ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အဖြေလွှာတွေ မီးလောင်တာ ကျောင်းသားတွေ အပြစ်လား

ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာ စီမံခန့်ခွဲမှု ... အားနည်းချက်တွေ၊ တာဝန်ယူမှု ကင်းမဲ့မှုတွေ၊ ပညာရေးရဲ့ အခြေခံသဘောတရားနဲ့ ကျောင်းသားတွေအပေါ် နားလည်မှု အားနည်းတာတွေ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။​

မန္တလေးတက္ကသိုလ်မှာ ထိန်းသိမ်းထားတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ရတာဟာ နိုင်ငံရဲ့ ပညာရေးကဏ္ဍအတွက် ဝမ်းနည်းစရာအလွန်ကောင်းသလို စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။​ အခုလို အရေးကြီးတဲ့ စာမေးပွဲအဖြေလွှာတွေ ပျက်စီးဆုံးရှုံးရတာဟာ မမျှော်မှန်းထားတဲ့ မတော်တဆမှုတခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အားနည်းချက်တွေ၊ တာဝန်ယူမှု ကင်းမဲ့မှုတွေနဲ့ ပညာရေးရဲ့ အခြေခံသဘောတရားနဲ့ ကျောင်းသားတွေအပေါ် နားလည်မှု အားနည်းတာတွေကို ထင်ထင်ရှားရှား ပေါ်လွင်နေသလို လိုအပ်ချက်တွေများစွာ ရှိနေတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြနေပါတယ်။​

အဓိကပြဿနာက ပညာရေးရဲ့ အခြေခံဖြစ်တဲ့ စာမေးပွဲလုံခြုံရေးနဲ့ အဖြေလွှာတွေ ထိန်းသိမ်းတဲ့ စီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းတာ ဖြစ်ပါတယ်။ နိုင်ငံနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် အရေးပါတဲ့ စာမေးပွဲအဖြေလွှာတွေကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်၊ စနစ်တကျစီမံထားတဲ့ ဂိုဒေါင် ဒါမှမဟုတ် သိုလှောင်ခန်းတွေမှာ ထိန်းသိမ်းထားဖို့က စာမေးပွဲကျင်းပရေးရဲ့ အဓိကတာဝန်ပါ။​ ဘယ်လိုအခြေအနေမျိုးမှာမဆို အခုလို အစုလိုက်အပြုံလိုက် ပျက်စီးဆုံးရှုံးသွားရတာဟာ လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုတွေမှာ ချွတ်ယွင်းချက်တွေ ကြီးကြီးမားမားရှိနေတယ်ဆိုတာ ငြင်းမရပါဘူး။​ ဒီအချက်ဟာ တာဝန်ယူမှုကင်းမဲ့မှုရဲ့ ပထမဆုံးနဲ့ အထင်ရှားဆုံး အဆင့်ပဲ ဖြစ်ပါတယ်။ မိမိတို့ရဲ့ တာဝန်ဖြစ်တဲ့ အရေးကြီးစာရွက်စာတမ်းတွေအတွက် လုံခြုံရေးကို ကောင်းကောင်းမွန်မွန် မစီမံနိုင်တာဟာ နစ်နာမှုတွေရဲ့ အစပါပဲ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အခုဖြစ်စဉ်မှာ ထင်ထင်ရှားရှားမြင်နေရတဲ့ လိုအပ်ချက်တွေကတော့ –

၁။ ခိုင်မာတဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးစနစ် မရှိတာ

အဖြေလွှာတွေကို မီးဘေး၊ ရေဘေး၊ ခိုးယူမှုဘေး စတဲ့ အန္တရာယ်အမျိုးမျိုးကနေ ကာကွယ်နိုင်မယ့် စံချိန်မီ လုံခြုံရေးစနစ်နဲ့ သိုလှောင်တဲ့ပုံစံတွေ ချွတ်ယွင်းနေတယ်လို့ ယူဆရပါတယ်။ အရေးကြီးစာရွက်စာတမ်းတွေ ထားသိုတဲ့နေရာဟာ ပုံမှန်ဂိုဒေါင်မျိုး မဖြစ်သင့်ဘဲ အထူးဂရုပြုထားတဲ့ နေရာ ဖြစ်သင့်ပါတယ်။

၂။ လုပ်ငန်းလည်ပတ်မှု စံသတ်မှတ်ချက် (SOP) တွေ အားနည်းတာ ဒါမှမဟုတ် မလိုက်နာတာ

အဖြေလွှာတွေကို လက်ခံ၊ စုဆောင်း၊ သယ်ယူ၊ ပို့ဆောင်၊ ထိန်းသိမ်း စတဲ့ လုပ်ငန်းအဆင့်တိုင်းမှာ တိကျသေချာပြီး လုံခြုံရေးကို အဓိကထားတဲ့ လုပ်ငန်းစဉ် (SOP) တွေ ချမှတ်ထားဖို့နဲ့ အဲဒီလုပ်ငန်းစဉ်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အခုလို ဖြစ်ရတာဟာ အဲဒီလုပ်ငန်းစဉ်တွေ ချွတ်ယွင်းနေတာကို ပြနေပါတယ်။​

၃။ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု (crisis management) အစီအစဉ် မရှိတာ ဒါမှမဟုတ် အားနည်းတာ

မီးဘေး ဒါမှမဟုတ် တခြားဘေးအန္တရာယ်တွေ ဖြစ်လာပါက အဖြေလွှာတွေကို ဘယ်လို အမြန်ကယ်ဆယ်ရမလဲ၊ ဘယ်လို အစားထိုးစီမံခန့်ခွဲရမလဲ စတဲ့ အရေးပေါ်အခြေအနေဆိုင်ရာ တုံ့ပြန်မှု အစီအစဉ် (contingency plan)တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ အခုလို ဖြစ်ပြီးတဲ့နောက်မှာ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး မရေမရာ ဖြစ်နေတာက အစီအစဉ်တွေ မရှိတာ ဒါမှမဟုတ် ထိရောက်မှု မရှိနေတာကို ပြနေပါတယ်။​

၄။ ဆုံးဖြတ်ချက်ချတာမှာ ကျောင်းသားဗဟိုပြုချဉ်းကပ်မှု ကင်းမဲ့တာ

ပြဿနာတခု ဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ မိမိတို့အဆင်ပြေဖို့ကို ဦးစားမပေးဘဲ ကျောင်းသားတွေအပေါ် ဘယ်လိုထိခိုက်မှု ရှိနိုင်သလဲဆိုတာကို အဓိကထား စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။ အခုလို စာမေးပွဲပြန်ဖြေခိုင်းဖို့ အလွယ်တကူ ဆုံးဖြတ်တာဟာ ကျောင်းသားတွေရဲ့ အခက်အခဲ၊ စိတ်ဖိစီးမှုနဲ့ အနာဂတ်ကို ဦးစားမပေးဘဲ စီမံခန့်ခွဲမှု အမှားရဲ့ နောက်ဆက်တွဲကို ကျောင်းသားဆီ လွှဲချလိုက်တာပဲ ဖြစ်ပါတယ်။​

၅။ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူသားကဏ္ဍအပေါ် နားလည်မှု နည်းပါးတာ

ပညာရေးဆိုတာက စာမေးပွဲအမှတ် ဒါမှမဟုတ် စာရွက်စာတမ်းသက်သက် မဟုတ်ဘဲ ကျောင်းသားတဦးချင်းစီရဲ့ ဘဝတည်ဆောက်မှု၊ မျှော်လင့်ချက်တွေနဲ့ ဆက်စပ်နေတာကို နားလည်ဖို့ လိုအပ်ပါတယ်။ စာမေးပွဲတခုအတွက် ကျောင်းသားက ဘယ်လောက်အားထုတ်ထားရတယ်၊ ဘယ်လောက်စိတ်လှုပ်ရှားစိုးရိမ်ရတယ်၊ ဘယ်လောက် မျှော်လင့်ချက်ထားတယ်ကို စာနာနားလည်မှုကင်းမဲ့တာဟာ အခုလို လွယ်လွယ်ကူကူ ပြန်ဖြေခိုင်းဖို့ ဆုံးဖြတ်လိုက်တာမျိုးကို ဖြစ်စေပါတယ်။​

စီမံခန့်ခွဲမှုဆိုင်ရာ အထက်ပါအားနည်းချက်တွေ၊ လိုအပ်ချက်တွေနဲ့ တာဝန်ယူမှု ကင်းမဲ့တာတွေရဲ့ တိုက်ရိုက်အကျိုးဆက်ကတော့ သက်ဆိုင်ရာ ကျောင်းသားတွေရဲ့ အဖြေလွှာတွေ ပျက်စီးဆုံးရှုံးပြီး သူတို့ရဲ့ စာမေးပွဲရလဒ်တွေကို မဆုံးဖြတ်နိုင် ဖြစ်သွားစေတာပါပဲ။ ဒါတင်မက အဲဒီချွတ်ယွင်းချက်တွေအပေါ် ထပ်ဆင့် မှားယွင်းတဲ့ ကိုင်တွယ်မှု (ကျောင်းသားကို ပြန်ဖြေခိုင်းဖို့ စီစဉ်တာ) က ကျောင်းသားတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမို တိုးစေပါတယ်။ အပြည်ပြည်ဆိုင်ရာ စာမေးပွဲစီမံခန့်ခွဲမှု နည်းလမ်းတွေအရ အခုလို အရေးပေါ် အခြေအနေတွေမှာ ကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေခိုင်းတာဟာ နောက်ဆုံးပိတ် ရွေးချယ်မှုသာဖြစ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ တခြားနည်းလမ်းတွေ (ဥပမာ-အဖြေလွှာတွေ ပြန်လည်ရယူနိုင်မှု ရှိ၊ မရှိ စေ့စေ့စပ်စပ် စစ်ဆေးတာ၊ တခြားသက်သေခံအချက်အလက်တွေ အသုံးပြုနိုင်မလား စဉ်းစားတာ စသည်ဖြင့်) ကို ဦးစွာ ရှာဖွေလေ့ရှိပါတယ်။ အခုလို အလွယ်တကူ ပြန်ဖြေခိုင်းဖို့ ချဉ်းကပ်တာဟာ အခြေအနေကို တိတိကျကျ မကိုင်တွယ်တတ်တာ၊ တာဝန်ယူလိုစိတ် နည်းပါးတာနဲ့ ပညာရေးအပေါ် နားလည်မှု ကင်းမဲ့တာတွေကို ပေါ်လွင်စေပါတယ်။

ဆိုရရင် တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ မီးလောင်ပျက်စီးတဲ့ ဖြစ်စဉ်ဟာ ရိုးရှင်းတဲ့ မတော်တဆမှုတခုအဖြစ် ရှုမြင်လို့ မရဘဲ အရေးကြီးတဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေအပေါ်  စီမံခန့်ခွဲပုံက ဘယ်လောက်အားနည်းချွတ်ယွင်းနေတယ်၊ ဘယ်လိုနေရာတွေမှာ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတယ်၊ တာဝန်ယူမှု ဘယ်လောက်ကင်းမဲ့နေတယ်ဆိုတာနဲ့ ပညာရေးနဲ့ ကျောင်းသားတွေရဲ့ ဘဝအပေါ်  နားလည်မှု ဘယ်လောက်နည်းပါးနေတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ လိုအပ်ချက်တွေ၊ တာဝန်မဲ့မှုတွေနဲ့ ပညာရေးအပေါ် နားလည်မှုကင်းမဲ့တာတွေ ဆက်ရှိနေသမျှကာလပတ်လုံး မြန်မာ့ပညာရေးဟာ တိုးတက်ကောင်းမွန်လာဖို့ လမ်းစမမြင်နိုင်ဘဲ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပဲ ထိခိုက်နစ်နာနေမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်စဉ်တခုပဲ ဖြစ်တဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်တင်ပြလိုက်ရပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles