ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ငါကြီးလာရင်… မပြည့်စုံတော့တဲ့ ဝါကျများ

လွတ်မြောက်နယ်မြေက ဗုံးခိုကျင်းထဲမှာ ကြောက်ရွံ့နေရတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေနဲ့ စစ်ကောင်စီထိန်းချုပ်ရာဒေသက ပန်းကုံးတွေ၊ ရေဘူးတွေ၊ စားဖွယ်တွေကို ရောင်းနေရတဲ့ ကလေးငယ်တွေရဲ့ လက်တွေဟာ မြန်မာပြည်ရဲ့ ပုံရိပ်ဖြစ်နေပါတယ်။

‘ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း’ ဆိုတဲ့ ကလေးငယ်တွေရဲ့ အသံလှိုင်းမှာ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုအရိပ်အငွေ့တွေ မရှိနိုင်တော့ပါဘူး။ သားသား ကြီးလာရင် ဘာလုပ်မယ်၊ မီးမီးကြီးလာရင် ဘာလုပ်မယ် ဆိုတဲ့ စကားသံတွေက သူတို့အာဏာစက်ကို အန္တရာယ်ဖြစ်စေတယ်လို့များ မှတ်တာလားမသိ။ ကြဲချလိုက်တဲ့ ဗုံးဟာ စာသင်ကျောင်းအပေါ် ကျသွားတာတင်မကဘဲ အနာဂတ်များစွာကို မွစာကြဲသွားစေခဲ့ပါတယ်။ 

စာသင်ကျောင်းဆိုတာ အနာဂတ်ကို ပုံဖော်ရာဌာန၊ ငြိမ်းချမ်းစွာ ပညာသင်ယူဖို့ လုံခြုံတဲ့ ရိပ်မြုံ၊ လူသားချင်းစာနာမှု စံနှုန်းတခု ဖြစ်ရမှာပါ။ ဒါပေမဲ့ အခုတော့ စစ်အာဏာရှင်တွေရဲ့ သွေးစွန်းတဲ့ လက်ချက်ကြောင့် ငိုကြွေးသံတွေနဲ့ ပြည့်နှက်နေရပါပြီ။ အာဏာရှင်ဇာတ်သိမ်းကို မျှော်ရင်းနဲ့ပဲ နောင်လာနောက်သားတွေကို ပြန်ပြောပြဖို့ ရင်နင့်ဖွယ် ရက်စွဲတွေ ထပ်တိုးလာခဲ့ရတယ်။ မေ ၂၅ ရက်၊ ၂၀၂၅ ခုနှစ် နံနက်ပိုင်းမှာ ဘာမဆိုလုပ်ရဲသူကြီးရဲ့ နောက်လိုက်တွေဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာက စာသင်ကျောင်းအပေါ် ဗုံးကြဲတိုက်ခိုက်လိုက်တာကြောင့် ကျောင်းသူကျောင်းသား အယောက် ၂၀ ကျော်နဲ့ ဆရာမ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

သူတို့(စစ်ကောင်စီ)ရဲ့ လုပ်ရက်ပုံဟာ တုန်လှုပ်စရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့စရိုက်က အဲ့ထက် ပိုကြမ်းကြုတ်တာကိုလည်း လုပ်ရဲ လုပ်ရက်ကြသူတွေ ဖြစ်လို့ပါပဲ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလထုတ် အစီရင်ခံစာတခုမှာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ် ၆၀၂ ဦး အဖမ်းခံရပြီး ၇၇၂ ဦး အသတ်ခံရပါတယ်။ သွေးစက်တွေ ပြန့်ကျဲနေတဲ့ မြေပြင်ထက်မှာ အိပ်စက်နေတဲ့ ကလေးငယ်တွေဟာ ငြိမ်းချမ်းခြင်းသင်္ကေတကို ကိုယ်စားပြုရမယ့်အစား အကြမ်းဖက်မှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။

‘မစားရတဲ့ အမဲ၊ သဲနဲ့ပက်’ ဆိုသလိုမျိုး စစ်ကောင်စီဟာ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေက အရပ်သား ပစ်မှတ်တွေကို နေ့စဉ်ရက်ဆက် တိုက်ခိုက်ပါတယ်။ ‘ရန်သူ့နယ်မြေမှာ နေထိုင်သူမှန်သမျှ ငါတို့ရန်သူ’၊ ‘မြေကျန်ရင် ရပြီ’ ဆိုတဲ့ အယူအဆတွေကို ကိုင်စွဲပြီး အကြမ်းဖက်နေပုံ ပေါ်ပါတယ်။ ထိခိုက်သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်ပါတယ်။ အဓိကတိုက်ခိုက်တဲ့ နေရာတွေကို ပြန်ကြည့်ရင်လည်း စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ လူနေရပ်ရွာ၊ စစ်ဘေးရှောင်စခန်း စတာတွေပဲ ဖြစ်နေပါတယ်။ Myanmar Witness ရဲ့ အစီရင်ခံစာအရ လေးနှစ်အတွင်းမှာ ပညာရေးဆိုင်ရာ အဆောက်အဦတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့မှု စုစုပေါင်း (၁၇၄) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကျောင်းဝင်ပေါက်မှာ ကပ်ထားတတ်တဲ့ ‘ကြိုဆိုပါတယ်’ စာတန်းနေရာမှာ ‘သတိ..ဗုံးအန္တရာယ်’ ဆိုတဲ့ သတိပေးချက် အစားထိုးလာရတာကို ကြည့်ရင် မြန်မာပြည်ရဲ့ ပညာရေးဆိုင်ရာ လုံခြုံရေးသရုပ်သကန်ဟာ ဘယ်လောက်ဆိုးရွားနေပြီဆိုတာကို သိမြင်နိုင်ပါတယ်။ 

ကိုဗစ်ရောဂါကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှု လှိုင်းတံပိုးတွေကြား ကလေးတွေခမျာ စာသင်ခန်းထဲ ပြန်ဝင်ဖို့ လမ်းပိတ်သွားခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်က UNICEF အစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံက ကလေးငယ် ခြောက်သန်းလောက်ဟာ စာသင်ခန်းတွေနဲ့ ဝေးကွာနေရပြီး ဒီအထဲမှာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဒေသက ကလေးတွေရော တော်လှန်ရေးဇုန်က ကလေးတွေပါ ပါဝင်နေပါတယ်။ ပဋိပက္ခတွေရဲ့ မီးတောက်တွေဟာ စစ်ကောင်စီနယ်မြေက ကလေးတွေရဲ့ အနာဂတ်တွေကိုပါ လောင်မြိုက်စေပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ် အရွယ်အကြား ကလေးအလုပ်သမားဦးရေ ၁.၁၃ သန်း ရှိပြီး စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမားဦးရေ ပိုမိုမြင့်တက်လာဖွယ် ရှိပါတယ်။ ကမ္ဘာကြီးက ကလေးတိုင်းကို ပညာသင်ခွင့် ဆိုတဲ့ အခွင့်အရေးတခု ပေးထားပေမဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေရဲ့ လမ်းမထက်မှာတော့ အဲဒီအခွင့်အရေးဟာ ပြေးလွှားရုန်းကန်နေရတဲ့ ကလေးငယ်တို့ရဲ့ ချွေးစက်နဲ့အတူ ရောထွေးခဲ့ရပါပြီ။

ဆင်းရဲမွဲတေမှုနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်မားမှုတွေရဲ့ ဒွိသဘော ရောပေါင်းဖိစီးမှုတွေအောက်မှာ ကလေးတွေရဲ့ ပညာသင်နှစ်ဟာ ဝေးလင့်ကင်းကွာခဲ့ရပါတယ်။ ဒါတွေကြောင့်ပဲ အရပ်သားအစိုးရလက်ထက်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေ ပျမ်းမျှ ၉ သိန်းခွဲကျော်ရှိရာကနေ အခု ၂၀၂၅ ခုနှစ်မှာ နှစ်သိန်းကျော်ကျော်ပဲ ရှိတော့တာကို တွေ့လာရပါတယ်။ လွတ်မြောက်နယ်မြေက ဗုံးခိုကျင်းထဲမှာ ကြောက်ရွံ့နေရတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေနဲ့ စစ်ကောင်စီထိန်းချုပ်ရာဒေသက ပန်းကုံးတွေ၊ ရေဘူးတွေ၊ စားဖွယ်တွေကို ရောင်းနေရတဲ့ ကလေးငယ်တွေရဲ့ လက်တွေဟာ မြန်မာပြည်ရဲ့ ပုံရိပ်ဖြစ်နေပါတယ်။ အရှေ့တောင်အာရှရဲ့ စာတတ်မြောက်မှုနှုန်း ဒုတိယအနိမ့်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို ဉာဏ်ပညာနဲ့ ဖြေရှင်းနိုင်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာဖို့ စာသင်ကျောင်းဆိုတဲ့ ငြိမ်းချမ်းရေးစက်ရုံတွေကို မွမ်းမံဖို့လိုနေပါပြီ။

ကလေးဘဝဆိုတာ ကောင်းကင်ကို မော့ကြည့်ရင် မိုးပေါ်ပျံဖို့ အိပ်မက် မက်ရမယ့်အရွယ်ပါ။ ဒါပေမဲ့ သူတို့အဖို့ ကောင်းကင်ဟာ ကြောက်စရာတခုကို ဖြစ်လို့။ လေယာဉ်သံတချက် ကြားတာနဲ့ သူတို့လေးတွေ ပုန်းတတ်လာတယ်။ မနက်ဖြန်ကျရင် ကျောင်းမှာ ဘာတွေသင်ရမှာလဲ ဆိုတာထက် ဘယ်ဘူတာမှာ ဘာရောင်းရမလဲဆိုတာကို တွေးနေရတယ်။ ဒါဟာ ဘယ်လောက်ကြီးမားတဲ့ ရက်စက်မှုလဲ။ ကလေးငယ်တယောက်ရဲ့ စိတ်ကူးဉာဏ်ကို သေနတ်၊ လေယာဉ်၊ တင့်ကားတွေနဲ့ ခြိမ်းခြောက်တာ၊ တကိုယ်ကောင်းဆန်တဲ့စိတ်တွေနဲ့ ဖျက်ဆီးပစ်လိုက်တာ၊ ဒါဟာ ပုစဉ်းငယ်လေးတွေရဲ့ အတောင်ပံတွေကို ကျောက်တုံးနဲ့ဖိပြီး ချိုးပစ်လိုက်သလိုပါပဲ။

‘ငါကြီးလာရင် ဆရာဝန်လုပ်မယ်၊ ငါကြီးလာရင် လေယာဉ်မောင်းမယ်၊ ငါကြီးလာရင်…’ ဆိုတဲ့ နောက်ဆုံးစာကြောင်းကို အခုအခါ ဘယ်သူမှ ဖြည့်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ကလေးတွေရဲ့ အိပ်မက်တွေကို ထပ်မပျက်စီးရအောင် ဒီဇာတ်လမ်းကို ဘယ်လိုဇာတ်သိမ်းရမှာလဲဆိုတာ ကျနော်တို့အားလုံး သိပါတယ်။ ဒီဝါကျတွေရဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ ကျနော်တို့ ဆက်လက်အကောင်အထည်ဖော်ရမယ်။ ဘာလို့လဲဆိုတော့ ဒီကလေးတွေရဲ့ ‘ငါကြီးလာရင်…’ဆိုတဲ့ စကားလုံးတိုင်းဟာ ကျနော်တို့ တာဝန်ဖြစ်နေလို့ပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles