ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်ရမည့် မီဇိုရမ်စင်္ကြံ

တကယ့်မြေပြင်မှာတော့ အာရက္ခတပ်တော်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ကြား ကုန်သွယ်မှုပြုရာမှာ လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်တာက ရှောင်လွှဲလို့မရတဲ့ လက်တွေ့အရှိတရား ဖြစ်တယ်ဆိုပေမဲ့ တရားဝင်မှု (legitimacy) အပိုင်းနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်မူဝါဒ အပြောင်းအလဲတွေကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ မရေရာမှုတွေ ရှိနေပါသေးတယ်။

အိန္ဒိယနိုင်ငံရဲ့ အနောက်မြောက်ဖက်မှာ ညီအစ်မခုနစ်ဖော် (Seven Sister) လို့ ခေါ်ကြတဲ့ ကုန်းတွင်းပိတ်ပြည်နယ်ခုနစ်ခု ရှိပါတယ်။ အဲဒီပြည်နယ်တွေဟာ အိန္ဒိယပြည်မကြီးနဲ့ ကီလိုမီတာ ၂,၀၀၀ ဝန်းကျင် ဝေးပြီး ကုန်သွယ်ရေးလမ်းကြောင်း ရှည်လျားတာကြောင့် အိန္ဒိယရဲ့ တခြားပြည်နယ်တွေနဲ့ ယှဉ်ရင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျပါတယ်။ ဒါကို ကုစားဖို့နဲ့ ဘင်္ဂလားပင်လယ်‌အော်ထွက်ပေါက် ရဖို့အတွက် အိန္ဒိယအစိုးရက ကုလားတန်မြစ်ကြောင်းဘက်စုံစီမံကိန်း Kaladan Multi-Modal Transit Transport Project (KMMTTP) ကို ဖော်ဆောင်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ ကုန်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ဆိပ်ကမ်းကနေ အာရက္ခဒေသ စစ်တွေမြိုဆိပ်ကမ်းကို ပို့ဆောင်မှာဖြစ်သလို စစ်တွေမြို့ကနေ ကုလားတန်မြစ်ကြောင်းတလျှောက် ပလက်ဝမြို့ထိ ရေကြောင်းနဲ့ ချိတ်ဆက်ထားပြီး အဲဒီကတဆင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ဇိုရိမ်ပူအရပ်ကို ကားလမ်းနဲ့ ပို့ဆောင်မှာဖြစ်ပါတယ်။ ကုလားတန်မြစ်ကြောင်းဘက်စုံစီမံကိန်းဟာ အာရက္ခဒေသမြောက်ပိုင်းတခုလုံးနဲ့ ဆက်စပ်နေပြီး တဖက်မှာလည်း ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်နိုင်ငံက ဩဇာဖြန့်ကြက်ထားတဲ့ ခါးပတ်လမ်းစီမံကိန်း(BRI)ကို တန်ပြန်မယ့် အိန္ဒိယရဲ့ မဟာဗျူဟာအဖြစ်လည်း ရှုမြင်ခံရပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ရခိုင်ပြည်နယ်က မြို့ ၁၄ မြို့နဲ့ ပလက်ဝဒေသကို အာရက္ခတပ်တော် ထိန်းချုပ်ပြီးတဲ့နောက်မှာ ပထဝီနိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး စီမံကိန်းအပေါ်မှာ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ အိန္ဒိယအစိုးရက အာရက္ခဒေသရဲ့ အုပ်ချုပ်သူအသစ် ဖြစ်လာတဲ့ အာရက္ခတပ်တော်နဲ့ တရားဝင်ဆက်ဆံရေးကို လူသိရှင်ကြား မကြေညာပေမဲ့ သတိကြီးကြီးထားပြီး ဆက်ဆံနေပါတယ်။ ပလက်ဝနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်အစိုးရနဲ့ အာရက္ခတပ်တော်တို့ကြားမှာတော့ အိန္ဒိယဗဟိုအစိုးရရဲ့ မသိကျိုးကျွန်ပြုမှုအောက်မှာ ဆက်ဆံရေး တိုးတက်လာနေပါတယ်။

မီဇိုရမ်ဝန်ကြီးချုပ် လာဒူဟိုမာက ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးမှာ အာရက္ခတပ်တော်နဲ့ ဆက်ဆံရေးကို ပြောဆိုခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းတခုလုံးဟာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့အကြောင်းနဲ့ စီမံကိန်းပြီးမြောက်ဖို့ကို အာရက္ခတပ်တော်ကလည်း လိုလားနေတဲ့ အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။ မီဇိုရမ်ဝန်ကြီးချုပ်ဟာ အရင်ကလည်း အာရက္ခတပ်တော်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရမယ်ဆိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိပါတယ်။

အာရက္ခဒေသနဲ့ မီဇိုရမ်‌ဒေသတို့ ဆက်ဆံရေးဟာ ရှည်လျားတဲ့ သမိုင်းကြောင်းနောက်ခံတွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ရှေးယခင်ကတည်းက နေထိုင်ကြတဲ့ ရခိုင်လူမျိုးစုတွေဟာ တြိပူရပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်တွေမှာ အခြေချနေထိုင်ကြတာ ဖြစ်ပါတယ်။ ရခိုင်ဘုရင်တွေရဲ့ အာဏာစက်ဟာ တြိပူရနယ်အထိ ကျယ်ပြန့်ခဲ့တယ်လို့ ရခိုင်ရာဇဝင်တွေမှာ ဖော်ပြကြပါတယ်။ ခေတ်အသီးသီးမှာ ပေါ်ပေါက်ခဲ့တဲ့ ရခိုင်တော်လှန်ရေးတပ်တွေဟာလည်း မီဇိုရမ်နယ်စပ်မှာ လှုပ်ရှားခဲ့ကြသလို အာရက္ခတပ်တော်ဟာလည်း ပလက်ဝ-မီဇိုရမ်နယ်စပ်ကတဆင့် အာရက္ခဒေသတခုလုံးနီးပါးကို သိမ်းယူနိုင်ခဲ့ပါတယ်။ မီဇိုအမျိုးသားတပ်ဦးဟာ အရှေ့ပါကစ္စတန် ကျဆုံးပြီးတဲ့နောက်မှာ ၁၉၇၁ ခုနှစ်ကနေ အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ၁၉၈၆ ခုနှစ်အထိ ရခိုင်ဒေသကို တိမ်းရှောင်ရစဉ်က ရခိုင်တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေရဲ့ အကူအညီတွေကို ရယူခဲ့ရပါတယ်။ 

ရခိုင်တော်လှန်ရေးတပ်တွေနဲ့ မီဇိုတော်လှန်ရေးတပ်ဖွဲ့တွေအကြားမှာ ဒီလို ဆက်နွှယ်မှုတွေ ရှိခဲ့သလို အခုအခါ မီဇိုရမ်စင်္ကြံဟာလည်း အာရက္ခဒေသနဲ့ မီဇိုရမ်ပြည်နယ်တို့ကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေပေါတယ်။ မြန်မာစစ်တပ်က ကုန်းလမ်း‌၊ ရေလမ်းနဲ့ ဆက်သွယ်ရေးကွန်‌ရက်တွေပါ ဖြတ်တောက်ထားတဲ့အပြင် စစ်တွေနဲ့ ကျောက်ဖြူလို ဒေသရဲ့ အားထားရတဲ့ မြို့တွေကို မရယူနိုင်သေးတဲ့ အာရက္ခလွတ်မြောက်‌နယ်မြေအတွက်တော့ မီဇိုရမ်ပြည်နယ်ဟာ အဓိကကုန်စည်တွေ စီးဆင်းရာ အသက်ရှူပေါက်တခုလို ဖြစ်နေပါတယ်။ အရင်တုန်းက ခြောက်သွေ့တိတ်ဆိတ်နေတဲ့ မီဇိုရမ်နယ်ခြားဟာ အခုဆိုရင် နေ့စဉ် ရူပီးငွေ သန်းရာချီ ကုန်သွယ်နေကြတဲ့ မဟာဗျုဟာမြောက်နယ်မြေ ဖြစ်လာခဲ့ပါပြီ။ ဒေသတွင်းထွက်ကုန် နည်းပါးတဲ့ မီဇိုရမ်အတွက်တော့ ဒီစင်္ကြံလမ်းဟာ အကျိုးအမြတ်တွေ အမြောက်အမြားကို ယူဆောင်လာခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ GSDP တန်ဖိုး ရူပီး ၃၅,၅၀၀ ကုဋေသာ ရှိခဲ့တဲ့ မီဇိုရမ်ဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရူပီး ၄၈,၀၀၀ ကုဋေအထိ ၃၀% နီးပါး တိုးတက်လာပါတယ်။

မီဇိုရမ်ရဲ့ အဓိကမြို့တွေဖြစ်တဲ့ အိုက်ဇော၊ လုံးလေ၊ လောင်တလိုင်နဲ့ ဆိုင်းဟမြို့တို့က ဈေးဆိုင်တွေဟာ အရင်က တနေ့ ရူပီးထောင်ဂဏန်းသာ ရောင်းချခဲ့ရပေမဲ့ အခုတော့ အာရက္ခဒေသက ကုန်သည်တွေကို ရူပီးသိန်းချီ ရောင်းချနေရပါတယ်။ မီဇိုရမ်က ဆေးရုံတွေ၊ ကုန်သည်တွေ၊ ဈေးဆိုင်တွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကအစ ကားသမားတွေအထိ လက်ဖျားငွေသီးတဲ့ အခိုက်အတန့်တခုကို ရောက်နေကြတယ်လို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း မီဇိုရမ်စင်္ကြံလမ်းကို အသုံးပြုပြီး မြန်မာစစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကို အာရက္ခပြည်သူတွေ ကျော်ဖြတ်နေကြပါတယ်။ ဒါ့အပြင် အာရက္ခဒေသက ထွက်ကုန်တွေကိုလည်း မီဇိုရမ်ကို တင်ပို့ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

အာရက္ခတပ်တော်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်လာတာနဲ့အမျှ ဒီကုန်သွယ်ရေးဇုန်ဟာ ကုလားတန်မြစ်ကြောင်းဘက်စုံစီမံကိန်း မစတင်ခင်ကတည်းက တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးစီးပွားတွေနဲ့ တည်ဆောက်ထားတဲ့ ရှဉ့်လည်း‌လျှောက်သာ ပျားလည်းစွဲသာတဲ့ မီဇိုရမ်စင်္ကြံလမ်းကို အခုထက်ပိုပြီး တိုးချဲ့ဖို့နဲ့ တရားဝင်ကုန်သွယ်ရေးဇုန် တည်ထောင်ဖို့ကို နှစ်ဖက်စလုံးက ဒေသခံတွေ လိုလားနေကြပါတယ်။

ဒါပေမဲ့ တကယ့်မြေပြင်မှာတော့ အာရက္ခတပ်တော်နဲ့ မီဇိုရမ်ပြည်နယ်အစိုးရတို့ကြား ကုန်သွယ်မှုပြုရာမှာ လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နယ်မြေကို အမှန်တကယ် စိုးမိုးထားနိုင်တဲ့ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းဆောင်ရွက်တာက ရှောင်လွှဲလို့မရတဲ့ လက်တွေ့အရှိတရား ဖြစ်တယ်ဆိုပေမဲ့ တရားဝင်မှု (legitimacy) အပိုင်းနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်မူဝါဒ အပြောင်းအလဲတွေကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ မရေရာမှုတွေ ရှိနေပါသေးတယ်။ ဒါက နှစ်ဖက်အာဏာပိုင်တွေရဲ့ မူဝါဒတွေအပေါ်မှာ မူတည်နေပြီး အာရက္ခတပ်တော်နဲ့ မီဇိုရမ်အစိုးရတို့အကြား ဆက်ဆံရေးကဏ္ဍသစ်တခုကို ယူဆောင်လာနိုင်မလား၊ ကုန်သွယ်ရေး ယန္တရားကိုရော ဘယ်လောက်အထိ တရားဝင် ခိုင်မာအောင် တည်ဆောက်နိုင်မလဲ ဆိုတာကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles