ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

တော်လှန်ရေးကာလ နိုင်ငံရေးဘောဂဗေဒရထားကြီး ဘယ်ဆီမောင်းနေလဲ

မှောင်ခိုစီးပွားရေးလည်း ကြောက်ခမန်းလိလိကို ကြီးထွားလာခဲ့ပါတယ်။ နဂိုကတည်းက ဒီလုပ်ငန်းတွေ အမြစ်တွယ်တည်ရှိနေခဲ့ပေမဲ့ အခုကာလမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ လောင်းကစားတွေရဲ့ အခန်းကဏ္ဍက အပြိုင်းအရိုင်းနဲ့ ထွားကျိုင်းလာခဲ့တာပါ။

ပုံမှန်လည်ပတ်နေတဲ့ နိုင်ငံတခုမှာဆိုရင် စီးပွားရေးရပ်ဝန်းကောင်းတခုဖြစ်ဖို့ လက်တန်းရွတ်နေကျ စီးပွားရေးဂါထာတွေ ရှိပါတယ်။ တစုံတရာ နိုင်ငံရေးတည်ငြိမ်မှု ရှိရမယ်။ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းရမယ်။ လူ့စွမ်းအားအရင်းမြစ်တွေ ကြွယ်ဝရမယ်။ နောက်ပြီးရင် အစိုးရကလည်း မှန်ကန်တဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ဖို့ လိုအပ်ပြီး အဲဒီအတွက် သူနဲ့ ဆီလျော်တဲ့ မူဝါဒရပ်ဝန်းကိုလည်း ဖန်တီးရပါမယ်။ အန္တိမရည်မှန်းချက်ကတော့ တိုင်းပြည်နဲ့ သင့်လျော်တဲ့ စီးပွားရေးမူဝါဒကို ရွေးချယ်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိမယ့် အခြေအနေကောင်းတွေကို ဖန်တီးပေးဖို့ပါ။ ဒါတွေက ပုံမှန်လည်ပတ်နေတဲ့ တိုင်းပြည်တခုမှာ ရှိသင့်တဲ့ စီးပွားရေးရပ်ဝန်းလို့လည်း ဆိုနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနေနဲ့ သမိုင်းမှာ တခါမှမကြုံစဖူး အပြောင်းအလဲတွေနဲ့ ကြုံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုက ပေါ်ပေါက်လာတဲ့ တကျော့ပြန် စစ်အာဏာရှင်ဆန့်ကျင်ရေး လှိုင်းလုံးနဲ့ လွတ်လပ်ရေးကာလကတည်းကရှိခဲ့တဲ့ လူမျိုးစုလွတ်မြောက်ရေးလှုပ်ရှားမှုတွေရဲ့ ပေါင်းစည်းမှုကနေ ကြီးမားတဲ့ လူထုလွတ်မြောက်မှု တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တာပါ။ လေးနှစ်ကျော်အကြာ တော်လှန်ရေးကာလကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သိသာမြင်သာတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေ ရှိလာခဲ့ပါပြီ။  အခုဆောင်းပါးမှာတော့ တော်လှန်ရေးလေးနှစ်တာကာလ နိုင်ငံရေးဖြစ်ထွန်းမှုတွေရဲ့ နောက်ကွယ်က စီးပွားရေးဘက်ခြမ်းကို ပုံကြမ်း ခြယ်မှုန်းသွားမှာ ဖြစ်ပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ မျှော်လင့်ထားတဲ့အတိုင်းပဲ သူ့ရဲ့ နောက်ဆက်တွဲ စီးပွားရေးအကျိုးဆက်တွေက ကပ်ပါလာခဲ့ပါတယ်။ နိုင်ငံတကာမှာ တရားဝင်မှုကင်းမဲ့တာအပြင် စစ်အာဏာသိမ်းမှုက ဖန်တီးတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ကျဆင်းသွားပြီး တိုင်းပြည်ကို ကုပ်(ဂုတ်)သွေးစုပ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေပဲ ထပ်ရောက်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှု၊ လူ့ရပိုင်ခွင့် ချိုးဖောက်မှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်တွန်းမှုကြောင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေလည်း တဖြည်းဖြည်းချင်း ရောက်လာခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်ရာကနေ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ နောက်မှာတော့ တော်လှန်ရေးရဲ့ အဓိကတိုက်ပွဲပုံသဏ္ဌာန်က လက်နက်ကိုင်တော်လှန်ရေးဘက်ကို ရောက်သွားပါတယ်။ အချိန်လေးနှစ်အကြာမှာ သိသိသာသာမြင်လာရတာကတော့ နိုင်ငံရေးထက် စစ်ရေးကဲပြီး တပြည်လုံးအတိုင်းအတာအထိ ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်ပါ။ နိုင်ငံရေးဇာတ်ကောင်တွေအကြားက အာဏာညီမျှခြင်းမှာ နယ်မြေဘယ်လောက် ထိန်းချုပ်စိုးမိုးထားနိုင်လဲဆိုတာက တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ ဖြစ်စေ၊ စစ်ကောင်စီနဲ့ မရှောင်သာမလွှဲသာ ဆက်ဆံရာမှာဖြစ်စေ အဓိကကျလာခဲ့ပါတယ်။

ဒီလို တော်လှန်ရေးကာလ နိုင်ငံရေးအခြေနေတွေကပဲ ကျွဲကူးရေပါသဘောနဲ့ တိုင်းပြည်စီးပွားရေးကို အခြေခံကျကျ ပုံသွင်းလာပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကနေ သမိုင်းဝင် စစ်ရေးအောင်ပွဲများစွာ ဆွတ်ခူးနိုင်ခဲ့သလို တဆက်တည်းမှာပဲ တိုင်းပြည်စီးပွားရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံနဲ့ လူနေအဆောက်အအုံများစွာကို သယ်ဆောင်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေကပဲ သမားရိုးကျလည်ပတ်တဲ့ စီးပွားရေးရပ်ဝန်းကို တိုက်စားသွားခဲ့ပြီး စည်းညီခွင်စီးပွားရေး(formal economy)က တအိအိနဲ့ ကျုံ့ဆင်းခဲ့ရပါတယ်။

တပြိုင်တည်းမှာပဲ လေးနှစ်ကျော်အကြာမှာတော့ လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာခဲ့ပြီး ဒီကျယ်ပြန့်လာတဲ့နယ်မြေတွေရဲ့ စီးပွားရေးစီမံခန့်ခွဲမှုကလည်း အရေးပါလာခဲ့ပါတယ်။ စစ်ရေးအတွက် ကြီးမားတဲ့ ဘဏ္ဍာငွေလိုအပ်ချက်က ဒီနေရာမှာ အဓိကတွန်းအားဖြစ်လာပြီး ဆုံးဖြတ်ချက်အများစုကို အဲဒီတွန်းအားကပဲ လွှမ်းမိုးလာခဲ့တာပါ။ သယံဇာတတူးဖော်ရေးက အရေးကြီးတဲ့ ဘဏ္ဍာငွေအရင်းအမြစ် ဖြစ်လာခဲ့ပြီး တရားဥပဒေစိုးမိုးမှု အားနည်တာကို အခွင့်ကောင်းယူလို့ မှောင်ခိုစီးပွားရေးလည်း ကြောက်ခမန်းလိလိကို ကြီးထွားလာခဲ့ပါတယ်။ နဂိုကတည်းက ဒီလုပ်ငန်းတွေ အမြစ်တွယ်တည်ရှိနေခဲ့ပေမဲ့ အခုကာလမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ လောင်းကစားတွေရဲ့ အခန်းကဏ္ဍက အပြိုင်းအရိုင်းနဲ့ ထွားကျိုင်းလာခဲ့တာပါ။

လွတ်မြောက်နယ်မြေမှာတင်မကဘဲ နေ့စဥ်ဘဝက ပြည်သူတွေကြားထဲမှာလည်း စည်းလွတ်စီးပွားရေးခွင် (informal economy)က သိသိသာသာ ကြီးထွားနေပါပြီ။ လူဟာ နိုင်ငံရေးသတ္တဝါဖြစ်သလို စီးပွားရေးသတ္တဝါလည်း ဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့ကစလို့ အမျိုးမျိုးသော ရည်မှန်းချက်တွေအတွက် လုပ်ကိုင်စားသောက်ကြရပါတယ်။ ပုံမှန်လည်ပတ်တဲ့ စီးပွားရေးရပ်ဝန်း ပြတ်တောက်သွားပေမဲ့ ဘဝရပ်တည်ရေးအတွက် ရတဲ့နည်းနဲ့ ရုန်းကန်လှုပ်ရှားကြရတာပါပဲ။ သိသာလာတာက လောင်းကစားလုပ်ငန်းက လူ့အဖွဲ့စည်းမှာ ကင်ဆာဆဲလ်တွေလိုပဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ စည်းညီခွင်စီးပွားရေးက ပရုတ်လုံးလို တဖြည်းဖြည်း လုံးပါးပါးသွားခဲ့ပြီး စည်းလွတ်ခွင် စီးပွားရေးက အဓိကစီးကြောင်းစီးပွားရေး(mainstream economy)အဖြစ် ရုပ်လုံးပေါ်လာခဲ့ပါပြီ။ ဒါကြောင့် လက်ရှိစီးပွားရေး အခြေအနေတွေကို နားလည်ဖို့ဆို သမားရိုးကျစီးပွားရေးရပ်ဝန်းက သဘောတရားတွေနဲ့ ချဥ်းကပ်လို့ သိပ်ပြီး အံမဝင်တော့ပါဘူး။ ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကို တင်ကူးမှန်းဆဖို့ ခက်ခဲပေမဲ့ စီးပွားရေးပုံသဏ္ဌာန်ကတော့ အခုသွားနေတဲ့ ရေစီးကြောင်းအတိုင်း ဆက်ကြီးထွားလာမယ့် အလားအလာကို မြင်နေရပါတယ်။ ဒီရေစီးကြောင်းအတိုင်း ဆက်သွားလို့မရတာ အားလုံးလက်ခံထားကြပေမဲ့ ဒါပြီးရင်၊ ဒါမှမဟုတ် လမ်းတဝက်ကျော်လာရင် ဘယ်လိုဆက်သွားမလဲဆိုတဲ့ နောက်ထပ် တခြားလမ်းကြောင်းတွေကို ငြင်းခုံဆွေးနွေးပြင်ဆင်မှု အားနည်းတာကိုလည်း မြင်ရပါတယ်။ ဒါကြောင့် တချိန်မှာ တစိတ်တဒေသပဲဖြစ်ဖြစ်၊ တစုံလုံးပဲဖြစ်ဖြစ် လွတ်မြောက်လာရင် အခုလက်ရှိ စီးပွားရေးပုံသဏ္ဌာန်ကနေ ဘယ်လိုရုန်းထွက်မလဲဆိုတဲ့ စီးပွားရေးအမြော်အမြင်က အထူးအရေးကြီးပါကြောင်း တင်ပြလိုက်ရပါတယ်။ 

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles