ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Analysis

လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့

တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။

အကြမ်းဖက်မှုကျူးလွန်ချိုးဖောက်တာတွေကို ကိုင်တွယ်ရာမှာ တရားမျှတမှုရှိဖို့၊ ရုပ်ပိုင်း-စိတ်ပိုင်း ပြန်လည်ကုစားဖို့၊ အထူးသဖြင့် survivor-centered တရားမျှတမှုရှိရေးမှာ ကျူးလွန်ခံရသူရဲ့ စိတ်ဆန္ဒ၊ လိုအပ်ချက်၊ ပြန်လည်ကုစားရေး၊ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာဟာ အရေးအကြီးဆုံးဖြစ်တယ်။ 

တရားရေးစနစ်တခုလုံးပြိုလဲနေတဲ့ မြန်မာပြည်အခင်းအကျင်း၊ အဖွဲ့အစည်း/ဆိုင်ရာတာဝန်ရှိသူတွေက ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်၊ မကိုင်တွယ်တတ်၊ မကိုင်တွယ်ရဲတာ ဒါမှမဟုတ် မကိုင်တွယ်လိုတဲ့အခင်းအကျင်း၊ ဒါမှမဟုတ် ချိုးဖောက်မှုတွေကို ထုံးတမ်းစဥ်လာအရ ဆုံးဖြတ်တဲ့အခါ ကျူးလွန်ခံရသူဘက်က အခါခါနာကြရတဲ့အခင်းအကျင်းမှာ ရှိရင်းစွဲ (formal) ယန္တရားကို အားကိုးလို့မရလို့ လူမှုပြစ်ဒဏ်ပေးရေး social punishment လုပ်ကြရတာဖြစ်တယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

အဲဒီ လူမှုပြစ်ဒဏ်ရဲ့ အနှစ်သာရက 

  • ကျူးလွန်တဲ့လူတွေ နောက်ထပ်မကျူးလွန်နိုင်အောင်၊ မကျူးလွန်ချင်အောင်၊ မကျူးလွန်ရဲအောင်
  • ကျူးလွန်ခံရသူဘက်က စိတ်ပိုင်း-ရုပ်ပိုင်းပြန်လည်ထူထောင်ဖို့ မနည်းကြိုးပမ်းနေရချိန် ကျူးလွန်သူဟာ ပိုနေမြဲ၊ ကျားနေမြဲ ဆက်ရှိနေပြီး ဆက်လက်ကျူးလွန်နေတာမျိုးမရှိအောင်
  • ကျူးလွန်တဲ့လူအနေနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်ဆင်ခြင်ပြီး ပြုပြင်ခွင့်ရအောင် (လူ့အသိုင်းအဝိုင်းထဲ ရာသက်ပန် မဝင်ဆံ့အောင်မဟုတ်)
  • ကျူးလွန်ခံရသူတွေရဲ့ စိတ်ပိုင်း-ရုပ်ပိုင်း လုံခြုံရေးရရှိဖို့နဲ့ ကျူးလွန်မှုတွေကို အသိုင်းအဝိုင်းက လက်မခံဘူးဆိုတာ ပြသဖို့ ကျူးလွန်ခံရသူဘက်က ရပ်တည်ပေးကြရတာဖြစ်တယ်။

ဒီလိုပဲ ဥပဒေကြောင်းအရ တရားမျှတရေး၊ လူမှုတရားမျှတရေးနဲ့ survivor-centered ချဉ်းကပ်မှုအားလုံးဟာ ထိခိုက်နစ်နာသူရော၊ ကျူးလွန်သူ (စွပ်စွဲခံရသူ) နှစ်ဖက်စလုံးအတွက် တရားမျှတမှုနဲ့ ပြန်လည်ကုစားမှုကို ရှေးရှုရမှာဖြစ်တယ်။ သက်ဆိုင်သူအားလုံးရဲ့ကိုယ်ရေးကိုယ်တာ(privacy) နဲ့ လူ့ဂုဏ်သိက္ခာထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ 

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေက မြန်မာပြည်ဖြစ်စဉ်တွေ ပြန်ကြည့်လိုက်ရင် ပြဿနာတခုကို ဖြေရှင်းဖို့ကြိုးစားတိုင်း လူအုပ်စုလိုက် ဝုန်းဒိုင်းကြဲကြလို့ နဂိုပြဿနာမပြေလည်ဘဲ နောက်ပြဿနာအသစ်ပဲ ထပ်တိုးလာတယ်။ 

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပါအဝင် အကြမ်းဖက်ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေအပေါ် တုံ့ပြန်ချက်တွေဟာ

  • Social punishment လား၊ social media punishment လား၊ ဆိုရှယ်မီဒီယာ သိက္ခာချရေးလား မသဲကွဲ
  • အမှန်တကယ် ပြစ်ဒဏ်နဲ့ အကန့်အသတ်ဘောင်က ရှင်းလင်းမှုမရှိ
  • ပြီးတော့ လူအုပ်ကြီးရဲ့ စည်းလွတ်ဘောင်လွတ် တုံ့ပြန်မှု

ဒါတွေဟာ အဖြေမဟုတ်တဲ့အပြင် လူမှုပြစ်ဒဏ်ပေးရေးရဲ့ အနှစ်သာရကို ဖျက်လိုဖျက်ဆီးလုပ်ရာကျတယ်။ 

ဒီကြားထဲ ပုဂ္ဂိုလ်ရေးအရမကြည်လို့ ဆွမ်းကြီးဝင်လောင်းကြတယ်။ ကျူးလွန်ခံရသူဘက်က ရပ်တည်တာအစား၊ နှစ်ဖက်တရားမျှတရေးအစား ဆွမ်းကြီးလောင်းခွင့်အချိန်အခါကောင်းလို အသုံးချပြီး ပုဂ္ဂိုလ်ရေး အမြတ်ထုတ်တာဟာ social punishment ကို သေးသိမ်စေတယ် (သက်ဆိုင်သူတွေရဲ့ အကျိုးကျေးဇူးအစား ကိုယ့်အာသာဖြေရေးလောက်သာ စိတ်ဝင်စားလို့)။ ဒါတင်မက အားလုံးအလေးအမြတ်ထားရမယ့် တရားမျှတရေးကို လှောင်ပြောင်တန်ဖိုးမဲ့စေတယ်။ အပေါစားဆန်စေတယ်။

လူအုပ်ဖွဲ့ စုန်းဖမ်းဓလေ့ (Mob Culture) နှင့် အုပ်စုစီရင်ရေး (Mob Trial) အဆိပ်အတောက်မျိုးစေ့

လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေအပါအဝင် ချိုးဖောက်မှုတိုင်းအတွက် ကင်းလွတ်ခွင့်မရှိဖို့ အရေးကြီးတယ်။ ဒါပေမဲ့ social punishment ဟာ 

  • အကန့်အသတ်ဘောင် ဘာမှန်းမသိ/မရှိတဲ့ social media punishment
  • ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ သိက္ခာချတဲ့ ကမ်ပိန်း
  • ထစ်ခနဲဆို လူအုပ်ကြီးနဲ့ ဝုန်းဒိုင်းကြဲတဲ့ mob trial (လူအုပ်စီရင်ရေး) သာ ဖြစ်နေရင်

ဘယ်သူ့အတွက်မှ တရားမျှတမှုရမှာမဟုတ်ပါဘူး။ ဘယ်သူ့အတွက် ဘယ်လိုကုစားမှုမှ ရမှာမဟုတ်သလို စိတ်ဒဏ်ရာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထပ်ခါထပ်ခါ ဆွပေးသလိုသာ ဖြစ်စေလိမ့်မယ်။

စိတ်ဆိုးနေတဲ့ လူအုပ်ဟာ နေ့ချင်းညချင်း စုန်းဖမ်းသူတွေဖြစ်လာပြီး တရားမျှတရေးတစုံလုံးကို အဆိပ်အတောက်ဖြစ်လိမ့်မယ်။ တရားမျှတရေးကို ပြန်ပြီး ရန်မူလာပါလိမ့်မယ်။ “The mob is the ‘mother’ of tyrants” (‘လူအုပ်သည် အာဏာရှင်များ၏ မိခင်’) တို့ “Fascism is very much a mob movement” စတဲ့ ဆိုရိုးတွေကိုလည်း သတိချပ်ဖို့လိုပါတယ်။ (မှတ်ချက်။ ။ ရှေးဟောင်းဆိုရိုးထဲက “mother” ဆိုတဲ့ အသုံးအနှုန်းဟာ အခုခေတ်မှာ gender insensitive ဖြစ်တယ်။) 

ဒီလိုပဲ လူအုပ်ကြီးစီရင်ရေးနဲ့ privacy ဖောက်ဖျက်တဲ့ ဆိုရှယ်မီဒီယာဓလေ့မှာ လူတယောက်လုပ်ရပ်ကို သူ့အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ယိုးစွပ်တဲ့ racial profiling ပြဿနာတွေပဲ များလာပြီး တခုပြီး တခု ရှင်းမနိုင် ဖြစ်ပါလိမ့်မယ်။ 

ပါစင်နယ်သတင်းအချက်အလက်(Privacy)

တရားမျှတရေး၊ ပြန်လည်ကုစားရေးအပါအဝင် survivor-centered ချဉ်းကပ်မှုမှာ ကျူးလွန်သူကို အားရပါးရ အပြစ်ပေးလိုက်ရုံနဲ့ ပြီးမသွားပါဘူး။ ကျူးလွန်တဲ့ ပြစ်မှုနဲ့သင့်တင့်လျော်ကန်တဲ့ ပြစ်ဒဏ်ပဲ ပေးရမှာဖြစ်တယ်။ ပထမဆုံးအကြိမ်ကျူးလွန်တာလား၊ ထပ်တလဲလဲကျူးလွန်တာလား ဆိုတဲ့အပေါ်လည်း မူတည်သေးတယ်။ 

အဲဒီလိုပဲ တရားမျှတမှု ရှာဖွေရာမှာ မျှတမှု distributive justice၊ ပွင့်လင်းမြင်သာ ဘက်မလိုက် တသမတ်တည်းနဲ့ ဖြစ်စဉ်ခိုင်တဲ့ procedural justice၊ တာဝန်ယူ/ခံမှု၊ ပြန်လည်သင့်မြတ်မှုနဲ့ ပြန်လည်ကုစားမှု restorative justice၊ ပြစ်ဒဏ်သက်သက် retributive justice စသည်ဖြင့်လည်း ထည့်သွင်းစဥ်းစားရပါမယ်။ ပြစ်ဒဏ်ဆိုတာဟာလည်း လူ့အသိုင်းအဝိုင်းထဲ တသက်လုံးမဝင်ဆံ့နိုင်အောင် ဖျက်ဆီးနှိပ်ကွပ်တာမဟုတ်ဘဲ အမှားပြင်ဆင်ခွင့်ပေးဖို့ ဖြစ်တယ်။ 

စုံစမ်းစစ်ဆေးရေး၊ ဆုံးဖြတ်ချက်ချရေး၊ ပြစ်ဒဏ်ပေးရေး ‘ယန္တရား’နဲ့ ‘ဖြစ်စဥ်’ ကိုယ်၌ကလည်း ယုံကြည်အားကိုးရပြီး ဂုဏ်သိက္ခာရှိတဲ့  due process ရှိဖို့ လိုအပ်ပါတယ်။ အရပ်ဘက်စုံစမ်းစစ်ဆေးရေးဆိုရင်တောင် ဥပဒေကြောင်းအရ တရားစီရင်ရေးစနစ်မှာလို လွတ်လပ်တဲ့တရားရေး (independent judiciary) နဲ့ မျှတတဲ့တရားခွင် (fair trial) အနှစ်သာရတွေ လိုတယ်။ ဒါတွေမရှိရင် အမှန်တရား၊ တရားမျှတရေး စတာတွေလည်း မရှိနိုင်သလို တရားမျှတရေးကို နိုင်ငံရေးလက်နက်လိုသုံး၊ မီးများမီးနိုင်၊ ရေးများရေနိုင်ပဲ ဖြစ်ပါလိမ့်မယ်။

အဲဒီ due process ထဲက တခုက privacy ကို ထိန်းသိမ်းတဲ့ ကိုယ်ကျင့်သိက္ခာအဆင့်အတန်း ဖြစ်တယ်။ ကျူးလွန်သူဘက်က တာဝန်ယူ/တာဝန်ခံရေးအတွက် သိသင့်သိထိုက်သူတွေကို အသိပေးရေးနဲ့ သူ့ privacy ထိန်းသိမ်းရေးကို ထိန်းညှိကိုင်တွယ်ရာမှာ ပြစ်ဒဏ်ပေးတဲ့ပလက်ဖောင်းအနေနဲ့ ဆိုရှယ်မီဒီယာကို သုံးတာဟာ ပွဲဆာနေတဲ့ လူအုပ်ကြီးကို စုန်းဖမ်းခိုင်းသလိုသာ ဖြစ်စေတယ်။ ကျူးလွန်ကြောင်းကို ဆုံးဖြတ်ချက်ချခွင့်ရှိသူက အခိုင်အမာဆုံးဖြတ်ချက်မချခင် လူအုပ်ကို စီရင်ကွပ်မျက်ခိုင်းသလို ဖြစ်စေတယ်။ 

အခုဖြစ်နေတာက ဝုန်းခနဲဆို ဆိုရှယ်မီဒီယာမှာ ပွလာပေမဲ့ တကယ်တော့ ထိခိုက်နစ်နာသူအတွက်ရော စွပ်စွဲခံ/ကျူးလွန်သူအတွက်ပါ လက်တွေ့ကျတဲ့တရားမျှတမှု၊ ပြန်လည်ကုစားမှု၊ ထိရောက်တဲ့ အမှန်တကယ်ကာကွယ်မှု alternative နည်းလမ်းကို လူ့အဖွဲ့အစည်းက မပေးနိုင်ပါဘူး။ သွေးပူချိန် ဆိုရှယ်မီဒီယာပေါ်ရောက်လာတဲ့ privacy ကိုယ်ရေးအချက်အလက်တွေကြောင့် ရေရှည်မှာ ပိုလို့တောင် ခက်သွားပါအုံးမယ်။ (ပြဿနာတွေကို ဖြေရှင်းရာမှာ အပြီးပြတ်မပြီးဆုံးခင် ထုတ်ပြန်မှုတွေမလုပ်ရတဲ့ စည်းကမ်းတွေ၊ privacy နဲ့ပတ်သက်တဲ့ ကျင့်ဝတ်သိက္ခာတွေဟာ အလကားမဟုတ်ပါဘူး။) 

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေမှာ ထပ်တလဲလဲကျူးလွန်တဲ့ sex offender ဖြစ်ရင်တောင် အချက်အလက်တွေအကုန် တလောကလုံးသိအောင် ထုတ်ပြန်တာအစား လူတွေသတိထားရှောင်ကြဉ်နိုင်အောင် အမှုအခြေအနေအရ နည်းလမ်းတကျ ထိန်းသိမ်းလုပ်ကြရမှာဖြစ်တယ်။

ဆိုရှယ်မီဒီယာစိတ်ကြွဆေး 

Neuroscience ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ လူတွေရဲ့ဦးနှောက်ဟာ ကျိုးကြောင်းဆင်ခြင်စဉ်းစားမှုကို ငါးရာခိုင်နှုန်းလောက်သာလုပ်ပြီး ကျန်တဲ့ ၉၅ ရာခိုင်နှုန်းဟာ မစဉ်းစားမတွေးခေါ်ဘဲ စိတ်ခံစားချက်နဲ့  စိတ်မြန်ထကြွစွာ လုပ်ကြတာဖြစ်တယ်။ နည်းပညာခေတ်မှာ ဆိုရှယ်မီဒီယာဟာ ဆင်ခြင်သုံးသပ်စဉ်းစားမှုအစား စိတ်ခံစားချက်နဲ့ မှားယွင်းစွာတုံ့ပြန်တာကို ပိုအားပေးတယ်။ 

ဒါတင်မက Facebook လို ဆိုရှယ်မီဒီယာဟာ ကိုကိန်းလို မူးယစ်ဆေးသုံးတဲ့ခါ၊ လောင်းကစားလုပ်တဲ့အခါ အသက်ဝင်တက်ကြွလာသလိုမျိုး ဦးနှောက်ဆဲလ်ကွန်ရက်ကို တက်ကြွလာစေတယ်။ စိတ်ထက်သန်ပြီး ထပ်တလဲလဲလုပ်ဖို့ ဆေးစွဲ၊ လောင်းကစားစွဲသလို စွဲစေတယ်။ လုပ်ပြီးရင်းလုပ်ချင်အောင် အဆုံးမဲ့လှုံ့ဆော်ထောက်ပံ့မှုဖြစ်စေတယ် (တနည်း မူးယစ်ဆေးသုံးရင် တက်ကြွတဲ့ ဦးနောက်ကွန်ရက်နဲ့ ဆိုရှယ်မီဒီယာစွဲလန်းမှု ဦးနှောက်ကွန်ရက် အတူတူ။)

ဆိုရှယ်မီဒီယာရဲ့ အဆုံးမဲ့စေ့ဆော်မှုတွေကြောင့် 

  • ကျိုးကြောင်းဆင်ခြင်မှုအစား
  • တရားမျှတမှုအစား
  • ကျူးလွန်သူနဲ့ ခံစားရသူအတွက် လက်တွေ့ကျတဲ့ ပြန်လည်ကုစားရေးအဖြေအစား 

ဆိုရှယ်မီဒီယာကို ဆေးစွဲ၊ လောင်းကစားစွဲသလိုစွဲနေတဲ့ လူအုပ်စုဟာ စိတ်ထင်ရာ အလွယ်တကူ တုံ့ပြန်ကြတယ်။ ဒါတွေကြောင့် လူအုပ်စုစီရင်ရေး၊ လူအုပ်စုလိုက်စုန်းဖမ်းဓလေ့ကို စိတ်ကြွဆေးကျွေးသလို ကျွေးနေတဲ့ ဆိုရှယ်မီဒီယာဟာ သက်ဆိုင်သူတွေကို တရားမျှတမှုပေးဖို့အစား ဆန့်ကျင်ဘက်ကိုသာ ဖြစ်စေတယ်။ 

အချုပ်ပြောရရင် တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား social media punishment၊ ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။ နှစ်ဖက်စလုံးအတွက် လက်တွေ့တရားမျှတရေးနဲ့ ပြန်လည်ကုစားရေးအစား၊ နှစ်ဖက်စလုံးနဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရမယ့်အစား ကာယကံရှင်တွေရဲ့ privacy၊ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို ထိပါးစေတဲ့ စိတ်ကြွလူအုပ်ကြီးရဲ့ အာသာဖြေစုန်းဖမ်းဓလေ့ (mob culture) ပဲ ပိုမိုကြီးစိုးပါလိမ့်မယ်။ 

ဒီလိုဖြစ်ရင် နဂိုပြဿနာမပြေလည်တဲ့အပြင် နောက်ဆက်တွဲပြဿနာတွေ ပိုလို့သာ တိုးလာပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles