ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဒုတိယကမ္ဘာစစ်အတွင်းက လီဒိုလမ်းမ – အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာပြည်မြောက်ပိုင်းစီးပွားရေးကို ပြောင်းလဲစေနိုင်မလား

ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ...လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။

(သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံရေးသူတဦး ဖြစ်သည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော“A WORLD WAR II ROAD CAN RESHAPE NORTH MYANMAR AND NORTHEAST INDIA’S ECONOMY” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်)

လီဒိုလမ်းမကြီးကို ပြန်လည်ပြုပြင်ဖို့ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့တို့ကို ချိတ်ဆက်ထားတဲ့ ဒုတိယကမ္ဘာစစ်ကျန် လီဒိုလမ်းမကြီးဟာ သတင်းတွေမှာ ပြန်လို့ နေရာယူလာခဲ့ပါတယ်1။ ရည်ရွယ်ချက်ကတော့ တရုတ်၊ မြန်မာနဲ့ အိန္ဒိယ သုံးနိုင်ငံအကြား ကုန်သွယ်ရေး တိုးမြင့်စေဖို့ပဲ ဖြစ်ပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

သမိုင်းကို ပြန်ပြောရင်တော့ မြန်မာပြည်နဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ မြန်မာပြည်လမ်းမကြီး (Burma Road) ဟာ ၁၉၄၂ ခုနှစ်ဝန်းကျင် စစ်အတွင်းမှာ ဂျပန်တပ်တွေရဲ့ ဖြတ်တောက်ခြင်းကို ခံလိုက်ရပါတယ်။ ဂျပန်တပ်တွေနဲ့ စစ်ဆိုင်ထားတဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ တရုတ်တပ်ဖွဲ့တွေကို  ထောက်ပံ့ပေးနိုင်ဖို့ ထောက်ပို့လမ်းကြောင်းသစ်တခုအဖြစ် ၁,၇၃၆ ကီလိုမီတာ ရှည်လျားတဲ့ ဒီလီဒိုလမ်းမကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းအရှေ့ပိုင်းဒေသဖြစ်ပြီး ဒီဒေသကို ဖြတ်လို့ ပျံသန်းရတဲ့ လေကြောင်းခရီးစဉ်တွေဟာ မဟာမိတ်တပ်ဖွဲ့ဝင် လေယာဉ်မှူးတွေအတွက်တော့ မရဏတံခါးပေါက်လို ဖြစ်ခဲ့ပါတယ်။ ဂျပန်တိုက်လေယာဉ်တွေကို ရှောင်ရှားဖို့ ကြိုးစားရင်း အန္တရာယ်များတဲ့ လေကြောင်းလမ်းကြောင်း ‘ဟမ့်ပ်’ (The Hamp)2ကို ဖြတ်ပျံခဲ့ကြရပြီး အများအပြား ပျက်ကျသေဆုံးခဲ့ကြရပါတယ်။ ဂျပန်တပ်တွေကို ခုခံနိုင်ဖို့အတွက် ရွှံ့နွံထူထပ်တဲ့ လီဒိုလမ်းကနေတဆင့် ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ခဲ့ရပြီး စစ်ပွဲပြီးဆုံးချိန်မှာ တန်ချိန် ၁၄၇,၀၀၀ လောက်အထိ ပို့ဆောင်နိုင်ခဲ့ရပါတယ်။ 

စစ်ပြီးခေတ်မှာတော့ လီဒိုလမ်းမဟာ စွန့်ပစ်ထားခံရပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ အောက်စဖို့ဒ်-ကိန်းဘရစ် အရှေ့ဖျားစူးစမ်းလေ့လာရေးခရီးစဉ် (Oxford and Cambridge Far Eastern Expedition) မှာ3 လိုက်ပါလာတဲ့ အဖွဲ့ဝင်တွေ လန်ဒန်မြို့ကနေ စင်ကာပူအထိ ကုန်းကြောင်းခရီးစဉ်သွားတဲ့အခါ လီဒိုလမ်းမကတဆင့် မြစ်ကြီးနားမြို့အထိ ဖြတ်သွားဖို့ ကြိုးပမ်းခဲ့ပြီး  လီဒိုလမ်းမကို တဖန်ပြန်လည်အသုံးပြုခဲ့ပါတယ်။ ခရီးစဉ်မှာပါဝင်တဲ့ တင်စလက်ဆာ (Tim Slessor) က ၁၉၅၇ ခုနှစ်မှာထုတ်ဝေတဲ့ ‘လန်ဒန်-စင်ကာပူ လန်းဒ်ရိုဗာတစင်းနဲ့ ကုန်းမြေဖြတ်ခရီးစဉ်’ (First Overland: London-Singapore by Land Rover) စာအုပ်မှာ ဒီခရီးလမ်းအတွေ့အကြုံကို မှတ်တမ်းတင်ထားခဲ့ပြီး ပန်ဆောင်တောင်ကြားလမ်းနဲ့ ရှင်ဗွေယန်အကြားမှာ တံတားပျက်နေတဲ့အတွက် ခရီးမဆက်နိုင်ခဲ့တဲ့အကြောင်းကို အသေးစိတ်ရေးသားခဲ့ပါတယ်။ ဒီနောက် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့  ဗြိတိသျှစူးစမ်းလေ့လာသူ အဲရစ်အီဒစ် (Eric Edis) က လီဒိုလမ်းမကိုဖြတ်ပြီး လန်းဒ်ရိုဗာကားနဲ့ ရန်ကုန်မြို့အထိ မောင်းလာနိုင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အိန္ဒိယက အသွားအလာ ကန့်သတ်လိုက်ပြီးနောက်မှာတော့ လီဒိုလမ်းဟာ သွားလာလို့ မရသလောက် ဖြစ်သွားခဲ့ပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ မြန်မာ သုံးနိုင်ငံကို ချိတ်ဆက်ထားတဲ့ ဒီလမ်းမဟာ တောင်အာရှ၊ အရှေ့အာရှနဲ့ အရှေ့တောင်အာရှအတွက် သိပ်အရေးပါတယ်လို့ တရုတ်နိုင်ငံက ယုံကြည်ထားပါတယ်။ ဒေသတွင်း ဖြန့်ကြက်ချိတ်ဆက်ဖို့နဲ့ မတို့ထိရသေးတဲ့ စီးပွားရေးအလားအလာသစ်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် ကောင်းမွန်ခိုင်ခံ့တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တခု မရှိမဖြစ် လိုအပ်တဲ့အတွက် သုံးနိုင်ငံလုံး ပူးပေါင်းပြီး အောင်မြင်အောင် လုပ်ဆောင်သင့်ပါတယ်။ ဒီကတဆင့် အိန္ဒိယအရှေ့မြောက်နယ်စပ်ဒေသနဲ့ တောင်အာရှတခုလုံးမှာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဖြစ်လာစေဖို့အတွက် လမ်းခင်းပေးနိုင်ပါတယ်။ မြန်မာကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေအကြားချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာမှာ လီဒိုလမ်းမကို ပြန်လည်ပြုပြင်ဖို့ သဘောတူထားပြီး တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီကနေ မြစ်ကြီးနားမြို့အထိ ၁၁၄ ကီလိုမီတာ၊ မြစ်ကြီးနားမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်တောင်ကြားလမ်းအထိ ၃၆၇ ကီလိုမီတာ ရှိပါတယ်။  

တိုက်ဆိုင်စွာနဲ့ပဲ လူသားတွေဟာ ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ။ ပန်ဆောင်-ရှင်ဗွေယန်လမ်းပိုင်းသာ ကောင်းသွားခဲ့ရင် ကချင်ပြည်နယ် ရှင်ဗွေယန်ကနေ အာသံပြည်နယ် ဂျဂွန် (Jagun) အထိ ခရီးသွားချိန်ဟာ လေးနာရီသာသာပဲ ကြာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေဂျင်းကတော့ လီဒိုလမ်းမစီမံကိန်းကို ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) အောက်မှာ ပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ (BCIMEC) ရဲ့ အစိတ်အပိုင်းတခုအဖြစ် ထည့်သွင်းထားပါတယ်။ အိန္ဒိယကတော့ အချုပ်အခြာအာဏာ ထိပါးလာနိုင်ခြေတွေကြောင့် BCIMEC ကို ကာလတာရှည် ဆန့်ကျင်ခဲ့ပါတယ်။ အိန္ဒိယရဲ့ စိုးရိမ်မှုမှာ အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်ကတော့ အိန္ဒိယအရှေ့မြောက်ပိုင်းက လူမျိုးစုသူပုန်တချို့ဟာ တရုတ်နိုင်ငံဘက်မှာ ခိုလှုံနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတာပါ။ ဒုတိယအချက်ကတော့ တရုတ်ဟာ အိန္ဒိယအရှေ့မြောက်ဒေသရဲ့ စီးပွားရေးကို လုယူလာနိုင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယဟာ မြန်မာနဲ့ တခြားအရှေ့ဘက် နိုင်ငံတွေနဲ့ ချဲ့ထွင်ချိတ်ဆက်နိုင်ဖို့အတွက် အရှေ့မြောက်ဒေသတလျှောက်မှာ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အားကောင်းအောင် စတင်လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးအတွက် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြရာမိုဒီ တရုတ်နိုင်ငံကို ရောက်နေချိန်မှာ လီဒိုလမ်းမ ပြန်လည်ပြုပြင်ဖို့ အိန္ဒိယက မြန်မာကို ကမ်းလှမ်းခဲ့တာ၊ တရုတ်က အိန္ဒိယထက် လက်ဦးမှုရယူပြီး လီဒိုလမ်းမကို ပြင်ဆင်ခဲ့တာတွေဟာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံအကြား မဟာဗျူဟာပြိုင်ဆိုင်မှုရဲ့ ပြင်းထန်မှုအတိုင်းအဆကို ထင်ဟပ်ပြနေပါတယ်။

သေချာတာကတော့ လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှု ဖလှယ်တာတွေကို လွယ်ကူစေမယ်။ ဒေသခံ စီးပွားရေးလုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေမယ်။ စီးပွားရေး အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးမယ်။ စီးပွားရေးဖွံ့ဖြိုးအောင် ထောက်ကူပေးမယ်။ အကျိုးဆက်အဖြစ် အိန္ဒိယအရှေ့မြောက်ဒေသမှာ လူနေမှုအဆင့်အတန်းကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ လီဒိုလမ်းမဟာ သုံးနိုင်ငံအကြား ပြည်သူချင်းဆက်ဆံရေးကို အားကောင်းစေပြီး နယ်စပ်ဖြတ်ကျော် ယဉ်ကျေးမှုကူးလူးနှောင်တွယ်တာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖြစ်ထွန်းလာစေနိုင်ပါတယ်။ 

အိန္ဒိယတပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဂျေဂျေဆင်း(General JJ Singh)က မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်ရေးကို အရှိန်မြှင့်ဖို့အတွက် လီဒိုလမ်းမကို အမြန်ပြန်လည်ပြုပြင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “တရုတ်က သူတို့ဘက်ခြမ်းက လမ်းပိုင်းကို ပြင်ဆင်နေပါပြီ။ မြန်မာဘက်ခြမ်းက လမ်းပိုင်းကို ပြုပြင်ဖို့လည်း ကူညီနေပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ သူ့နိုင်ငံအတွင်းက လမ်းပိုင်းကို မပြင်ဆင်စရာ အကြောင်းမရှိပါဘူး”လို့ ဗိုလ်ချုပ်ကြီး ဆင်းက စင်ကာပူအမျိုးသားတက္ကသိုလ်မှာ ပြုလုပ်တဲ့ အိန္ဒိယအရှေ့မျှော်ဝါဒအကြောင်း ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်4။ လီဒိုလမ်းမဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ၆၁ ကီလိုမီတာပဲ ရှိတဲ့အတွက် တုံ့ဆိုင်းငြင်းဆန်ဖို့ မသင့်ပါဘူး။ အဲဒီအစား ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုကနေ အာရှအရှေ့ဖျားဒေသနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လိုလားတောင့်တနေတဲ့ ဒေသအတွက် ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ မတို့ထိဖူးသေးတဲ့ အရှေ့တောင်အာရှကို ဆန့်ထွက်ခြင်းဟာ ဒေသခံတွေအတွက် အကျိုးများလှပါတယ်။ အိန္ဒိယနိုင်ငံကုန်သည်များအသင်း (ICC) ရဲ့ အစီရင်ခံစာဟောင်းတခုအရတော့ လီဒိုလမ်းမကနေ ကုန်သွယ်ခြင်းအားဖြင့် အိန္ဒိယနဲ့ တရုတ်အကြား ကုန်စည်သယ်ယူကုန်ကျစရိတ်ကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆိုထားဖူးပါတယ်။ အိန္ဒိယနိုင်ငံကုန်သည်များအသင်းရဲ့ အတွင်းရေးမှူးချုပ်ဟောင်း နာဇစ်ဘ်အာရစ်ဖ် (Nazeeb Arif ) မှတ်တမ်းတင်ခဲ့သလိုပဲ ဒီလမ်းမဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသနဲ့ မြန်မာပြည်မြောက်ပိုင်းကို တရုတ်ဈေးကွက်အတွက်လိုအပ်တဲ့ ထုတ်ကုန်တွေထုတ်ပေးရာ ထုတ်လုပ်ရေး အချက်အချာဒေသတွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်5။ ဒါ့အပြင် စီးပွားရေးအခွင့်အလမ်းတွေဟာ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ဖန်တီးနိုင်ပြီး လူငယ်တွေကို လက်နက်ကိုင်တော်လှန်ရေးမှာ မပါဝင်ကြစေဖို့ တားဆီးရာမက်လုံးတခု ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ လီဒိုလမ်းမ ဖြတ်သန်းသွားရာ မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား ပဋိပက္ခတွေ မြင့်တက်နေတဲ့အတွက် စီမံကိန်းအကောင်အထည်ဖော်မှုကို နှောင့်နှေးစေနိုင်သလို ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်း ရှိလာနိုင်ပါသေးတယ်။

ကိုးကားချက်များ

  1. https://drive.google.com/file/d/1SrNHP26rzw9sc6j2hpA8PHPxfFgS_ThO/view?usp=drivesdk 
    ↩︎
  2.  https://www.airandspaceforces.com/article/0391hump/ 
    ↩︎
  3. https://www.alumni.cam.ac.uk/news/alumni-recreate-legendary-1950s-overland-expedition
    ↩︎
  4.  https://www.constructionworld.in/transport-infrastructure/highways-and-roads-infrastructure/India-yet-to-decide-on-opening-Stilwell-Road/7949  ↩︎
  5. https://www.bbc.com/news/world-south-asia-12269095 ↩︎

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles