ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

စိတ်ကူးယဉ်စစ်ပွဲများ၏ ဟိုမှာဘက်ဆီ

ကလေးတစုကစားကြတော့ ‘မင်းက စစ်သားလုပ်၊ ငါက ပီဒီအဖ်လုပ်မယ်’လို့ ပြောကြသတဲ့။ ... ကျနော်တို့ ငယ်ငယ်ကတော့ ‘ငါက စစ်သားလုပ်မယ်၊ မင်းက သူပုန်လုပ်’ဆိုပြီး ရှိခဲ့ပါတယ်။ ... အခုကျတော့ ကလေးတွေဟာ စစ်သားမဖြစ်ချင်တော့ပါဘူး။

တနေ့က အေမီရဲ့ ‘စစ်နှင့်ကျွမ်းဝင်ခြင်း’ ဆောင်းပါးအစမှာ ကလေးတွေ စစ်တိုက်တမ်းကစားကြတဲ့အကြောင်းကို ဖတ်လိုက်ရတော့ မိတ်ဆွေတယောက်ရဲ့စကားတခွန်းကလည်း အတွေးထဲကို ဖျတ်ခနဲ ဝင်လာပါတယ်။ သူပြောတာက ရွာဘက်မှာ ကလေးတစု ကစားကြတော့ “မင်းက စစ်သားလုပ်၊ ငါက ပီဒီအဖ်လုပ်မယ်” လို့ ပြောကြသတဲ့။

ကလေးတွေ ဘယ်လိုကစားကြလဲဆိုတာက ကမ္ဘာကြီးရဲ့ အနာဂတ်အတွက် နိမိတ်ပုံတွေ ဖြစ်လေမလားဆိုတာကို အတွေးနယ်ချဲ့ တို့ထိကြည့်ချင်ပါတယ်။​ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ကလေး(ယောက်ျားလေး)ဆိုတာက စစ်တိုက်တမ်း ကစားရတာကို ပျော်မွေ့ကြပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ကလေးဘဝတလျှောက်လုံးမှာ အဲဒီလိုဆော့ခဲ့ကြတာပါပဲ။ ကျနော်တို့ငယ်ငယ်ကတော့ “ငါက စစ်သားလုပ်မယ်၊ မင်းက သူပုန်လုပ်” ဆိုပြီး ရှိခဲ့ပါတယ်။ ကြီးလာရင် စစ်ဗိုလ်ကြီး လုပ်မယ်လို့လည်း အားလုံးနီးနီးက အဖြေပေးခဲ့ကြတာချည်းပါပဲ။ ဒီလိုဖြစ်ခဲ့ကြရတာကလည်း စစ်တပ်ရဲ့ဝါဒဖြန့်ချိရေးဇာတ်ကားတွေကိုပဲ ထိုင်ကြည့်လာခဲ့ရတာတွေကြောင့် ဖြစ်ပါလိမ့်မယ်။ အဲဒီဇာတ်ကားတွေထဲမှာဆို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို မူးယစ်မှောင်ခိုအဖွဲ့တွေ၊ အကြမ်းဖက်သောင်းကျန်းသူတွေအဖြစ် ပုံဖော်ပြီး စစ်တပ်ကိုတော့ ပြည်သူ့ကယ်တင်ရှင် တပ်မတော်အဖြစ် ဟန်ဆောင်ထားတာချည်းမဟုတ်လား။ 

အခုကျတော့ ကလေးတွေဟာ စစ်သားမဖြစ်ချင်တော့ပါဘူး။ ကလေးတွေမှာတောင်မှ သူပုန်က သူရဲကောင်းလို့ နားလည်သိမြင်သွားခဲ့ကြပါပြီ။ ဒါကလည်း ကလေးတွေဟာလည်းပဲ လူထဲကလူတွေဖြစ်လို့လို့ ဆိုရမှာပါပဲ။ ရပ်ထဲ၊ ရွာထဲမှာ ဘယ်သူက ဘယ်သူဆိုတာကို အနီးကပ် တွေ့နေ၊ ကြုံနေကြရတာတွေကြောင့် သိမြင်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ တီဗီထဲက သူရဲကောင်းထက် ကိုယ့်ပတ်ဝန်းကျင်က သူရဲကောင်းက ပိုပြီး လွှမ်းမိုးစေတာပါ။ ထူးပြီး ဆွဲဆောင်သိမ်းသွင်းစရာ၊ ဝါဒဖြန့်ချိနေစရာ မလိုပါဘူး။ 

တဖက်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လွန်ကျူးမှုတွေ၊ ရက်စက်မှုတွေနဲ့ စစ်ရှုံးမှုတွေကို ဖုန်းတွေထဲမှာ နေ့စဉ် မြင်တွေ့နေရပြန်တဲ့အခါ ဘယ်သူ၊ ဘယ်ကလေးကများ မြန်မာစစ်တပ်ရဲ့ စစ်သားဖြစ်ရမှာကို အားကျပါတော့မလဲ။ စစ်တပ်ထဲကို ဝင်လိုသူ မရှိဖြစ်နေတာကို စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာနဲ့ ပေါ်တာဆွဲတာတွေကို ကြည့်ရင်ပဲ မြင်နိုင်ပါတယ်။ ကြုံကြိုက်လို့ ပြောရရင် အခုအနေအခါမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဝါဒဖြန့်ချိရေး စစ်ကားတွေကို ရိုက်စရာ ရှိသေးရဲ့လားဆိုပြီးလည်း တွေးမိပါသေးတယ်။ ရိုက်ရင်လည်း အရှေ့၊ အနောက်၊ တောင်နဲ့ မြောက် စစ်မျက်နှာအစုံမှာ ရှုံးပွဲ အလီလီကြုံနေရပုံတွေအကြောင်းပဲ ရှိပါလိမ့်မယ်။ အရှုံးကလွဲပြီး သူ့မှာ ကြွားစရာမရှိလို့ပဲ​ ဆိုရမှာပါ။

ကလေးတွေ ဆော့ကစားကြတာနဲ့ပတ်သက်ပြီး ပြောဖြစ်ရင်း စစ်ပွဲတွေကြောင့် ပြေးကြလွှားကြရ၊ အိမ်တွေ မီးလောင်ပြာဖြစ်သွားရတဲ့ လူကြီးတွေဆီကို စိတ်က ရောက်မိတယ်။ အခုနေများ ကလေးတွေ စစ်တိုက်တမ်းကစားကြတဲ့အခါ သူတို့ခံစားမှုတွေဟာ ဘယ်လိုဖြစ်နေကြမှာပါလိမ့်။ ကလေးတွေရဲ့ ပျော်ရွှင်မှုကို ပိတ်ပင်ပစ်လိုက်ကြမှာလား၊ ဒါမှမဟုတ် နာနာကျင်ကျင်နဲ့ပဲ ထိုင်ကြည့်ပေးနေမှာလေလား။ စစ်ပွဲတွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြရတဲ့၊ စစ်တိုက်တမ်းကစားရတာကို ခုံမင်တဲ့ အခုကလေးတွေ ကြီးပြင်းလာတဲ့အခါမှာရော စစ်ပွဲတွေကို ထပ်ပြီး ဖန်တီးကြဦးမှာလား။ အဲဒီလို မေးခွန်းတွေလည်း တစီတတန်း ဖြစ်မိတယ်။ တဆက်တည်းမှာပဲ အထိတ်တလန့်သတိရမိတာက စစ်တိုက်တမ်းကစားကြတာတွေရဲ့ အကျိုးဆက် အကြောင်းပါပဲ။ 

ကလေးဆိုတာ ကစားရတာကို ပျော်ကြသူတွေပါ။​ ကစားဖို့လည်း လိုအပ်ကြပါတယ်။ အင်တာနက်နဲ့ အိုင်တီပစ္စည်းတွေ လွှမ်းမိုးလာတဲ့ ကနေ့ခေတ်ထဲမှာ ခန္ဓာကိုယ်ကို လှုပ်ရှားပြီး ပြေးလွှားခုန်ပေါက်ကစားတဲ့ ကလေးတွေလည်း နည်းလာနေခဲ့ပြီး လက်ချောင်းလေးတွေနဲ့ တို့ထိပြီး စိတ်နဲ့ပဲကစားကြတော့တဲ့ ကလေးတွေ ပိုများလာပါတယ်ဆိုပေမဲ့ နယ်ဘက်ကျေးလက်တချို့မှာ  အတန်အသင့် ရှိလို့နေပါသေးတယ်။ ကလေးသဘာဝပီပီ အပြင်မှာပဲဖြစ်ဖြစ်၊ PUBG လို ဂိမ်းထဲမှာပဲ ဖြစ်ဖြစ် တဦးနဲ့ တဦး၊ တဖက်နဲ့ တဖက် ပစ်ခတ်သတ်ဖြတ် တိုက်ပွဲဝင်ပြီး အောင်ပန်းဆင်ရတာကိုလည်း အရသာတွေ့ကြပါသေးတယ်။ အာဏာမသိမ်းခင်ကဆို လူငယ်တွေကို ကြည့်လိုက်ရင် အများစုဟာ စစ်တိုက်တဲ့ဂိမ်းတွေကို ဆော့နေကြတာချည်းပါပဲ။ အခုတော်လှန်ရေးသမားလူငယ်တော်တော်များများလည်း ဒီစစ်ပွဲတွေမဖြစ်ခင်က ဂိမ်းထဲမှာ စစ်တိုက်ခဲ့ဖူးကြသူတွေပါပဲ။ တဦးချင်းတင်မကဘဲ အစုအဖွဲ့နဲ့ပါ သူ့ဘက်ကိုယ်ဘက် စစ်တိုက်တာကို ယဉ်ပါးနေကြပါပြီ။  

ဒါဟာ ကမ္ဘာဦးမှာ အမဲလိုက်၊ သားရဲတွေရဲ့ ဘေးရန်ကနေ ကာကွယ်၊ မျိုးနွယ်စု တခုနဲ့ တခုအကြား ဒါမှမဟုတ် အုပ်စုတခုနဲ့ တခုအကြား ယှဉ်ပြိုင်တိုက်ခိုက်လာခဲ့ကြတဲ့ လူသားရဲ့ အသွေးအသားထဲမှာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ မျိုးဗီဇတခုကြောင့်ပေပဲလား။ တကယ့်စစ်ပွဲကြီးတွေကို မတိုက်ရတဲ့အခါ စိတ်ကူးယဉ်စစ်ပွဲကလေးတွေကို ဖန်တီးပြီး စိတ်ထွက်ပေါက်ရှာလေ့လည်း ရှိကြပါတယ်။ ပြီးတော့တခါ ရုပ်ရှင်တွေမှာလည်း စစ်ကားတွေကို နှစ်သက်ကြပါတယ်။​

ဟောဒီပထဝီမြေလွှာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ခဲ့ပြီးပါပြီ။ နောက်တကြိမ်ထပ်မဖြစ်ဘူးလို့လည်း မသေချာနေပါဘူး။ ဒါ့အပြင် လူမျိုးစုစစ်ပွဲတွေ၊ ဘာသာရေးစစ်ပွဲတွေ၊ နိုင်ငံချင်း စစ်ပွဲတွေနဲ့ တခြားအမျိုးအမည်မသိနိုင်တဲ့ စစ်ပွဲပေါင်းများစွာလည်း ဖြစ်ခဲ့ပြီးပါပြီ။ ChatGPT က အဖြေပေးတာကတော့ သမိုင်းပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့ရာဇဝင်မှာ မှတ်တမ်းမှတ်ရာ ကျန်ခဲ့တဲ့ စစ်ပွဲပေါင်း တသောင်းကျော်ခဲ့ပြီ၊ စစ်ကြောင့် လူသန်းတထောင်လောက် သေခဲ့ပြီးပြီတဲ့။ အခုလည်း မြန်မာနိုင်ငံမှာ စစ်နယ်မြေပေါင်းများစွာ၊ စစ်ပွဲပေါင်းများစွာ။ နိုင်ငံတကာမှာဆိုရင်လည်း ရုရှား-ယူကရိန်း၊ အစ္စရေး-ဂါဇာ စစ်ပွဲကြီးတွေ ဖြစ်နေဆဲပါ။ 

လူသားတွေဟာ ပိုယဉ်ကျေးလာ၊ ဉာဏ်ပိုရှိလာကြတယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ရှိကြပါတယ်။ အထင်ကရ သမိုင်းပညာရှင် ဟာရာရီကလည်း (စစ်ပွဲတချို့ ရှိနေပေမဲ့) ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေဟာ လူ့သမိုင်းမှာ ငြိမ်းချမ်းကာလတွေ ဖြစ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ စစ်ပွဲအတွက် ရင်းရမယ့် အရင်းအနှီးနဲ့ စစ်ပွဲကနေ ပြန်ရမယ့် အကျိုးအမြတ် တွက်ခြေမကိုက်တော့လို့ စစ်ပွဲတွေကို ရှောင်လွှဲလိုကြတယ်လို့ ဆိုပါတယ်။ သူ့အဆိုကို မငြင်းပေမဲ့ တချို့တွေအတွက်တော့ အကျိုးအမြတ်တွေ ရှိနေ၊ ရနေကြပါသေးတယ်၊ ဒါမှမဟုတ် အကျိုးအမြတ်ရမယ်လို့ လူပြိန်းအတွေးနဲ့ ထင်မှတ်နေကြပါသေးတယ်။

ကျနော်တွေးကြည့်နေမိတာက စိတ်ကူးယဉ်စစ်ပွဲတွေနဲ့ တကယ့်စစ်ပွဲတွေရဲ့ အကြားမှာ ဆက်နွှယ်မှု ရှိနေသလားဆိုတာပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles