“သားတယောက်ကိုသာ မြင်သည်” ဆိုတဲ့ ပုံပြင်လေးကို တချိန်က ကျောင်းသင်ရိုးမှာ ပြဋ္ဌာန်းခဲ့ဖူးလို့ တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ အကျဉ်းချုပ်ပြောရရင် ပုံပြင်ထဲမှာ သားတယောက်စီရှိတဲ့ မိခင်သုံးဦး ရေတွင်းမှာ ရေခပ်နေကြတယ်။ ရေတွင်းနားက အဘိုးအိုတဦးကလည်း မိခင်သုံးဦး သူတို့သားတွေအကြောင်း ကြွားလုံးထုတ်နေတာကို ကြားနေရတယ်။ ပထမမိခင်က သူ့သား အပြေးသန်ကြောင်း ကြွားတယ်၊ ဒုတိယမိခင်က သူ့သား သီချင်းဆိုကောင်းကြောင်း ကြွားတယ်၊ တတိယမိခင်ကတော့ ဘာမှမကြွားဘူး။ အဲဒီအချိန်မှာ တတိယမိခင်ရဲ့သား ရောက်လာပြီး အမေ့ရဲ့ရေအိုးကို ပင့်ကူတင်ပေးလိုက်တယ်။ အဲဒီတော့မှ အဘိုးအိုက လိမ္မာတဲ့ သားတယောက်တည်းကိုသာ မြင်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ့အာဏာကို ပြည်သူ့လက်ဝယ် ပြန်ရနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ မိခင်ပေါင်းများစွာရဲ့သားတွေကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလို မြင်ရတဲ့အခါ သားသုံးမျိုးသုံးစားကို ခွဲခြားသိမြင်ခဲ့ရပါတယ်။ အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ သားတွေ၊ လက်နက်ကိုင်လမ်းစဉ်ကို မလိုက်ဘဲ ကိုယ်ကျိုးစီးပွားပဲ ရှာတဲ့ သားတွေ၊ လက်နက်လည်း မကိုင်၊ စီးပွားလည်း မရှာဘဲ အလိုက်သင့်နေထိုင်တဲ့ သား ဆိုတဲ့ သားသုံးယောက်ပါ။ အဲဒီသုံးမျိုးထဲမှာ ကျနော် အဓိကမြင်မိတာက ကိုယ်ကျိုးနဲ့ အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို လိုက်တဲ့ ပထမသားတွေနဲ့၊ လက်နက်ကိုင်မလိုက်ဘဲ ကိုယ်ကျိုးကိုသာ ရှေးရှုတဲ့ ဒုတိယသားတွေပါပဲ။
ဒီလို သုံးသပ်မိတဲ့အကြောင်းရင်းက ဒီလိုပါ။ ကျနော်တို့နယ်မြေက စိုးမိုးနယ်မြေဖြစ်လို့ ‘တရွာနဲ့တရွာ ချစ်ကြည်ရေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဘောလုံးပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ကစားကြတဲ့ ဘောလုံးသမားတွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးသမားတွေ အများကြီးပါဝင်ပါတယ်။ ကျနော်က ဘောလုံးပွဲဝါသနာပါလို့ သွားအားပေးဖြစ်ပါတယ်။ တရက်တော့ ဘောလုံးပွဲကအပြန် လမ်းမှာ လက်နက်ကိုင်လမ်းစဉ်မလိုက်ဘဲ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုတဲ့ ဒုတိယသားတဦးကို တွေ့ခဲ့ပါတယ်။
အဲဒီဒုတိယသားက ကုန်ကားမောင်းပြီး ငွေရှာနေသူပါ။ သူ့အသက်အရွယ်က လက်နက်ကိုင်ဖို့ အကောင်းဆုံးအရွယ်ပါပဲ။ ကျနော်တွေ့ချိန်မှာ သူ့လက်ထဲက ငွေထုပ်ကြီးတွေကို ရေတွက်နေတာ မြင်ရပါတယ်။ အဲဒီအခါ ကျနော့်စိတ်ထဲမှာ “သူများတွေ ကိုယ်ကျိုးစွန့် အသက်စွန့်ပြီး တိုက်ပွဲဝင်နေချိန်မှာ သူကတော့ လက်နက်ကိုင်မလိုက်ဘဲ ကိုယ့်တဖို့တည်းကြည့်ပြီး ငွေကို သည်းကြီးမဲကြီး ရှာနေတယ်၊ စိတ်ပျက်စရာကောင်းလိုက်တာ” လို့ ကဲ့ရဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလို ကဲ့ရဲ့ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ဝင်လာပြီး “ငါ သူ့ကို ဒီလိုကဲ့ရဲ့တာ ဖြစ်သင့်ရဲ့လား” လို့ ပြန်စဉ်းစားမိပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးကာလ စိုးမိုးနယ်မြေမှာ ဒုတိယသားတွေ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များစွာကို ပြေးမြင်မိသွားလို့ပါပဲ။
ကျနော်တို့ စိုးမိုးနယ်မြေမှာ တောင်သူလုပ်ငန်းရှင်တွေ များပါတယ်။ မြေပဲ၊ ပဲစင်းငုံ၊ ထန်းလျက်၊ ဆီးသီး၊ မန်ကျည်းသီးစတဲ့ သီးနှံတွေ အများကြီးထွက်ပါတယ်။ အဲဒီသီးနှံတွေကို စိုးမိုးနယ်မြေမဟုတ်တဲ့ ခရိုင်မြို့ကြီးတွေဆီ ဒုတိယသားတွေရဲ့ ကုန်ကားကြီးတွေနဲ့ တင်ပို့ရောင်းချရပါတယ်။ ရောင်းလို့ရတဲ့ငွေနဲ့ ကျနော်တို့ လိုအပ်တာတွေကို သူတို့ကားတွေနဲ့ပဲ ပြန်ဝယ်ယူသယ်ဆောင်လာရပါတယ်။ ဒါကြောင့် စိုးမိုးနယ်မြေမှာ ဒုတိယသားတွေကိုပဲ မှီခိုအားထားနေရတာပါ၊ သူတို့မရှိရင် ကျနော်တို့ ငတ်သေနိုင်ပါတယ်။
ဒုတိယသားတွေဟာ သီးနှံတွေ တင်ပို့ရောင်းချဝယ်ယူတဲ့ လမ်းခရီးမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေများစွာကို ကြုံခဲ့ကြရပါတယ်။ ခရိုင်မြို့ကြီးတွေဆီ သွားရတဲ့အခါ စစ်ဂိတ်၊ ရဲဂိတ်တွေကို ဖြတ်သန်းရပါတယ်။ ဒီဂိတ်တွေကို ဖြတ်ရတာဟာ အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါပဲ။ စစ်ဂိတ် ရဲဂိတ်တွေကို မျက်နှာချိုသွေးရတယ်။ သူတို့တောင်းသလောက် ပေးရတယ်။ နောက်တခါ ကြည်ကြည်ဖြူဖြူ အဖြတ်ခံရအောင် လာဘ်များများ ထိုးရတယ်။ သိတဲ့အတိုင်း စစ်သားနဲ့ ရဲတွေက စိုးမိုးနယ်မြေတွေကို စားရေရိက္ခာ ရှားပါးစေချင်ကြတယ်။ ဒါကြောင့် ရိက္ခာကားတွေကို တင်းတင်းကျပ်ကျပ် စည်းကမ်းထုတ်ထားတယ်။ တချို့ရိက္ခာတွေဆို လုံးဝသယ်ခွင့်မပြုဘူးလို့ စာထုတ်ထားတယ်။ တခါတလေ ကားပေါ်ပါလာသမျှ အကုန်ချခိုင်းပြီး ဓားပြတိုက်သလို လုပ်တတ်တယ်။ ပြီးရင် နောက်လာတဲ့ကားတွေကို အဲဒီရိက္ခာတွေ မဝယ်မနေရ ရောင်းချတတ်တယ်။ တခါတလေ တားမြစ်ထားတဲ့ပစ္စည်း တခုခုပါလာရင် တပတ်လောက် ဖမ်းဆီးထားပြီး မိသားစုဆီဆက်သွယ်ကာ ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ တချို့ဆို လက်နောက်ပစ်ကြိုးတုပ်၊ မျက်လုံးကို အဝတ်နဲ့စည်းပြီး “ဘယ်သွားမလို့လဲ၊ ဘာလုပ်မလို့လဲ၊ ဘာအတွက် ဝယ်တာလဲ၊ ဘယ်အဖွဲ့ကို ပို့မလို့လဲ” စသဖြင့် အမျိုးမျိုးစစ်ဆေးပြီး အကြောက်တရား သွင်းတတ်ပါတယ်။ တခါကဆို အမျိုးသမီးငယ်လေးတယောက် ဂိတ်မှာ တံတွေးထွေးမိတာကို စစ်သားတယောက်က “နင်က ငါတို့ကို ရွံပြတာလား” ဆိုပြီး နေရာမှာတင် သတ်ပစ်လိုက်တယ်တဲ့။ ဒုတိယသားတွေဟာ ဒီလိုအခြေအနေဆိုးတွေ ကြားကနေ လိုအပ်တဲ့ပစ္စည်းတွေကို မရရတဲ့နည်းနဲ့ ဝယ်ယူတင်ပို့ပေးနေကြတာပါ။
ကားချောဆွဲခံရလို့ ပြန်ရွေးရတဲ့ ငွေတွေဆိုတာ သူတို့ သုံးလေးနှစ်စာ စုဆောင်းထားတဲ့ ငွေတွေကို ပြောင်တလင်းခါသွားစေပါတယ်။ ဒါပေမဲ့လည်း ဒီအလုပ်ကို ဆက်လုပ်နေကြတုန်းပါ။ အကြောင်းရင်းကတော့ စိုးမိုးနယ်မြေက ပြည်သူတွေ ငတ်ပြတ်မသေစေဖို့အတွက်ပါပဲ။ ဒါဟာ ဒုတိယသားတွေရဲ့ ပေးဆပ်စွန့်လွှတ်မှုတခုပါ။ ဒါကြောင့် သူတို့ကို ကိုယ့်တဖို့တည်းသမားတွေလို့ ကဲ့ရဲ့မနေဘဲ သူတို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။
“သားတယောက်ကိုသာ မြင်သည်” ဆိုတဲ့ ပုံပြင်လေးကို အခုဆို ကျောင်းသင်ရိုးကနေ ပယ်ဖျက်လိုက်ပါပြီ။ ကျနော့်အထင်ပြောရရင် အပြေးသန်တဲ့သားနဲ့ သီချင်းဆိုကောင်းတဲ့သားတွေလည်း တိုင်းပြည်အတွက် လိုအပ်နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့တွေလည်း တော်လှန်ရေးကာလမှာ ပထမသားတွေအပြင် ဒုတိယသားတွေကိုပါ အသိအမှတ်ပြု မြင်ပေးရပါလိမ့်မယ်။
