ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ငလျင်ဒဏ်ကြားက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ကမ္ဘာ့အလယ်မှာ အထီးကျန်မှု၊ မေတ္တာငတ်မွတ်မှု၊ အကူအညီမဲ့မှု၊ ဂုဏ်သိက္ခာမဲ့မှု၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ များစွာသော စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ... သက်ဆိုင်ရာမူဝါဒချမှတ်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အရေးတကြီး ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေဖြစ်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ ကိုဗစ်ကာလနောက်ပိုင်း နိုင်ငံရေးပဋိပက္ခတွေ စတင်လာတဲ့အချိန်ကစလို့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုဟာ တိုးတက်လာတာမရှိဘဲ တဖြည်းဖြည်းနိမ့်ပါးသွားရတာ လူတိုင်းအသိပါ။ ဒီနောက် စစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာတယ်။ ကုန်ဈေးနှုန်း အဆမတန်ကြီးပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားတယ်။ ရေဘေးတွေ ဖြစ်လာတယ်။ စစ်မှုထမ်းဥပဒေကြောင့် တပူပေါ် နှစ်ပူဆင့်တာတွေ ဖြစ်လာတယ်။ အခု ငလျင်ဘေးဖြစ်ချိန်မှာတော့ မြန်မာပြည်သူလူထုဟာ သမိုင်းစဉ်တလျှောက်မှာ အဆိုးဝါးဆုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုကို ခံစားလာရပါတယ်။ 

ပုံမှန်အားဖြင့် ဥတုကပ်ဘေးတွေနဲ့ကြုံတဲ့အခါ အိုးအိမ်တိုက်တာနဲ့ ငွေကြေးဥစ္စာ ထိခိုက်ပျက်စီးမှုတွေလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကိုပဲ မြင်လေ့မြင်ထ ရှိကြပါတယ်။ ဒါပေမဲ့ တဖက်မှာလည်းပဲ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေက မမြင်သာတဲ့ အပိုင်းမှာ ကြီးစွာဖြစ်နေပါတယ်။ ဒါကလည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေလို လုံးဝပြန်လည်တည်ဆောက်ယူရမယ့်၊ လျစ်လျူရှုထားလို့မရတဲ့ မမြင်သာတဲ့အပိုင်းဖြစ်တယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဥတုကပ်ဘေးတွေ ဖြစ်ပေါ်လာတဲ့အခါ ကူညီကယ်ဆယ်ရေးကိစ္စတွေမှာ အဓိကတာဝန်ရှိတာက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့တာဝန်ယူထားတဲ့ အစိုးရဖြစ်ပေမဲ့ မြန်မာပြည်မှာ လက်ရှိ ဒါမျိုးတုံ့ပြန် ဆောင်ရွက်ပေးနိုင်တဲ့ အစိုးရ ရှိမနေပါဘူး။ ‘လူထုမှ လူထုဆီသို့’ ဆိုတဲ့ မြန်မာပြည်မှာ လုပ်နေကျ ကူညီကယ်ဆယ်ရေးထုံးစံအတိုင်းပဲ အချင်းချင်း ကူညီကြရတာပါ။ ဒီတခါ ငလျင်ဘေးမှာတော့ ကယ်ဆယ်ရေး ပစ္စည်းမစုံလင်မှု၊ မမျှော်မှန်းထားလောက်အောင် ဘေးဆိုးကပ်ဆိုးရဲ့အရွယ်အစားကြီးမားမှုတွေကြောင့် ‘လူထုမှ လူထုဆီသို့’ ဆိုတဲ့ ကူညီကယ်ဆယ်မှုတွေကလည်း အများကြီး ထိရောက်မှုမရှိဘဲ ဖြစ်ခဲ့ရပါတယ်။ 

နိုင်ငံတကာ အကူအညီဆိုတာကလည်း သယ်ယူပို့ဆောင်ရေးအချိန်တွေ၊ ပေးပို့တဲ့ပမာဏအကန့်အသတ်ရှိမှုတွေ ဒါတွေကြောင့် ကူညီဆယ်ရေးလုပ်ငန်းတွေဟာ အကန့်အသတ်ရှိခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေးကူညီမှုတွေကလည်း ပြည်သူလူထုအတွက် ဘယ်လိုပုံစံနဲ့ ထိထိရောက်ရောက် ရောက်သွားလဲဆိုတာ သိပ်မမြင်ရသေးပါဘူး။ ပမာဏကိုသာ ကြားရသေးတာပါ။ တကယ်တမ်းတော့ ဒီငလျင်လိုပြဿနာမျိုးတွေကို နိုင်ငံအစိုးရရဲ့ ကြိုတင်စီမံဆောင်ရွက်မှုတွေနဲ့သာ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ နိုင်ငံအစိုးရက အားမကိုးရတဲ့အခါ နိုင်ငံခြားက ရောက်လာတဲ့ အကူအညီတွေအပေါ် စိတ်ပိုင်းဆိုင်ရာအရ အရမ်းမျှော်ကိုးခဲ့ကြတဲ့ ပြည်သူလူထုရဲ့ စကားသံတွေကို မီဒီယာနေရာအနှံ့မှာ တွေ့ရပါတယ်။ နိုင်ငံခြားက ကယ်ဆယ်ရေးသမားတွေကို ဖက်ပြီးငိုနေတဲ့ပုံရိပ်တချို့ကိုလည်း တွေ့ကြရမှာပါ။ ဒါတွေဟာ ဘာကိုပြနေလဲဆိုရင် ပြည်သူလူထုရဲ့ အားငယ်မှု၊ ကူရာကယ်ရာမဲ့မှု၊ ကြေကွဲဝမ်းနည်းမှု ဒါတွေကို ပြနေပါတယ်။ 

တဆက်တည်းမှာပဲ ဒီနှစ်တွေအတွင်းရခဲ့တဲ့ စိတ်အနာတရများစွာက ဘယ်တော့မှမကျက်နိုင်တော့မယ့် စိတ်ဒဏ်ရာပေါင်းများစွာအဖြစ် ပြောင်းလဲလို့လာနေခဲ့ပါပြီ။ ဒါဟာ ပြည်တွင်းမှာ ဥပမာပြစရာမလိုအောင် ထင်ထင်ရှားရှားတွေ့နေရသလို ပြည်ပထွက်ခွာသွားရတဲ့ မြန်မာပြည်သူပြည်သားတွေတောင်မှ ခံစားလာရတဲ့ အပိုင်းပါ။ ပြည်ပရောက်မြန်မာတွေရဲ့ အင်တာဗျူးတွေ၊ သူတို့ရဲ့ကိုယ်ပိုင်စာမျက်နှာတွေကတဆင့် သူတို့ခံစားချက်တွေကို ရေးသား ပြောဆိုကြတာတွေ အများကြီးကနေ သတိကပ် ကြည့်နိုင်ပါတယ်။ အင်တာဗျူးတခုမှာ အမျိုးသမီးတယောက်က “တခုခုဆိုးဝါးတာဖြစ်တိုင်း ငါတို့မြန်မာနိုင်ငံသားတွေများလား မသိဘူး” ဆိုတဲ့ စိတ်ဒဏ်ရာအမြဲတမ်းဖြစ်နေကြောင်း ပြောပြထားတာကို တွေ့ရပါတယ်။ တချို့ကလည်း “ဘာလို့အမြဲတမ်း ငါ့နိုင်ငံပဲဖြစ်နေရတာလဲ” ဆိုတဲ့ စိတ်နဲ့ လုပ်ငန်းခွင်ထဲမှာတောင် မရှောင်နိုင်ဘဲ ငိုရကြောင်း ပြောဆိုထားတာတွေလည်း တွေ့ရပါတယ်။ ဒီနည်းတူပြောထား၊ ရေးထားကြတာတွေလည်း အများကြီးပါ။ 

ဒီအချက်တွေကို ကြည့်ရင် အဆိုးဝါးဆုံး၊ အမှောင်မိုက်ဆုံး နှစ်တွေကို ကျော်ဖြတ်ခဲ့ရတဲ့၊ ကျော်ဖြတ်နေရဆဲ မြန်မာနိုင်ငံသားတွေအနေနဲ့ မပျော်ရွှင်မှုတခုတည်းသာ မကတော့ဘဲ အခြေအနေအရပ်ရပ် ဖန်တီးမှုကြောင့် စိတ်ဒုက္ခပေါင်းများစွာအပြင် စိတ်ဒဏ်ရာပေါင်းများစွာ ရရှိခဲ့ပြီးပြီဆိုတာကတော့ ငြင်းစရာမလိုတဲ့ ကိစ္စတရပ်ပါ။ ကမ္ဘာ့အလယ်မှာ အထီးကျန်မှု၊ မေတ္တာငတ်မွတ်မှု၊ အကူအညီမဲ့မှု၊ ဂုဏ်သိက္ခာမဲ့မှု၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ များစွာသော စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးတွေလို ပြန်လည်ထူထောင်ပေးရမယ့် ကိစ္စရပ်တခုအဖြစ် သက်ဆိုင်ရာမူဝါဒချမှတ်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အရေးတကြီး ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေဖြစ်ပါတယ်။ 

လက်ရှိအခြေအနေအနေနဲ့ အားလုံးလုပ်နိုင်တာကတော့ ကိုယ့်နိုင်ငံသားအချင်းချင်း တယောက်နဲ့ တယောက် အပြန်အလှန် အားပေးတာ၊ မြန်မာ့စိတ်ကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ပညာပေးတာ၊ တိုင်ပင်ဆွေးနွေးတာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုပေးတာအပြင် ပညာရေးအဖွဲ့အစည်းတွေကလည်း စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ သင်ကြားတာ၊ မျှဝေပေးတာတွေကို အများကြီး တတ်နိုင်သလောက်လုပ်ပေးရမယ့် အခြေအနေ ဖြစ်ပါတယ်။ 

အနှစ်ချုပ်ရရင် လူဆိုတာ ရုပ်တခုတည်းနဲ့ အသက်ရှင်တာမဟုတ်ဘဲ ရုပ်နဲ့ နာမ်နှစ်ခုနဲ့ အသက်ရှင်တာ ဖြစ်လို့ နှစ်ခုလုံး အင်အားပြည့် ကျန်းမာနေမှ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အတွက် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးဟာ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးလိုမျိုး အရေးတကြီးလိုအပ်နေတဲ့ အချက်ဆိုတာကတော့ လုံးဝအသေအချာ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles