ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

ခြံစည်းရိုးပေါ်က တော်လှန်ရေး

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို ပြန်မတိုက်ဘဲ စောင့်ကြည့်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ ရှိပါတယ်။ အဲဒီလို အဖွဲ့တွေကို free rider တွေလို့ မှတ်ချက်ပြုကြတာ ရှိပါတယ်။ ရေသာခို လှေကြုံစီးသူလို့ ခေါ်ရမယ်ထင်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို ပြန်မတိုက်ဘဲ စောင့်ကြည့်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ ရှိပါတယ်။ အဲဒီလို အဖွဲ့တွေကို free rider တွေလို့ မှတ်ချက်ပြုကြတာ ရှိပါတယ်။ ရေသာခို လှေကြုံစီးသူလို့ ခေါ်ရမယ်ထင်ပါတယ်။

မတိုက်ပေမဲ့ နယ်မြေပိုရ၊ အင်အားပိုကောင်းလာတဲ့ ‘ဝ’ (UWSA) လိုအဖွဲ့မျိုးလည်း ရှိသလို မတိုက်လို့မို့ အဖွဲ့ကွဲ အင်အားလျော့သွားရတဲ့ မွန်ပြည်သစ်နဲ့ ပအို့ဝ် (PNLO) လို အဖွဲ့တွေလည်း ရှိပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီလိုအခြေအနေထဲမှာ ထူးခြားတဲ့တဖွဲ့ကတော့ ကယန်းပြည်သစ်ပါတီပါပဲ။ ကယန်းပြည်သစ်ပါတီဟာလည်း free rider တဖွဲ့ဖြစ်ပါတယ်။ သူဟာ စစ်ကောင်စီကို ပြန်မတိုက်ခဲ့ပါဘူး။ (တခုရှိတာက ဒီလိုမတိုက်တာဟာ စစ်ကောင်စီရဲ့မြို့တော် နေပြည်တော်နဲ့ နီးကပ်လွန်းနေတာမို့ အတင်းထိန်းချုပ် နှိပ်ကွပ်ခံရမှာကို စိုးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖွဲ့တည်ရှိမှုနောက်ခံကို ကြည့်မယ်ဆိုရင် အမျိုးသားညီလာခံ ပြီးကတည်းက NCA မှာရော ၂၁ ပင်လုံမှာရော ပါဝင်ခွင့်မရှိတော့ပါဘူး​​) ဒါပေမဲ့ အင်အားလည်း မလျော့သွား၊ နှစ်ဖွဲ့လည်း မကွဲဘဲ တည်ငြိမ်နေပါတယ်။

ဒါကိုသုံးသပ်ကြည့်ရင် သုံးချက်တွေ့ရပါတယ်။ (၁) ပါတီခေါင်းဆောင်တွေဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်လိုက်ပြီး စစ်ရေးရပ်တည်ချက်ကို ပြင်လွယ်ပြောင်းလွယ်လုပ်တာ၊ (၂) ကယန်းလူမျိုးရေးအခြေခံတဲ့ ဇာတ်ကြောင်းကို အရှိန်မြှင့်တင်ပြီး နိုင်ငံရေးအရအကျုံးဝင်မှုကို ရှာဖွေနိုင်တာနဲ့ (၃) စစ်ကောင်စီကို ကိုယ်တိုင်နာမည်ခံမတိုက်ပေမဲ့ ပြန်လည်တော်လှန်လိုသူ လူငယ်တွေကို proxy တဆင့်ခံသဘော ကြီးကြပ်ပြီး ထွက်ပေါက်ပေးနိုင်ခဲ့တာတွေပါ။​

၂၀၂၁ ခုနှစ် မေလဆန်းတုန်းက ဒီးမော့ဆို၊ လွိုင်ကော်နဲ့ မိုးဗြဲဒေသတွေမှာ စစ်ကောင်စီကို စတိုက်ပွဲဝင်ကြကတည်းက ကယန်းပြည်သစ်ဟာ အခြားကရင်နီတပ်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒါပေမဲ့ လပိုင်းအကြာမှာပဲ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေ ပြင်းထန်လာတဲ့အခါ စိုက်ပျိုးချိန်မို့ အပစ်ရပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ကယန်းပြည်သစ်နဲ့ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့က တိုက်ပွဲတွေထဲကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပါတယ်။ တဖက်မှာ အဲဒီကာလတုန်းက ကရင်နီတပ်(KNDF) တွေဟာ မိုးဗြဲ၊ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ်အစပ်တွေထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီလို ကရင်နီတပ်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေက ကယန်းလူငယ်တွေအားလုံးကို စိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ အသစ်ပေါ်ထွန်းလာတဲ့ KNDF တပ်ထဲကို ကယန်းလူမျိုးတွေ အမြောက်အမြား ဝင်ရောက်ခဲ့ကြသလို ကယန်းပြည်သစ်ရဲဘော်အများစုကိုယ်တိုင်လည်း တံဆိပ်တွေဖြုတ်၊ အရပ်ဝတ်တွေလဲပြီး ကရင်နီတပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ပါတီခေါင်းဆောင်တွေက စစ်ရေးအရ လက်ရှောင်လိုက်ပေမဲ့ အောက်ခြေရဲဘော်ထုရဲ့ တက်ကြွမှုကြောင့် ပါတီထိန်းချုပ်နယ်မြေထဲမှာ ပျားပန်းခပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို မကန့်သတ်ခဲ့ပါဘူး။ အဲဒီအချိန်က ကယန်းပြည်သစ် တပ်ဗိုလ်တပ်မှူးတချို့က “(နာမည်ခံပြီး ဝင်မတိုက်ပေမဲ့) ကျနော်တို့က တော်လှန်ရေးကို နောက်ကနေ အကုန်ကူပါတယ်” လို့ ပြောလေ့ရှိပါတယ်။ နောက်ကကူတယ်ဆိုတာ နောက်ပြန်လှည့်ပြေးရင် ရှေ့ဆုံးရောက်နေအောင် ဆုတ်သာတက်သာ ချိန်ဆထားတဲ့ ရှင်ကျန်ရပ်တည်ရေး ဗျူဟာပါပဲ။ ဒါကြောင့်ပဲ မိုးဗြဲ၊ နန်းမယ်ခုံနဲ့ ဒေါငံခါးတဝိုက်ကို စစ်ကောင်စီ ပြန်ဝင်လာချိန်မှာ ကယန်းပြည်သစ်ကလည်း သူ့ရပ်တည်ချက်ကိုပြောင်းခဲ့ပါတယ်။ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးကို ညှိနှိုင်းအသိပေးတာမရှိဘဲ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌနေရာကနေ ဖယ်ရှားလိုက်ပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ထိန်းချုပ်နယ်မြေ ဆီးဘူးမြို့ထဲကို PDF နဲ့ KNDF ရဲဘော်တွေ ပေးမဝင်တော့သလို ရှိပြီးသားသူတွေကိုလည်း ပြောင်းရွှေ့စေခဲ့ပါတယ်။ ဒါဟာ ကယန်းပြည်သစ်ပါတီရဲ့ ပြုလွယ်ပြောင်းလွယ် စစ်ရေးရပ်တည်ချက်တွေထဲက နမူနာတခုပါပဲ။

ကလလတတပ်တွေ စစ်ကောင်စီကို ပြန်တိုက်လို့ မယ်စဲ့ကို သိမ်းလိုက်နိုင်တာ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က နိုင်ငံတကာမှာ မျက်နှာပွင့်လာတာ၊ ၁၁၁၁ စစ်ဆင်ရေးမှာ လွိုင်ကော်ကို မရလိုက်ပေမဲ့ ဒီးမော့ဆိုကနေ ထိုင်းနယ်စပ်မယ်စဲ့ထိ ပေါက်တဲ့ ကားလမ်းမကြီးကို ပြန်ထိန်းချုပ်နိုင်တာတွေဟာ ကရင်နီတပ်ပေါင်းစုတွေကို စစ်ရေး၊ နိုင်ငံရေး ပိုမိုစုစည်းမိစေပြီး အားသာလာစေခဲ့ပါတယ်။ ဒါကြောင့်ပဲ IEC ယူဆောင်လာတဲ့ ကရင်နီသရုပ်လက္ခဏာ ဇာတ်ကြောင်းကလည်း ရှေ့တန်းရောက်လာပါတယ်။ ဇာတ်ကြောင်းကို အနှစ်ချုပ်ဆိုရရင် ကရင်နီဆိုတာ ပထဝီအနေအထား တခုကို အဓိကညွှန်းဆိုပါတယ်။ အဲဒီနယ်နိမိတ် အကန့်အသတ်တွင်းရှိနေကြတဲ့ ကယား၊ ကယော၊ ကယန်း စတဲ့ လူမျိုးစုပေါင်းစုံနဲ့ သက်ဆိုင်တဲ့ ဘုံသရုပ်လက္ခဏာတခုအဖြစ် IEC က တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ဒါကို ကယန်းပြည်သစ်က ငြင်းဆိုပြီး သူ့ကိုယ်ပိုင်ဇာတ်ကြောင်းကို ပွဲထုတ်တွန်းတင်လာပါတယ်။ ဒါကတော့ ကရင်နီတွေထက် ရှေးကျတဲ့ ကယန်းလူမျိုးတွေအတွက် ကယန်းပြည်နယ်ပေါ်ထွန်းရေး၊ ကယန်းလူမျိုးစုတွေ စုစည်းရေးဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်ထိတော့ ပါတီဟာ စစ်ဆင်နွှဲတာ မရှိသလို စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေးမှုလည်း ရှိမနေပါဘူး။ ဒါဟာ အားကောင်းလာတဲ့ ပထဝီဝင်အခြေခံကရင်နီဇာတ်ကြောင်းကို လူမျိုးအခြေခံတဲ့ ကယန်းပြည်နယ်ဇာတ်ကြောင်းနဲ့ ဟန့်တားလိုတာက ပိုအလေးကဲတယ်လို့ ဆိုချင်ပါတယ်။ စစ်ကောင်စီကို မတိုက်လို့ ကယန်းလူငယ်တွေအကြား ကျဆင်းလာတဲ့ ပါတီရဲ့ဩဇာကို လူမျိုးအခြေပြု ပြည်နယ်ဖော်ဆောင်ရေး ဇာတ်ကြောင်းနဲ့ ပြန်ထောက်ကူတာလည်း ဟုတ်ပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်မှုက လူထုကို ပိုစိတ်အားထက်သန်စေခဲ့ပါတယ်။ စစ်ကောင်စီအခက်တွေ့ချိန်မှာ အခြေအနေသုံးခုနဲ့ ကိုက်ညီနေတဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေ အုပ်စုကွဲရပါတော့တယ်။ ဒါတွေကတော့ (၁) စစ်ကောင်စီကို တိုက်တဲ့တခြားတပ်ဖွဲ့တွေ ကိုယ့်အဖွဲ့ရှိတဲ့နယ်မြေအစပ်မှာ အားကောင်းလာတာ၊ (၂) စစ်ကောင်စီကို ပြန်တိုက်ချင်တဲ့ အုပ်စုတွေက လူမျိုးစုအမည်ခံပြီး ကိုယ်နယ်မြေထဲမှာ တပ်ဖွဲ့အသစ်တွေ ထူထောင်ကြတာနဲ့ (၃) ပင်မနိုင်ငံရေးလမ်းကြောင်း ပြောင်းလဲလာတာတို့ပါပဲ။

အဲဲဒီလိုမျိုး လူမျိုးစုသရုပ်လက္ခဏာအခြေခံတဲ့ တပ်တွေ စုစည်းကြ၊ ခွဲထွက်ကြရင်း PNLO နဲ့ မွန်ပြည်သစ်တို့ အင်အားယုတ်လျော့သွားပါတယ်။ ကယန်းပြည်သစ်ကတော့ အဲဒီလိုမဖြစ်စေဖို့ သူ့ရဲ့ စစ်ရေးရပ်တည်ချက်ကို ထုံးစံအတိုင်း ပြောင်းခဲ့ပြန်ပါတယ်။ ပါတီအနေနဲ့ ကယန်းပြည်နယ်အစိတ်အပိုင်းလို့ သတ်မှတ်ထားတဲ့ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတို့က ပြည်သူ့ကာကွယ်ရေးတပ်တွေကို စုဖွဲ့ပြီး ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်းစေကာ ကျောထောက်နောက်ခံ ပြုခဲ့ပါတယ်။ ကယန်းအမျိုးသားလက္ခဏာနဲ့ တပ်စုဖွဲ့လိုက်တဲ့အခါ သူတို့တပ်စွဲရာ နယ်မြေတွေဟာ ကယန်းနယ်မြေတွေအဖြစ် အဆိုပြုဖို့ အားယူပြီးသား ဖြစ်သွားပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်လိုတဲ့ ကယန်းလူငယ်ထုရဲ့ ဝေဖန်မှုကိုလည်း ငြိမ်သွားစေခဲ့ပါတယ်။ အခုတော့ ကယန်းပြည်သစ်ပါတီဟာ စစ်ကောင်စီကို မတိုက်နေဘူးလား မေးရင် ‘တိုက်ပါတယ်။ KNA အနေနဲ့ တိုက်တယ်’ လို့ ဖြေနိုင်သလို တိုက်နေတာလားမေးရင် ‘မတိုက်နေပါဘူး’လို့လည်း ဆိုနိုင်ပါတယ်။

ပါတီရဲ့ အခုဗျူဟာတွေကို အထောက်အကူဖြစ်စေတာတခုက IEC ခေါင်းဆောင်တွေရဲ့ သဘောထားကြောင့်ပါပဲ။ IEC ဟာ အခုအချိန်ထိတော့ ကယန်းပြည်သစ်နဲ့ သဘောကွဲလွဲသမျှကို မိတ်ဖက်ပဋိပက္ခအဖြစ်သာ ရှုမြင်နေသေးလို့ပါ။

အချုပ်ဆိုရရင် ကယန်းပြည်သစ်ပါတီဟာ စစ်ရေးပျက်ကွက်မှုကြောင့် ကျဆင်းလာတဲ့ ပါတီဩဇာနဲ့ အားကောင်းလာတဲ့ ကရင်နီဇာတ်ကြောင်းကို ထိန်းညှိဖို့ နည်းဗျူဟာ သုံးခုကို သုံးနေပါတယ်။ ဒါတွေကတော့ အခြေအနေပေါ်လိုက်ပြီး ပြောင်းလွယ်ပြင်လွယ်တဲ့ စစ်ရေးရပ်တည်ချက်၊ လူမျိုးအခြေခံ ပြည်နယ်ထူထောင်ရေး ဇာတ်ကြောင်းနဲ့ တိုက်ခိုက်ချင်သူတွေအတွက် နောက်ထပ် လူမျိုးစုတပ်တခုကို ကြီးကြပ်ဖွဲ့စည်းပေးတဲ့ နည်းလမ်းတွေပါ။ ဒီနည်းတွေနဲ့ပဲ အမျိုးသားညီလာခံနောက်ပိုင်း သူ့ရဲ့ ပျောက်ဆုံးခဲ့တဲ့ နိုင်ငံရေးအခန်းကဏ္ဍ(political relevance) ကို ရှာဖွေနေရဆဲပါ။

ဒါပေမဲ့ အဲဒီလို အမြဲဆက်သွားဖို့တော့ ခက်ပါလိမ့်မယ်။ စစ်ကောင်စီရော ကရင်နီရော တဘက်ဘက်က အပြတ်အသတ် စစ်မနိုင်ရင် ကယန်းဒေသဟာ ရှမ်းမြောက်က မိုင်းလားလို သေနတ်ခဏချပြီး စကားထိုင်ပြောတဲ့ စားပွဲခုံဖြစ်လာနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ စစ်ကောင်စီက စစ်ရေးပြန်အားသာလာရင် စစ်ရေးမှာဘယ်ဘက်ရပ်မလဲ ပြတ်ပြတ်သားသား ရွေးရနိုင်ခြေရှိပါတယ်။ ကရင်နီတပ်ပေါင်းစုတွေ ပိုအားသာလာရင်တော့ နှစ်ဖက်တပ်တွေ ပြိုင်တူနေရာယူထားကြတဲ့ နယ်မြေတွေမှာ ကရင်နီဇာတ်ကြောင်းနဲ့ ကယန်းဇာတ်ကြောင်းနှစ်ခု ဘယ်မျှခြေမှာ ဆုံချက်ရှာမလဲဆိုတာ နှစ်ဖက်အပြန်အလှန် ဈေးဆစ်ညှိနှိုင်းရပါလိမ့်မယ်။ ဒီလိုညှိနှိုင်းဖို့ ပါတီမှာ နိုင်ငံရေးအရ ဈေးဆစ်နိုင်စွမ်း(bargaining power) ဘယ်လောက်ရှိလဲ၊ ဘယ်ကရမလဲဆိုတာတွေကိုတော့ ကယန်းပြည်သစ်ခေါင်းဆောင်တွေ ကြိုတွေးထားဖို့ လိုပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *