ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ရန်ကုန်၏ အခြားမျက်နှာစာ

နိုင်ငံက အရင်လိုအခြေအနေ လွယ်လွယ်နဲ့ ပြန်ရောက်မလာနိုင်တာကို နိုင်ငံရေးနားမလည်တဲ့သူတောင် သိပါတယ်။ ဒါကြောင့်လည်း ရေနွေးအိုးထဲ အထည့်ခံရတဲ့ ဖားတွေလို မသေမချင်း ဒီအိုးထဲမှာပဲ ပျော်ပျော်ကြီး ကူးခတ်နေကြတာ ဖြစ်မယ်။

ဈေးချနေတဲ့ အဝတ်အစားတွေ၊ မထွက်ခင် ဖောက်သည်ချခံလိုက်ရတဲ့ ကိုရီးယားကားအပိုင်းတိုလေးတွေ၊ Tik Tok ဆော့တဲ့ မြန်မာမင်းသားမင်းသမီးတွေ တက်နေတဲ့ Facebook ပေါ်မှာ ဒီ ‘ရန်ကုန်မြို့ကြီး ပိုဆင်းရဲလာတယ်’ ဆိုတဲ့ ပို့စ်က ဘယ်ကနေ ရောက်လာလဲ သူ စဉ်းစားမရ။ မြို့လယ်မှာ လူတွေ စည်ကားတဲ့အချိန်မို့ ကားလမ်းတွေ ပိတ်နေတော့ တက္ကစီပေါ်မှာ ပျင်းပျင်းရှိတာနဲ့ ဖတ်နေလိုက်တယ်။ ရန်ကုန်နေ လူတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်လောက် ဆင်းရဲနေတယ်လို့ ဆိုထားတယ်။ ဪ…တော်သေးတာပေါ့၊ ငါတို့ကတော့ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းထဲ ပါသေးတာပဲလို့ စိတ်အေးမိသွားပါတယ်။ စာထဲမှာ ရွှေ့ပြောင်းလုပ်သား ဆိုတာလည်း ပါတယ်။ ဆန်ဈေး၊ ဆီဈေးတွေလည်း ပါတယ်။ ဒါတွေကိုတော့ သူ သဘောမပေါက်။ ဆိုးနေကျ နှုတ်ခမ်းနီတွေ ဈေးတက်လာတာတော့ သိရဲ့။ ဒီလိုဆိုတော့လည်း ကိုယ်ပိုင်ကား မရှိပေမဲ့ အခုလို ဘယ်သွားသွား တက္ကစီလေးနဲ့ အေးဆေးသွားနိုင်နေသေးတာကိုပဲ နည်းနည်းကျေနပ်မိသေးတယ်။

သူဟာ ရွှေဇွန်းကိုက် မွေးလာသူ မဟုတ်ပေမဲ့ ဒီလိုအခက်အခဲတွေကိုတော့ မကြုံဖူးခဲ့ပါ။ အခုလည်း လေအေးပေးစက်ကောင်းကောင်းနဲ့ ကွန်ပျူတာရှေ့ထိုင်လုပ်ရတဲ့ အလုပ်မှာ လစာအထိုက်အလျောက်နဲ့ သာသာယာယာပါပဲ။ ခေတ်ပျက်ပေမဲ့ မိသားစုကလည်း အနေမပျက်ပါ။ အရင်တုန်းက အမေတို့ဟာ စုမိသမျှကို တိုက်ခန်း နှစ်ခန်းလောက် ဝယ်ထားပြီး အိမ်ငှား တင်တယ်။ အမြော်အမြင် ရှိတယ်ပဲ ပြောရမလားမသိ။ အဖေက ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး အိမ်ဈေးတွေ တက်နေတုန်း တိုက်ခန်းတွေ ရောင်းလိုက်ပြီး သူ့သူငယ်ချင်းရဲ့ ဘားတခုမှာ ရှယ်ယာဝင်လိုက်ပြန်တယ်။ အစက အမေနဲ့ စကားများကြပေမဲ့ အခုတော့ တိုက်ခန်းတခန်းလောက် ပြန်ဝယ်ဖို့ တိုင်ပင်နေကြပုံထောက်ရင် တော်တော်တွက်ခြေကိုက်ပုံ ရပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အမေတို့ တွက်ခြေကိုက်သလို သူ့အတွက်လည်း တွက်ခြေကိုက်ပါတယ်။ တခြားနေရာတွေမှာ ညဉ့်နက်အောင်နေတာမျိုး အဖေက မကြိုက်ပေမဲ့ ဒီဘားမှာတော့ အသိတွေရှိတာမို့ ညဉ့်နက်တဲ့ထိ သူ နေလို့ရပါတယ်။ သူငယ်ချင်းတွေနဲ့ တပတ်တခါလောက်တော့ သွားဖြစ်ပါတယ်။ ဘားအကြောင်း တွေးနေရင်းကနေ ဒီနေ့ အိမ်ပြန်နောက်ကျရတဲ့အကြောင်းဆီ အတွေးက ရောက်သွားပြန်တယ်။ ဒီနေ့ ရုံးတဝက်ခွင့်ယူပြီး သူငယ်ချင်းအတွက် ဆေးခန်း အဖော်လိုက်ပေးခဲ့ရတာပါ။ ဒီအတိုင်း အမျိုးသမီးရောဂါထင်ပေမဲ့ ဆရာဝန်ကို ရှင်းပြနေတာကြားရမှ မျက်လုံးပြူးသွားမိတယ်။ သူငယ်ချင်းဟာ ကိုယ်ဝန်ရှိနေတယ်ထင်လို့ လာစစ်တာပါ။ ဆေးစစ်ပြီး မဟုတ်ဘူးဆိုမှ သက်ပြင်းချနိုင်ပါတယ်။ လတ်တလော ရည်းစားမရှိတဲ့ သူငယ်ချင်းကို ပြန်မေးကြည့်တော့ ပြီးခဲ့တဲ့လက ဘားမှာ သူများတိုက်တဲ့ အရက်ကို သောက်မိပြီး သေချာမမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ ဒီတော့ သူငယ်ချင်းသာ တခုခုမှားခဲ့ရင် အပေါင်းအသင်းကြောင့် ပျက်စီးရတယ်ဆိုတာမျိုး ပတ်ဝန်းကျင်က သူ့ကို လက်ညှိုးထိုးကြအုံးမှာမို့လို့ပါ။

ပတ်ဝန်းကျင်ရဲ့ လက်ညှိုးဒဏ်က လွတ်ပေမဲ့ ခေါင်းထဲ နောက်ထပ်ပူစရာတခုက ပေါ်လာတယ်။ သူငယ်ချင်းက ဘာတွေဖြစ်ပြီး ဘယ်သူနဲ့ မှားခဲ့လဲ တခုမှ မှတ်မိပုံမပေါ်။ ဒီလိုဆိုတော့ မပြောကောင်း မဆိုကောင်း အေဘီစီဒီတွေ ကူးမလာဘူးဟု မဆိုနိုင်ပါ။ သူက အခု နိုင်ငံခြားကို ကျောင်းဗီဇာနဲ့ ထွက်ပြီး အလုပ်လုပ်ဖို့ ပြင်နေသူပါ။ ဒီကာလမှာ ဟိုနိုင်ငံက ဝင်ခွင့်ပိတ်၊ ဒီနိုင်ငံက မြန်မာဆို အလာမခံနဲ့ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံ အလုံပိတ်ဖြစ်မသွားခင် ထွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ အကုန် ပြင်ထားပြီးမှ ကျန်းမာရေး ဆေးစစ်ချက်မအောင်လို့ မထွက်ရတာမျိုး သူ အဖြစ်မခံနိုင်ပါ။ ဆိုတော့ သူငယ်ချင်းတိုက်တဲ့ အအေးကိုတောင် အရင်လို ပိုက်တချောင်းတည်း အတူမသောက်ချင်တော့တာကြောင့် လည်ချောင်းနာနေလို့ပါဆိုပြီး ငြင်းလိုက်ရပြန်တယ်။

မြန်မာနိုင်ငံမှာ မပျော်ဘူးရယ်တော့ မဟုတ်ပါ။ ပြောခဲ့သလိုပဲ သူ့မှာ မပျော်စရာ အကြောင်းရယ်လို့ မရှိ။ ဒါပေမဲ့ အတော် ပူရတာတခုတော့ ရှိပါတယ်။ စစ်မှုထမ်းဥပဒေကြောင့်ပါ။ မိန်းကလေးတွေ ခေါ်သံ မကြားမိသေးပေမဲ့ အချိန်မရွေး ထပေါက်မယ့် ဗုံးပါ။ ဒါနဲ့ပတ်သက်ပြီးလည်း သူ စုံစမ်းထားတယ်။ စာရင်းပါလာရင် ပိုက်ဆံပေးပြီး လူလဲလို့ ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်မှုထမ်းတဲ့အသက် အကျုံးဝင်နေလို့ဆိုပြီး လေဆိပ်က လှည့်ပြန်လာရတာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး လူစားလဲတာကလည်း အလှည့်ကျော်ရုံလောက်ပဲမို့ နောက်အလှည့်တွေမှာ ကိုယ် ပြန်ပါလာနိုင်သေးတယ်။ ဒီတခုကိုတော့ သူ အတော်တွေးပူရတယ်။ နိုင်ငံရေး ပြန်ကောင်းလာရင်တော့ ဒါတွေ ပူစရာမလိုတော့ပေမဲ့ နိုင်ငံက အရင်လိုအခြေအနေ လွယ်လွယ်နဲ့ ပြန်ရောက်မလာနိုင်တာကို နိုင်ငံရေးနားမလည်တဲ့သူတောင် သိပါတယ်။ ဒါကြောင့်လည်း ရေနွေးအိုးထဲ အထည့်ခံရတဲ့ ဖားတွေလို မသေမချင်း ဒီအိုးထဲမှာပဲ ပျော်ပျော်ကြီး ကူးခတ်နေကြတာ ဖြစ်မယ်။

ကားဆရာက ရုတ်တရက် ဘရိတ်အုပ်လိုက်တော့ သူ့အတွေးစ ပြတ်သွားရတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရန်ကုန်မြို့ရဲ့ ညဘက်အစည်ကားဆုံး လမ်းမကြီးနားကို ရောက်လာပြီ။ လူတွေများလွန်းလို့ တွန်းရင်းထိုးရင်း လမ်းမပေါ်ထိ လူတွေရောက်လာကြတာပါ။ ဒီလိုဆိုတော့ ဖတ်လက်စ စာဆီကို စိတ်ပြန်ရောက်သွားတယ်။ ရန်ကုန်မြို့ကြီး ဆင်းရဲနေတာ ဟုတ်ရဲ့လား ဆိုတာတောင် သံသယ ဖြစ်မိပါတယ်။ 

သူ လက်ခံတာ တခုတော့ ရှိတယ်။ ရန်ကုန်မှ မဟုတ်၊ မြန်မာတနိုင်ငံလုံးမှာ လူတန်းစား မညီမျှတာ များလွန်းတယ်။ ငွေကျပ်တည်းလို့ အိမ်တွေ ထုတ်ရောင်းသူ ရှိသလို ဝယ်နိုင်လို့ ဝယ်တဲ့သူတွေကလည်း ရှိနေဆဲပါ။ လတ်တလောတော့ ငလျင်လှုပ်တုန်းက အထပ်မြင့်အိမ်တွေ လျော်ကြေးမရကြလို့ ဒီလိုဖြစ်မှာ ကြောက်ပြီး အိမ်အရောင်းအဝယ် အေးနေတယ်လို့ အဖေတို့ပြောတာ ကြားမိရဲ့။ ဒါကြောင့်လည်း ရွှေဆိုင်တွေ ပိုရောင်းနေရပုံပါပဲ။ ထမင်းတလုပ်စားဖို့ တနေကုန် လုပ်နေကြရတယ် ပြောပေမဲ့ ဒီညဈေးတန်းမှာတော့ ကုန်အောင် မစားဘဲ ပစ်ထားခဲ့တဲ့ အစားအသောက်တွေက ပုံလို့။ ဘယ်လိုနေရာမျိုးပါလိမ့်။ ငယ်ငယ်က အဘွားပြောပြတဲ့ ပုံပြင်ထဲက ကျတ်ရွာ ဆိုတာမျိုးများလား။ ညဘက်ဆို ပွဲတွေနဲ့ စည်ကားနေပြီး မနက်ဆို ဘာမှ မရှိတော့တာမျိုးလေ။ ကိုယ်တိုင်လည်း ပါနေတော့ ဒီလိုလည်း မပြောရက်ပါ။ တဖက်ခြမ်းမှာ မြောက်ကိုရီးယားလို ဒုက္ခရောက်နေချိန် ဒီဘက်မှာ တောင်ကိုရီးယားလို စည်ကားနေတော့ တောင်မြန်မာပြည်လို့ပဲ နာမည်ပေးလိုက်ချင်ပါတော့တယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles