ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ပိုဆင်းရဲလာသော ရန်ကုန်နှင့် …

ရန်ကုန်ဟာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအတွက် ကျောတခင်းစာနားခိုရာ ဖြစ်နေသေးပေမဲ့ အေးမြတဲ့ အရိပ်တော့ မဟုတ်ပါဘူး ... ဒါပေမဲ့ နဂိုကတည်းက ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသတွေ၊ စစ်ဘေးသင့် ဒေသတွေမှာတော့ မတွေးဝံ့ရဲလောက်အောင် ကျပ်တည်းဆင်းရဲနေပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က ‘ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုအား လှစ်ဟသုံးသပ်ခြင်း’ စစ်တမ်းကို ၂၀၂၅ ခုနှစ်၊ ဇွန်မှာ ထုတ်ဝေပါတယ်။ ရန်ကုန်မြို့ကြီးရဲ့ ခန့်မှန်းလူဦးရေ ၆ ဒသမ ၂ သန်းမှာ လူဦးရေ ၂ ဒသမ ၇ သန်းက ဆင်းရဲနွမ်းပါးစွာ ရှင်သန်နေရတယ်လို့ စစ်တမ်းက ဆိုပါတယ်။ အိမ်ထောင်စု လေးစုမှာ တစုက ဆင်းရဲနွမ်းပါးနေပါတယ်လို့လည်း တင်ပြထားပါတယ်။ စစ်တမ်းကတော့ ဒါကို Urban Poverty (မြို့ပြဆင်းရဲနွမ်းပါးမှု) လို့ သုံးပါတယ်။ ရန်ကုန်လို စီးပွားရေးအချက်အချာကျပြီး စစ်မက်ပဋိပက္ခ မပြင်းထန်တဲ့ ဒေသမှာတောင် ဒီလောက်အထိ ကျပ်တည်းခက်ခဲနေကြရတာပါ။ ဆင်းရဲမွဲတေမှုရဲ့နောက်က ပညာရေး၊ လူမှုရေး ချွတ်ခြုံကျမှုတွေဟာလည်း စိုးရိမ်စရာ ကောင်းလှပါတယ်။  

ရန်ကုန်မြို့ဟာ လူဦးရေထူထပ်တဲ့မြို့ကြီးဖြစ်သလို လူတန်းစားအလွှာအစုံရှိတဲ့ မြို့ကြီးပါ။ ရန်ကုန်ရဲ့ဆင်ခြေဖုံးက စက်ရုံတွေမှာ အလုပ်လုပ်ဖို့ တခြားဒေသတွေကနေ တက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိသလို အာဏာသိမ်းပြီးနောက်မှာတော့ စစ်ရေးပဋိပက္ခတွေကို ရှောင်ရှားဖို့ ရောက်လာတဲ့ ရွှေ့ပြောင်း အခြေချသူတွေလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီရွှေ့ပြောင်းအခြေချသူတွေဟာ ရန်ကုန်မှာ အရင်ကတည်းက နေသူတွေထက် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ပိုပြီးခံစားရတယ်လို့ စစ်တမ်းက ပြောပါတယ်။ ရွှေ့ပြောင်းအခြေချလာသူတွေကို သုံးပုံပုံလိုက်ရင် တပုံက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ရှောင်ဖို့ ရောက်လာသူတွေလို့ ဆိုပါတယ်။ ဒီလိုစစ်ရှောင်လာကြသူတွေမှာ အများစုဟာ နေရာသစ်မှာ ဝင်ငွေရှာဖွေဖို့ ခက်ခဲကြပြီး စားဝတ်နေရေးအပြင် ကိစ္စအရပ်ရပ်အတွက် ဇာတိမြေက ပါလာတဲ့ ရှိစုမဲ့စုလေးတွေကို ထုခွဲရောင်းချရင်း ရှင်ကျန်ရုံတမည် ရှင်သန်နေကြရတာပါ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

စစ်တမ်းကိုဖတ်ရင်း ရန်ကုန်မြို့ကြီးရဲ့ကုန်စျေးနှုန်းတွေကို ပြန်လေ့လာကြည့်မိပါတယ်။ စစ်အာဏာမသိမ်းမီက ဆန်ကြမ်း တပြည် ကျပ် ၁,၀၀၀ မပြည့်ခဲ့ပေမဲ့ အခုတော့ ကျပ် ၅,၀၀၀ ဝန်းကျင် ရှိနေပါပြီ။ စားအုန်းဆီ တပိဿာက ၂,၅၀၀ ကျပ် ဝန်းကျင်ကနေ အခုတော့ ကျပ် ၁၀,၀၀၀ ဝန်းကျင်ပါ။ ကြက်ဥတလုံးကို ကျပ် ၁၀၀ ကနေ အခုဆို ၃၀၀-၄၀၀ ကျပ်အထိ ရှိလာတာပါ။ ဒီလိုမရပ်တန်း တက်လာတဲ့ ကုန်စျေးနှုန်းနဲ့အတူ လုပ်ခလစာတွေက လိုက်တက်မလာတဲ့အခါ ရန်ကုန်က ရှိရင်းစွဲ ဆင်းရဲနွမ်းပါးသူတွေရဲ့ စားဝတ်နေရေးဟာ မတွေးဝံ့စရာပါ။ အလုပ်အကိုင် အတန်အသင့် အဆင်ပြေတဲ့ မြို့ပြနေ အလယ်အလတ်တန်းစားတွေတောင် အတော်ခက်ခဲတဲ့ အခြေကို ဆိုက်နေကြရပါတယ်။ ချမ်းသာပြီးသားသူတွေအတွက်တော့ ‘ဆင်ပိန် ကျွဲလောက်’ ဆိုသလို အခြားလူတန်းစားအလွှာတွေနဲ့ ယှဉ်ရင် စီးပွားရေးအရ အဆင်ပြေနေဆဲပါ။

ရန်ကုန်မြို့ရဲ့ လုံခြုံရေးအခြေအနေကလည်း ခနော်နီခနော်နဲ့ပါ။ စီးပွားရေးကျပ်တည်းလာတော့ ရာဇဝတ်မှုတွေက တိုးလာပါတယ်။ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေနဲ့ လူတွေဟာ မလုံမခြုံဖြစ်လာပါတယ်။ မေလတုန်းက လူငယ်တယောက်ကို ခါးပိုက်နှိုက်ငါးယောက်က ဝိုင်းရိုက်တဲ့သတင်းကို မှတ်မိကြအုံးမှာပါ။ ရန်ကုန်ရဲ့ မြို့လယ်ခေါင် ပန်းဆိုးတန်းလမ်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အစစ်အဆေးမျိုးစုံကိုလည်း ကြောက်ရပါသေးတယ်။ စစ်ဘေးရှောင်ဖို့ ရန်ကုန်ကိုရောက်လာသူတွေဆိုရင် ဧည့်စာရင်းတိုင်ဖို့ စပြင်ကတည်းက ကြောက်နေရပါပြီ။ လာဘ်ထိုးရတာ၊ အောက်ကျို့ရတာလည်း နည်းမျိုးစုံနဲ့ပါ။ စစ်ဘေးကြောက်လို့ ရရာနည်းနဲ့ ပြောင်းလာပေမဲ့ စိတ်မလုံခြုံမှုကိုတော့ နောက်တနည်းနဲ့ ခံစားရဆဲပါပဲ။

ရန်ကုန်မြို့ကြီးရဲ့ သွားရေးလာရေးအခြေအနေကို ကြည့်ပြန်တော့လည်း YBS ဆိုတာ အရင်က ကျပ် ၁၀၀-၂၀၀ လောက်ပဲ ကျတာကနေ အခုဆို ကျပ် ၄၀၀-၅၀၀ အထိ ဖြစ်နေပါပြီ။ အသိတက္ကစီဆရာနဲ့ စကားပြောဖြစ်တော့ ‘ငါ့ညီရေ အရင်လို ရန်ကုန်မှာ တက္ကစီကို လက်တားငှားတာတွေ သိပ်မရှိတော့ဘူး၊ တက္ကစီခတွေကလည်း စျေးတွေကြီးတော့ သိပ်မစီးနိုင်ကြတော့ဘူး။ အခုဆို လက်တားငှားတဲ့လူ မရလို့ ကီလိုတက္ကစီလိုင်းတွေ(အငှားကားဆရာများအခေါ် ချန်နယ်) ချိတ်ပြီး ကားဆွဲဖို့ ကိုယ့်ကိုယ်ကိုယ် upgrade တင်နေရတယ်။ Grab ကျတော့လည်း သူတို့ကို ၂၀ ရာခိုင်နှုန်းပေးရတော့ သိပ်မကိုက်လှဘူး’ တဲ့။ ရယ်ရင်းမောရင်း ပြန်ပြောပြနေတာလေးပါ။ တကယ်ကို ရယ်ရင်း မောရပါသေးတယ်။

အပြင်သွားရင်းလာရင်း ကြည့်လိုက်ပြန်တော့ လမ်းဝန်းကျင်မှာ တောင်းရမ်းစားသောက်နေရသူတွေ အတော်များလာပါတယ်။ အရင်ကတည်းက တောင်းရမ်းသူများတဲ့ ဘုရင့်နောင်လမ်းဆုံလို၊ လှည်းတန်းလို နေရာတွေမှာဆိုရင် ပိုလို့တောင် များလာပါသေးတယ်။ တောင်းရမ်းသူတွေကို ကြည့်ရင် ကလေးငယ်တွေကနေ သက်ကြီးရွယ်အိုအထိ အရွယ်စုံပါပဲ။ အရင်ကဆို တောင်းရမ်းနေတဲ့ ကလေးငယ်တွေကို ညစာသင်ဝိုင်းတွေလုပ်ပြီး လှည်းတန်းတဝိုက်မှာ စာသင်ပေးတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေ အများကြီးပါပဲ။ အခုတော့ အဲ့လို ကူညီပေးမယ့် လူငယ်တွေတောင် လုံခြုံရေးအခြေအနေတွေကြောင့် မရှိတော့ပါဘူး။

ဒီလိုအခြေအနေဆိုးတွေထဲမှာ အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစရိတ်တွေကို နေ့စဉ်အနိမ့်ဆုံးလုပ်ခ ၆,၈၀၀ ကျပ်ဝန်းကျင်သာသာနဲ့ မစို့မပို့ ဖြေရှင်းနေကြရတာပါ။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝဘေး အကျပ်အတည်း အထွေထွေကြောင့် ရန်ကုန်ကို လူတွေအများကြီး ရွှေ့ပြောင်းအခြေချလာတော့ လုပ်သားအင်အားက များလာသလို အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပြိုင်ဆိုင်မှု မြင့်လာပါတယ်။ ဆင်းရဲနွမ်းပါးမှုကို မတတ်သာတဲ့အဆုံး ဖြတ်လမ်းက ဖြေရှင်းဖို့ ကြိုးစားရင်း ဒုက္ခနွံထဲ ပိုနစ်ရတာတွေလည်း ရှိပါသေးတယ်။ စားဖို့မရှိလို့ ငွေချေးပြန်တော့ နေ့ပြန်တိုးတွေ အဆမတန်ပေးရ၊ ခေါက်ကြေးတွေနဲ့ အကြွေး အထပ်ထပ် နစ်ရပါသေးတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအဖို့တော့ ပညာရေးကို ဦးစားမပေးနိုင်တော့ဘဲ ကလေးသူငယ်တွေကို စာသင်ခန်းက ထုတ်ပြီး အလုပ်ခွင်ထဲ သွင်းကြရပါတယ်။ 

စစ်မက်ပဋိပက္ခ မပြင်းထန်သေးတဲ့ ရန်ကုန်ဟာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအတွက် ကျောတခင်းစာနားခိုရာ ဖြစ်နေသေးပေမဲ့ အေးမြတဲ့ အရိပ်တော့ မဟုတ်ပါဘူး။ အစားဆင်းရဲ၊ အသွားဆင်းရဲ၊ စိတ်ဆင်းရဲစရာတွေနဲ့ လောင်မြိုက်နေကြရပါတယ်။ မြို့ဆင်ခြေဖုံးမှာနေသူတွေတင်မကဘဲ မြို့ပေါ်နေသူပါ ပိုလို့ပိုလို့ ကျပ်တည်းလာတာပါ။ ဒါပေမဲ့ လူတန်းစားကွာဟချက်သိပ်ကြီးတဲ့ ရန်ကုန်မှာ ဒီဆင်းရဲမှုမျိုးစုံဟာ အောက်ခြေလူတန်းစားနဲ့ အလယ်အလတ်တန်းစားတွေအတွက်တော့ ပိုပြင်းထန်လှပါတယ်။ ရန်ကုန်ဟာ ပိုဆင်းရဲလာတာပါ။ ဒါပေမဲ့ နဂိုကတည်းက ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသတွေ၊ စစ်ဘေးသင့် ဒေသတွေမှာတော့ မတွေးဝံ့ရဲလောက်အောင် ကျပ်တည်းဆင်းရဲနေပါတယ်။ နိုင်ငံရေးအခြေအနေတွေသာ အချိန်မီ ပြန်မကောင်းလာတော့ရင် ဆင်းရဲကျပ်တည်းမှုနဲ့ စစ်မက်ပဋိပက္ခတွေအကြား မျိုးဆက်သစ်တွေရဲ့ အနာဂတ်ဟာ အသက်ရှူရပ်သွားနိုင်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles