ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

နယူးဒေလီသွားတောလား – မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှု

"သမိုင်းကို ပြန်ကြည့်ရရင် ဆက်ဆံရေးဖြတ်လိုက်တာက ဆက်ဆံရေးရှိနေတာထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ တွေ့ရမှာပါ။ ... ဆက်ဆံရေး ဖြတ်လိုက်မယ်ဆိုရင် လေဟာနယ်တခုလို ဖြစ်သွားပြီး တခြားသူတွေ ဝင်နေရာယူလာပါလိမ့်မယ်။ ... အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး" လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

[သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော “India’s Myanmar Dilemma – Junta Chief Turned President’s Maiden Visit Raise Doubts on Democratic Credentials” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]


“ဒီမိုကရေစီရဲ့ မိခင်ကြီးအဖြစ် တင်စားခံရတဲ့ အိန္ဒိယဟာ ၂၁ ရာစုရဲ့ အဆိုးရွားဆုံး အာဏာရှင်ကို ကြိုဆိုနေတာ မြင်ရတော့ ကျနော်တို့ အများကြီး နာကျင်ရပါတယ်။” ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ကို နယူးဒေလီမှာ ဆန့်ကျင်ဆန္ဒပြဖို့ ကြိုးစားခဲ့ပေမဲ့ တားဆီးခံခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဦးဆောင်သူတဦးက ပြောခဲ့တာပါ။ ဒီစကားဟာ အရှေ့အရပ်က အိမ်နီးချင်းနိုင်ငံရဲ့ အုပ်စိုးသူသစ်အပေါ် အိန္ဒိယရဲ့ ချဉ်းကပ်ဆက်ဆံပုံ သဘောသဘာဝကို သိသာပေါ်လွင်စေပါတယ်1။ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို ရွေးချယ်သွားရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာတွေအရ အရပ်သား ၇,၇၀၀ ကျော် သေဆုံးခဲ့ရတဲ့ အငြင်းပွားဖွယ် စစ်ဆင်ရေးတွေကို ဦးဆောင်ခဲ့သူတယောက်ကို ဝန်ကြီးချုပ် နရိန်ဒရာမိုဒီက ဖိတ်ကြားခဲ့တာ ဖြစ်တဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ ဒီစစ်အာဏာရှင်ရဲ့ နိုင်ငံရေးအဆင့်အတန်းကို တရားဝင် အသိအမှတ်ပြုလိုက်တာပဲ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်2 3 ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံကို အခုအချိန်ထိ နာလန်မထူနိုင်အောင် ပြင်းထန်ရက်စက်တဲ့ ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့တဲ့ ခေါင်းဆောင်တယောက်ကို အိန္ဒိယအစိုးရအနေနဲ့ ဖက်လဲတကင်း ဆက်ဆံနေရတဲ့ တကယ့်အကြောင်းရင်းကို အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မီသရီ (Vikram Misri) က ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့ပါတယ်။ “သမိုင်းကို ပြန်ကြည့်ရရင် ဆက်ဆံရေးဖြတ်လိုက်တာက ဆက်ဆံရေးရှိနေတာထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ တွေ့ရမှာပါ။ ကျနော်တို့ဟာ ဒီမိုကရေစီ အပြောင်းအလဲကို လိုလားတယ်ဆိုရင် ဆက်ဆံရေးဖြတ်လိုက်ရုံနဲ့တော့ အဲဒီအပြောင်းအလဲကို ဆောင်ကြဉ်းမပေးနိုင်ပါဘူး” လို့ သူက ပြောပါတယ်။ ဒါ့အပြင် “တဖက်ကလည်း ဆက်ဆံရေး ဖြတ်လိုက်မယ်ဆိုရင် လေဟာနယ်တခုလို ဖြစ်သွားပြီး တခြားသူတွေ ဝင်နေရာယူလာပါလိမ့်မယ်။ ကျနော်တို့အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာပါလိမ့်မယ်။ အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး” လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်4။ ဒီတော့ အိန္ဒိယအစိုးရက ဦးမင်းအောင်လှိုင်ကို အခုလို ကာဆီးကာဆီးနဲ့ အလိုလိုက်ပေးနေတာဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အားမလိုအားမရ ဖြစ်စေခဲ့တာက အဆန်းတော့ မဟုတ်ပါဘူး။ “အကြမ်းဖက် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် သတင်းတွေနဲ့ပတ်သက်ပြီး ကျမတို့ သိပ်ကို စိုးရိမ်ပူပန်မိပါတယ်။ ဒီသတင်းကြောင့် မြန်မာပြည်သူတွေ စိုးရိမ်သောက ရောက်ကြရပါတယ်” လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာထံ ပေးပို့တဲ့စာမှာ ရေးသားခဲ့ပါတယ်5

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်မှုကို ၂၀၁၅ ခုနှစ် ဆောင်းရာသီမှာ အဆုံးသတ်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို တပ်မတော်က အာဏာသိမ်းဖြုတ်ချခဲ့ချိန်ကစလို့ အိန္ဒိယဟာ နေပြည်တော်နဲ့ ပုံမှန်ဆက်ဆံရေးကို ထိန်းထားခဲ့ပါတယ်။ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ဒီမိုကရေစီ အနောက်နိုင်ငံတွေနဲ့ အာရှတချို့နိုင်ငံတွေက ဧပြီလတုန်းက ဦးမင်းအောင်လှိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို သပိတ်မှောက်ခဲ့ကြပေမဲ့ အိန္ဒိယကတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ပြီး ရွေးကောက်ပွဲရလဒ်ကို တရားဝင် အသိအမှတ်ပြုပေးခဲ့ပါတယ်6။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယဟာ မြန်မာပြည်က အုပ်စိုးသူအသစ်တွေနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားလို့ ဆိုရမှာပါ။ 

နယူးဒေလီမြို့မှာလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေမှာ ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဦးမင်းအောင်လှိုင်နဲ့အတူ စစ်တပ်နဲ့ ရင်းနှီးတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်အဖွဲ့လည်း လိုက်ပါသွားခဲ့ပါတယ်7။ အဲဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ KBZ အုပ်စုက ဦးအောင်ကိုဝင်း၊ MAI (Myanmar Airways International) က ဦးအောင်အောင်ဇော်၊ ဧရာဟင်္သာအုပ်စုက ဦးဇော်ဝင်းရှိန်နဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းတို့ ပါဝင်ခဲ့ကြပါတယ်။ အရေးကြီးဓာတ်သတ္တုတွေနဲ့ မြေရှားသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်တာအပြင် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာ(အိုင်တီ)ကဏ္ဍနဲ့ ထုတ်လုပ်ရေးကဏ္ဍဖြစ်တဲ့ ဓာတုနဲ့ စက်မှုလုပ်ငန်း၊ လျှပ်စစ်ကားတွေအပါအဝင် မော်တော်ကားလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ သံမဏိလုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံလုပ်ငန်း၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာလုပ်ငန်းတွေမှာ အိန္ဒိယအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ မြန်မာဘက်က ဖိတ်ခေါ်ခဲ့ပါတယ်8။ “ဘယ်လို နိုင်ငံရေးပြဿနာတွေကိုမှ စိုးရိမ်စရာ အကြောင်းမရှိဘူး” လို့ စစ်ခေါင်းဆောင်က အိန္ဒိယစီးပွားရေးသမားတွေကို ကတိပေး ပြောဆိုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံကနေ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြတဲ့ အခြေအနေမှာ ဒီလို ပြောဆိုလာတာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဦးမင်းအောင်လှိုင်ကို အခုလို လက်ခံတွေ့ဆုံခဲ့တဲ့အတွက် အိန္ဒိယဟာ ဒီမိုကရေစီ အားလုံးပါဝင်ရေး၊ လူမှုတရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို ရှေ့တန်းကနေ ကာကွယ်ပေးခဲ့တယ်ဆိုတဲ့ သမိုင်းအမွေအနှစ်ကို အမည်းစက် ထင်စေခဲ့ပြီလားလို့ မေးစရာ ရှိလာပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူအများက ကြီးကြီးမားမား စိုးရိမ်ပူပန်နေကြချိန်မှာ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယဘက်က ဝတ်ကျေတမ်းကျေ စိုးရိမ်ကြောင်း ထုတ်ပြန်ရုံလောက်ပဲ လုပ်ခဲ့တာကတော့ ဝမ်းနည်းစရာပါပဲ9။ ကမ္ဘာတဝန်းက ဒီမိုကရေစီ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဆက်လက်ရှိနေမှာ ဖြစ်သလို ဒီမိုကရေစီ သမိုင်းကြောင်းမှာ ကမ္ဗည်းတင်ကျန်ရစ်နေမှာ သေချာပါတယ်။ နယူးဒေလီမြို့မှာ ပညာသင်ကြားခဲ့ဖူးတဲ့ နောက်ခံကြောင့် အိန္ဒိယလူ့အဖွဲ့အစည်း အလွှာအသီးသီးနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပေမဲ့ ဘာသိဘာသာ နေတတ်တဲ့ အိန္ဒိယသံတမန်အသိုင်းအဝိုင်းရဲ့ သဘောထားကို နိုင်ငံခြားရေးအတွင်းဝန် မီသရီရဲ့ ပြောစကားမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ “မြန်မာနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ မြန်မာ့ ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းအပေါ် မှတ်ချက်ပေးဖို့ ရည်ရွယ်တာမျိုး မဟုတ်ဘူးဆိုတာကို ကျနော် အထူးပြောချင်ပါတယ်” လို့ သူက ဆိုထားပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလတုန်းက ချမှတ်ခဲ့တဲ့ အာဆီယံ (ASEAN) ရဲ့ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးရပ်ကို အိန္ဒိယက ထောက်ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ခေါင်းမာမှုကြောင့် အဲဒီအစီအစဉ် အရာမထင်ဖြစ်လာတဲ့အခါ ကူညီဖြေရှင်းပေးဖို့ အခွင့်အရေးကောင်းတရပ်ကို အိန္ဒိယအစိုးရအနေနဲ့ ရလာခဲ့ပါတယ်။ တပ်မတော်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အိန္ဒိယအနေနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်လို့ ငြိမ်းချမ်းရေးမစ်ရှင်တခု စတင်ဖို့ဆိုတာ သိပ်မခက်ခဲလှပါဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ အိန္ဒိယနိုင်ငံဟာ ရဲရင့်တက်ကြွတဲ့ သံတမန်ရေးရာ ချဉ်းကပ်မှုမျိုး လုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး10။ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဒီလို တုံ့ဆိုင်းတုံ့ဆိုင်း လုပ်လေ့ရှိတဲ့ အစဉ်အလာဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက အာဏာသိမ်းခံခဲ့ရတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီး ဦးနုဟာ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးရဲ့ မိတ်ဆွေကြီးဖြစ်နေတဲ့တိုင်အောင် အိန္ဒိယက ဝင်မပါဘဲ ပစ်ထားခဲ့ဖူးပါတယ်။ အကျိုးဆက်အနေနဲ့ ဦးနုဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချတာကို ခံခဲ့ရပြီး အဲဒီတုန်းက အိန္ဒိယဘက်က ဝင်မစွက်ဖက်ရတဲ့ ဆင်ခြေဟာလည်း အခုလိုပါပဲ။ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသက ပြည်တွင်းသူပုန်ထမှုတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်ပဲ ဖြစ်ခဲ့ပါတယ်။


ကိုးကားချက်များ


  1. https://thewire.in/diplomacy/pained-to-see-mother-of-democracy-host-centurys-worst-dictator-myanmar-refugees-in-india ↩︎
  2. https://www.npr.org/2026/05/30/nx-s1-5838637/myanmar-hlaing-india-tour ↩︎
  3. https://www.ohchr.org/en/statements-and-speeches/2026/02/assistant-secretary-general-brands-kehris-myanmar-human-rights-and ↩︎
  4. https://thewire.in/diplomacy/india-must-engage-myanmar-lest-vacuum-formed-filled-our-detriment-foreign-secy ↩︎
  5. https://newdaymyanmar.com/myanmars-nug-sends-objection-letter-to-indian-government-over-min-aung-hlaings-visit/ ↩︎
  6. https://theprint-in.cdn.ampproject.org/v/s/theprint.in/india/union-minister-kirti-vardhan-singh-to-represent-india-at-inauguration-of-myanmars-new-president/2897979/?amp=&amp_gsa=1&amp_js_v=a9&usqp=mq331AQIUAKwASCAAgM%3D#amp_tf=
    From&ampshare=https%3A%2F%2Ftheprint.in%2Findia%2Funion-minister-kirti-vardhan-singh-to-represent-india-at-inauguration-of-myanmars-new-president%2F2897979%2F ↩︎
  7. https://www.irrawaddy.com/news/myanmars-crisis-the-world/whos-who-of-myanmar-cronies-joins-min-aung-hlaing-on-india-trip.html ↩︎
  8. https://www.gnlm.com.mm/myanmar-invites-indian-investment-across-key-sectors/ ↩︎
  9. https://www.independent.co.uk/asia/southeast-asia/myanmar-aung-sang-suu-kyi-proof-of-life-birthday-b2987119.html ↩︎
  10. https://idsa.in/publisher/book-review/stability-or-democracy ↩︎

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles