ရိတ်သိမ်းနိုင်ပါ့မလားဆိုတာကနေ စစဉ်းစားနေရပါတယ်။ စိုက်ပျိုးနိုင်ခဲ့ရင်တောင် စျေးကွက်ကို တင်ပို့ဖို့၊ စျေးကောင်းရဖို့က စိန်ခေါ်ချက် တပုံတပင်ပါ။

အပေါ်မှာ ဖော်ပြခဲ့တဲ့ စိန်ခေါ်ချက်တွေက အစိုးရကောင်း ရှိတဲ့အခါမှာ အတော်လေး လျော့နည်းသွားပါတယ်။ အစိုးရက စိုက်ပျိုးရေးသမားတွေနေတဲ့ ကျေးလက်ဒေသကို လျှပ်စစ်မီး၊ အင်တာနက်၊ ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးပြီး မြို့ပြနဲ့ကျေးလက်ရဲ့ ကွာဟချက်ကို လျှော့ချပေးထားကြပါတယ်။ နိုင်ငံရဲ့ထုတ်ကုန်တိုးမြင့်ဖို့အတွက် စိုက်နိုင်ပျိုးနိုင်ဖို့ ကြိုတင်ထုတ်ချေးငွေအတွက် အစီအမံတွေ၊ ဘဏ်တွေ ထူထောင်ထားကြပါတယ်။ ဈေးကွက်ကိုလည်း အစိုးရက တောင်သူ၊ ကုန်သည်၊ စားသုံးသူအကြားမှာ ဟန်ချက်မျှအောင် ဝင်ရောက်ထိန်းသိမ်းထားတဲ့အတွက် ဈေးနှုန်းရရှိမှု၊ ဈေးကွက်ဝယ်လိုအား၊ ပြင်ပကို ပို့ကုန်အဖြစ်တင်ပို့မှု စတာတွေက တည်ငြိမ်တဲ့အခြေအနေမှာ ရှိတတ်ကြပါတယ်။

မျှော်မှန်းမရနိုင်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်မျိုးကိုတော့ ဘယ်နိုင်ငံမှာမှ ရှောင်လွှဲလို့ မရနိုင်ပါ။ နိုင်ငံရဲ့ပထဝီအနေအထားအရ ရေကြီး၊ မီးလောင်၊ မိုးခေါင်၊ မြေပြို၊ လေပြင်းကျ စတဲ့ သဘာဝဘေးတွေကတော့ ရှိစမြဲပါ။ ဒီအန္တရာယ်တွေကို ရှောင်ရှားမရပေမဲ့ အစိုးရကောင်းရင် သဘာဝဘေးကို ကြိုတင်သိရှိစေဖို့ အချက်ပေးတဲ့စနစ်တွေ၊ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်မှု၊ လျင်မြန်ထိရောက်တဲ့ ကူညီကယ်ဆယ်မှုတွေ၊ နိုင်ငံအဆင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေး စီမံချက်တွေ ချမှတ်ထားပြီး ရင်ဆိုင်ကြပါတယ်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့အပြီးမှာလည်း အမြန်ဆုံးနာလန်ထူအောင် ပြန်လည်ထူထောင်ရေး အစီအမံတွေ၊ ငွေကြေးပံ့ပိုးမှုတွေ၊ စိုက်ပျိုးရေးချေးငွေတွေ စတာတွေကို အများကြီးပြင်ဆင်ထားပြီး အစိုးရကနေ ပြည်သူတွေကို အကူအညီပေးကြပါတယ်။ ဒီလိုဆိုလို့ အစိုးရတိုင်းက စွမ်းဆောင်ရည် မြင့်တာတော့ မဟုတ်ဘဲ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိတတ်ကြစမြဲပါ။ ဒါပေမဲ့ ကျနော်တို့နိုင်ငံနဲ့ ချိန်ထိုးကြည့်ရင်တော့ ကိုယ့်ထက်သာနေတဲ့ နိုင်ငံတွေက အများသားပါ။

အခု ရေဘေးကို ကြည့်ရင်လည်း ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ကြိုတင်ကာကွယ်ဖို့ သက်ဆိုင်ရာ အုပ်စိုးသူတွေကို သတိပေးခဲ့ပေမဲ့ ကြိုတင်သတိပေးမှု၊ ကြိုတင်ပြင်ဆင်မှုတွေ နည်းပါးခဲ့တာကို တွေ့နိုင်ပါတယ်။ မိုးလွန်မှ ထွန်ချဆိုသလို ရေကြီးတော့မှ လူတွေကို ကယ်ထုတ်ဖို့၊ စားနပ်ရိက္ခာလေး ပို့ပေးဖို့ကို ဆင့်ပါးစပ် နှမ်းပက်သလို မလောက်မငှ လုပ်ဆောင်နိုင်ပါတယ်။ ဒီလို အစိုးရကောင်းကောင်း၊ အုပ်ချုပ်ရေးစနစ်ကောင်းကောင်း မရှိတဲ့အခါ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးတွေဟာလည်း ထိထိရောက်ရောက် ဖြစ်လာစရာ မရှိပါဘူး။

ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းသာမက မြန်မာနိုင်ငံက ဘယ်ကုန်ထုတ်လုပ်ငန်းမှာမဆို သဘာဝဘေးနဲ့ အံတုရမယ့်အခါ ကံကို ဉာဏ်နဲ့ကူဆင့်ရုံနဲ့ ကျော်လွှားနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ကိုယ့်ပြည်သူကို အနိုင်ကျင့်နေတဲ့ အစိုးရလက်ထက်မှာတော့ ကံရှိဉာဏ်ရှိရင်တောင် ဆင်းရဲဒုက္ခ ရောက်နေရပါလိမ့်မယ်။ အစိုးရကောင်း၊ စနစ်ကောင်းနဲ့ စီမံပြင်ဆင်နိုင်မှသာ ဒီလိုသဘာဝဘေးအန္တရာယ်တွေကနေ သက်သာရာရပါလိမ့်မယ်။ အစိုးရကောင်းရင် ပြည်သူတွေရဲ့ ကံနဲ့ဉာဏ်ကို လက်တွေ့လုပ်ရပ်တွေနဲ့ ထပ်ဆင့်မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ကျနော်တို့ကရော ဘယ်လိုအစိုးရမျိုးကို လိုချင်ပါသလဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles