ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်နှင့်ကျွမ်းဝင်ခြင်း

ပကဖ၊ ပလဖတွေရဲ့ အကြမ်းဖက်မှုတွေကို ကြားရတဲ့အခါ တော်လှန်ရေးရဲ့ တိမ်းညွတ်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ... စနစ်ချထားတဲ့ စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးနဲ့ စနစ်မချနိုင်သေးတဲ့ စစ်တပ်လေးတွေရဲ့ စစ်အုပ်ချုပ်ရေးအကြားမှာ ပြည်သူလူထုရဲ့ သည်းခံနိုင်စွမ်းဟာ နေ့တိုင်း အစမ်းသပ်ခံဖြစ်လာပါတယ်။

သေနတ်အတုလေးတွေ ထမ်းပြီး AA နဲ့ မြန်မာစစ်တပ်အကြားက တိုက်ပွဲအခြေအနေကို ပုံဖော်ကစားနေကြတဲ့ ကလေးငယ်တွေရဲ့ ရုပ်သံကိုကြည့်ရင် စစ်ဘောင်ကျယ်လာတဲ့ မြန်မာပြည်တွင်းစစ်ကို လူကြီး၊ လူငယ်၊ ကျား-မ မရွေး၊ ကလေးပါမကျန် အတော်လေးအကျွမ်းတဝင် ရှိလာတာကို မြင်သာစေပါတယ်။ 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ကာလတွေဆိုတာ ပုံပြင်သာသာပဲ ဖြစ်ပါတယ်။ အမျိုးသားရေးဝါဒကို ဦးတည်ပြီး လွတ်လပ်ရေးရဖို့ ကြိုးစားရာကနေ အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးတခုကို လက်ယပ်ခေါ်ယူမိလျက်သား ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားဒေသအများစုမှာ ဘယ်တုန်းကမှ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ အေးချမ်းသာယာဝပြောတဲ့ အချိန်ဆိုတာ မရှိခဲ့ပါဘူး။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒါပေမဲ့ နိုင်ငံတဝန်းလုံး စစ်မျက်နှာဖွင့်တိုက်ယူတဲ့ စစ်ပွဲအရှိန်ကတော့ ၂၀၂၁ နွေဦးလက်နက်ကိုင်တော်လှန်ရေးဆီရောက်မှ မြန်မာပြည်မက ပြည်သူတွေပါ နဖူးတွေ့ဒူးတွေ့ ကြုံလာရတာပါ။ စစ်ပွဲတခုကို ထဲထဲဝင်ဝင်ကျွမ်းကျွမ်းကျင်ကျင် ရင်းနှီးသွားဖို့ အချိန်ဘယ်လောက်လိုပါသလဲ။ အခုဆို လက်နက်ကိုင်တော်လှန်ရေးက လေးနှစ်ကျော်ခဲ့ပါပြီ။ 

မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ ရင်တွင်းမှာ တရားမျှတမှု၊ တန်းတူရည်တူဖြစ်မှု၊ ဒီမိုကရေစီဖော်ဆောင်မှု၊ ဖက်ဒရယ်စနစ် တည်ဆောက်မှုတွေအတွက် မျှော်လင့်ချက်ကိုယ်စီ နေရာယူထားကြပါတယ်။ ဒါတွေကို ဖော်ဆောင်ဖို့ဆိုတာ မြန်မာစစ်တပ်လို အာဏာရှင်တွေကို လက်နက်နဲ့ စကားပြောဆိုဆက်ဆံဖို့မှတပါး အခြားမရှိပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ အတွေးအခေါ်တွေပါတဲ့ စစ်ဝါဒလို့ ဘာသာပြန်ရင် နားဝင်ဆိုးစရာပါ။ စစ်ဝါဒဆိုတာ ပဋိပက္ခကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းနိုင်မယ်ဆိုတဲ့ အတွေးအခေါ်ကို လက်သပ်မွေးခြင်းမျိုးပါ။ တကယ်လည်း စစ်တပ်ကို လက်နက်နဲ့မှ တရားချလို့ရမယ်ဆိုတဲ့ အတွေးအခေါ်မှာ အကန့်အသတ် မရှိပါဘူး။ ကြီးမားတဲ့စစ်တပ်ကို လက်နက်နဲ့ ဖြိုရမယ်ဆိုရာကနေ စကားများရန်ဖြစ်၊ ပြန်မချစ်တဲ့ ပြဿနာလေးတွေကစလို့ နိုင်ငံရေးအတွေးအခေါ် ကွဲလွဲမှုတွေအထိ လက်နက်နဲ့ ဖြေရှင်းတတ်လာကြပါတယ်။ စစ်ဆိုတာ သိမ်မွေ့နူးညံ့ခြင်း ကင်းပါတယ်။ ကျားရဲတွင်းထဲဆင်းဖို့ ကျားဖြစ်ရမယ်။ မိစ္ဆာဖမ်းဖို့ မိစ္ဆာအသွင်ယူကြရမယ်။ အသွင်ယူရင်းက မိစ္ဆာအတိ ဖြစ်မသွားဖို့ လူသားတွေ ဘယ်လို ဆင်ခြင်အကဲဖြတ်ကြမလဲ။ 

စစ်ကပေးတဲ့ စိတ်ကင်ဆာက စစ်ပုံသွင်းပြီး စစ်ရေးလေ့ကျင့်နေတဲ့သူတွေကိုပဲ ကူးစက်တာ မဟုတ်ပါဘူး။ စစ်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ လူထုမှာလည်း အကြမ်းဖက်မှုကို ထွက်ပေါက်သဖွယ် မြင်တွေ့ခံစားလာတတ်ပါတယ်။ ရုပ်ရှင်မင်းသားကြီးကျော်သူတို့ နာမည်ကြီးစဉ်ကာလတုန်းက ကျော်သူတခေတ်မှာ ချည်လွယ်အိတ်ကလေးတွေ လူတိုင်းလွယ်သလို ကျည်တခေတ်မှာလည်း သေနတ်ကလေးတွေ လူတိုင်းဝယ်ချင်ကြမှာပါပဲ။ စစ်နဲ့အကျွမ်းတဝင်ရှိလေလေ သာမန်လူထုမှာပါ ဘယ်လို ပဋိပက္ခမဆို အကြမ်းဖက်မှုနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ အသိက တစတစကြီးထွားလာလေ ဖြစ်ပါတယ်။ လတ်တလောမှာ gender အခြေပြု အကြမ်းဖက်မှုတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း ကျယ်ကျယ်လောင်လောင် ကြားလာရတာက ရှေ့ပြေးနိမိတ်တွေ ဖြစ်ပါလိမ့်မယ်။ ဒီလိုအချိန်မှာမှ မကာကွယ်ထားရင် စစ်တပ်ကျလည်း လက်နက်ချချင်ကြမှာ မဟုတ်ပါဘူး။ 

ပြည်သူတွေအပေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပကဖ၊ ပလဖ)တွေရဲ့ အကြမ်းဖက်မှုတွေကို ကြားရတဲ့အခါ တော်လှန်ရေးရဲ့ တိမ်းညွတ်မှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကိုယ့်မင်း ကိုယ်တင်တဲ့ ကြားကာလအုပ်ချုပ်ရေးမှူးတွေနဲ့ စည်းကြပ်မှုမရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူကို ကြိမ်ဒဏ်ပေးတာတွေ၊ ဆန္ဒပြပွဲတွေကို ခြိမ်းခြောက်ဖျက်သိမ်းတာတွေ၊ မရေမတွက်နိုင်တဲ့ အခွန်ကောက် ဝါးတားဂိတ်တွေ၊ လက်နက်မဲ့ပြည်သူကို ပစ်ခတ်မှုတွေ၊ gender အခြေပြုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဒါတွေက တော်လှန်ရေးအောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မထုတ်ဖော်ရဲတဲ့ အားလုံးသိတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်လာပါတယ်။ ဒီလိုနဲ့ နှစ်ရှည်ကြာ စနစ်ချထားတဲ့ စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးနဲ့ စနစ်မချနိုင်သေးတဲ့ စစ်တပ်လေးတွေရဲ့ စစ်အုပ်ချုပ်ရေးအကြားမှာ ပြည်သူလူထုရဲ့ သည်းခံနိုင်စွမ်းဟာ နေ့တိုင်း အစမ်းသပ်ခံဖြစ်လာပါတယ်။ 

ဘယ်လောက်ပဲ ရည်ရွယ်ချက်ကောင်းမွန်တဲ့ တော်လှန်ရေးဖြစ်ပါစေ အဖိတ်အစင်ဆိုတာ ရှိတတ်ပါတယ်။ ခေတ်သစ် ပြည်သူ့ရေးရာအခွင့်အရေးတွေကို အုတ်မြစ်ချနိုင်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးမှာဆိုရင် ကြီးမားလှတဲ့ သွေးချောင်းစီးမှု သုံးကြိမ်တောင် ရှိခဲ့ပါတယ်။ တော်လှန်ရေးသမားတွေက ဘုရင်စနစ်ရဲ့ လက်ဝေခံမှန်သမျှကို ရက်စက်စွာ နှိမ်နင်းတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် နစ်နာခဲ့ရသူတွေနဲ့ တော်လှန်ရေးကို ဆန့်ကျင်သူတွေက ပြန်လည်ကလဲ့စားချေ အကြမ်းဖက်တယ်။ ဒီလိုနဲ့ အကြမ်းဖက်သံသရာလည်ရင်း မူလပန်းတိုင်နဲ့ဝေးကွာလာတဲ့ ပြင်သစ်တော်လှန်ရေးဟာ အာဏာရှင်စနစ်ရဲ့ ဝါးမျိုခြင်းကို ခံရပါတော့တယ်။ ပြန်ပြောင်းနားလည်ရရင် လက်နက်ကိုင်တော်လှန်ရေးမှာ ပိုလာရိုက်ဇေးရှင်း (polarization) နိုင်ငံရေးရပ်တည်ချက်တွေ အစွန်းရောက် ဝိဝါဒကွဲမှုပြင်းထန်လာတာက အဆင်းဘီးတပ်သလို ဖြစ်တတ်ပါသေးတယ်။ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်မှုမရှိသူဆိုတိုင်း၊ တော်လှန်ရေးကို ဆန့်ကျင်သူဆိုတိုင်း မြင်မြင်ရာ အကြမ်းဖက်နေတာက နောက်ဆက်တွဲသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အဆိုးဆုံးသက်ရောက်နိုင်မှုကတော့ တော်လှန်ရေးကို ပြန်လည်ဆန့်ကျင်တော်လှန်တဲ့ အတွေးအခေါ် (counter revolutionism) ထွန်းကားလာတာပါ။ 

လက်နက်ကိုင်တော်လှန်ရေးမှာ လက်နက်နဲ့တော်လှန်သင့်တာနဲ့ လက်နက်ကိုင်တော်လှန်စရာ မလိုတာတွေကို ခွဲခြားသိမြင်နိုင်ဖို့ အရေးကြီးပါတယ်။ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူနဲ့ အကြမ်းဖက်သူ (freedom fighter နဲ့ terrorist) အကြားမှာ မှုန်မှုန်ဝါးဝါး ပဝါပါးလေးတခုပဲ ခြားထားပါတယ်။ ဒါကိုထိန်းညှိဖို့ဆိုတာ ထိန်းကျောင်းတည့်မတ်မှု (check and balance) အမြဲရှိဖို့လိုပါတယ်။ ဝေဖန်ထောက်ပြသူတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ ဒေသခံပြည်သူတွေထဲကနေ ထွက်ပေါ်လာတဲ့ ထောက်ပြဝေဖန်မှုတွေဟာ တော်လှန်ရေးကို အားနည်းစေတာမဟုတ်ဘဲ ရေရှည်မှာ အကျိုးရှိတဲ့တော်လှန်ရေးဖြစ်ဖို့နဲ့ မူလရည်မှန်းချက်တွေကနေ မယိမ်းယိုင်ဖို့အတွက် ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေမှာ တော်လှန်ရေးလုပ်ငန်းစဉ်တွေအပေါ် အပြည့်အဝမေးခွန်းထုတ်နိုင်စွမ်း ရှိရပါမယ်။ ဒါတွေကို တော်လှန်ရေးယိမ်းယိုင်စေတဲ့ အဖျက်အမှောင့်တွေလို့ ခေါင်းစဉ်တပ်တာက စစ်ကောင်စီဆန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူတွေအတွက် ပညာပေးလုပ်ငန်းတွေကလည်း အင်မတန်အရေးကြီးပါတယ်။ 

ဘယ်တော်လှန်ရေးနယ်မြေမှာမဆို လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိဖို့နဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ပံ့ပိုးကူညီဖို့ကိုလည်း ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ 

ဗမာစစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းဖို့ လူထုထဲက ပေါက်ဖွားလာတာပါ။ အခုတော့ ဒီစစ်တပ်ကြီးကို ပြည်သူတွေ တွန်းလှန်တိုက်ပွဲဝင်နေကြပါတယ်။ လူထုတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း သန္ဓေမမှန်၊ အနေမမှန်ရင် လူထုက ကျောခိုင်းပါလိမ့်မယ်။ တိုင်းပြည်ကြီးရဲ့ ကောင်းရာကောင်းကြောင်း ကြိုးပမ်းပေးနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တွေရယ်၊ ခေါင်းဆောင်ကြီးတွေရယ်ဟာ သေနတ်အဆိပ်၊ ကျည်အဆိပ် မသင့်ကြဖို့ ကြိုတင်ကာကွယ်ကြရမှာပါ။ ပြည်သူတွေရဲ့မျှော်လင့်ချက် နွေဦးတော်လှန်ရေးဟာ အမုန်းတရားဖွဲ့ လက်စားချေတော်လှန်ရေးအဖြစ် အတိမ်းအစောင်းမဖြစ်သွားဖို့ လိုပါတယ်။ 

အဖေဝယ်ပေးတဲ့ ကျိုက်ထီးရိုးပြန်လက်ဆောင် ဝါးသေနတ်အရှည်ကို ကျနော်ငယ်ငယ်က ဘယ်သွားသွား တကိုင်ကိုင်နဲ့ မောင်နှမချင်းတောင် သေနတ်လု ရန်ပြုခဲ့ဖူးပါတယ်။ လူတယောက် လက်နက်ကိုင်တတ်ဖို့ အချိန် ဘယ်လောက်လိုပြီး လက်နက်စွန့်ဖို့ရော အချိန် ဘယ်လောက်လိုပါသလဲ။ စစ်နဲ့ ကျွမ်းဝင်လာတဲ့ ခေတ်သစ်မှာ လက်နက်ကိုင်ရင်း လူတယောက်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရတာက စွဲလမ်းစရာဖြစ်နေပြီလားဆိုတာ ပြန်လည်သုံးသပ်ကြစေလိုပါတယ်။ 

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles