မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေးတွေဟာ အိန္ဒိယကို အကျပ်ရိုက်စေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရ ဖယ်ရှားခံရပြီးကတည်းက နယူးဒေလီဟာ မှန်ကန်တဲ့ နိုင်ငံခြားရေးမူဝါဒဟန်ချက်ကို ရှာဖွေနေခဲ့ပါတယ်။ ဒါကြောင့်မို့ နေပြည်တော်နဲ့ ဆက်ဆံရေးကိုလည်း မထိခိုက်စေဘဲ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ စစ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံဖို့အတွက်လည်း တရားဝင်မဟုတ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းတခု ဖွင့်လှစ်ခဲ့ပါတယ်1။ ဒါပေမဲ့ နယ်စပ်ကို ခြံစည်းရိုးကာတာ၊ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေကို ကန့်သတ်ဖို့အတွက် အိန္ဒိယ-မြန်မာ လွတ်လပ်စွာ သွားလာခွင့် (FMR) ကို ရပ်ဆိုင်းတာတွေ အပါအဝင် တင်းကျပ်တဲ့ နယ်စပ်မူဝါဒတွေ ချမှတ်လိုက်တဲ့အခါမှာတော့ ပြည်သူတွေကြားမှာ မကျေနပ်မှုတွေ ထွက်ပေါ်လာပါခဲ့တယ်2။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသနေ ပြည်သူတွေကတော့ အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းဟာ ကိုလိုနီအုပ်ချုပ်ရေးက ရေးဆွဲခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသတွေရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေ၊ လူမျိုးစုတွေရဲ့ ဆက်နွှယ်မှုတွေနဲ့ ဓလေ့ထုံးတမ်းတွေကို နားမလည်ဘူး၊ ဒီနယ်စပ်မျဉ်းဟာ သဘာဝမကျဘူးလို့ အစဉ်အဆက် ရှုမြင်ခဲ့ကြပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ FMR ကြောင့် လူမျိုးစုချင်း နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာပြီး နှစ်ဖက်စလုံးက ဒေသခံတွေရဲ့ ကုန်သွယ်ရေးနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
အခုတလောမှာတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးခတ်တာကို မြန်မြန်ဆန်ဆန်လုပ်ဖို့အတွက် မြန်မာနဲ့ နယ်မြေချင်းလဲလှယ်မယ့် အဆိုပြုချက်တခုကို ဆွေးနွေးနေကြတယ်ဆိုတဲ့အတွက်ကြောင့် အငြင်းပွားစရာ ဖြစ်လာပါတယ်။ နိုင်ငံတကာနယ်နိမိတ်ကို ခိုင်မာအောင် လုပ်ဖို့အတွက် မဏိပူရပြည်နယ်၊ ချန်ဒဲလ် (Chandel) ခရိုင်အတွင်း ၂.၇၅ ကီလိုမီတာကနေ ၂.၈ ကီလိုမီတာလောက် ရှိတဲ့ နယ်စပ်မျဉ်းကို နယ်နိမိတ် ပိုင်းခြားသတ်မှတ်နိုင်ဖို့အတွက် ခန့်မှန်းခြေ ၃.၅ စတုရန်းကီလိုမီတာလောက်ရှိတဲ့ ဧရိယာအကျယ်အဝန်းကို မြန်မာနဲ့ အိန္ဒိယတို့အကြား လဲလှယ်ရေး နီးစပ်နေပြီလို့ အိန္ဒိယအစိုးရရဲ့ မှတ်တမ်းတခုကို ကိုးကားပြီး မီဒီယာတခုက ဖော်ပြခဲ့ပါတယ်3။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်နေတာကို ဝန်ခံခဲ့ပေမဲ့ နယ်မြေလွှဲပြောင်းပေးဖို့ အစီအစဉ်ကိုတော့ အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်4။ စိတ်ဝင်စားစရာကောင်းတာကတော့ ၂၀၂၃ ခုနှစ်ကတည်းက သယံဇာတ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး တဖက်နဲ့တဖက် သတ်ဖြတ်ချင်လောက်အောင် ပြဿနာတက်နေကြတဲ့ မိန်တိန် (Meitei) ခေါ် ကသည်းလူမျိုးစုနဲ့ ကူကီး-ဇို (Kuki-Zo) လူမျိုးစု နှစ်စုတို့ဟာ မြန်မာနဲ့ နယ်မြေလဲလှယ်မယ့်ကိစ္စကို ကန့်ကွက်ဖို့အတွက်တော့ စည်းလုံးသွားကြတာပါပဲ5။
အခုထိ အငြင်းပွားနေဆဲဖြစ်တဲ့ ကဘော်ချိုင့်ဝှမ်း (Kabaw Valley) အရေးအပေါ် သမိုင်းကြောင်းအရ နာကြည်းမှုတွေ ရှိတာကြောင့် နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် မဏိပူရပြည်သူတွေဟာ အကဲဆတ်ကြပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသကို တချိန်က မဏိပူရ မဟာရာဇာက ပိုင်ဆိုင်ခဲ့ပြီး ၁၈၃၄ ခုနှစ် ပင်ဘာတန်မျဉ်း (Pemberton Line) ဆွဲလိုက်တဲ့အခါမှာမှ မြန်မာ့အုပ်ချုပ်မှုနယ်နိမိတ်ဘက်ကို ရောက်သွားခဲ့ပါတယ်6။ လျော်ကြေးအဖြစ် မဏိပူရ မဟာရာဇာကို နှစ်စဉ် ထောက်ပံ့ကြေးပေးခဲ့ပြီး ၁၉၅၃ ခုနှစ်အရောက်မှာတော့ အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာနေရူးနဲ့ မြန်မာဝန်ကြီးချုပ် ဦးနုတို့အကြား သဘောတူညီချက်အရ ထောက်ပံ့ကြေးပေးတာကို ရပ်ဆိုင်းလိုက်ကြပါတယ်7။
ဒါ့အပြင် အခု နယ်မြေလဲလှယ်ဖို့ လျာထားတယ်လို့ သတင်းထွက်နေတဲ့ ဧရိယာကို ခွဲထုတ်မရတဲ့ ဘိုးဘွားပိုင်နယ်မြေ အစိတ်အပိုင်းတခုအဖြစ် ဒေသခံတိုင်းရင်းသားတွေက သတ်မှတ်ထားပြီး သူတို့ရဲ့ သဘောတူညီချက်မပါဘဲ နှစ်နိုင်ငံ အပေးအယူလုပ်ကိစ္စတခုအနေနဲ့ အသုံးချတာကို မခံနိုင်ဘူးလို့ ယူဆကြပါတယ်။ ၁၆၄၃ ကီလိုမီတာ ရှည်လျားတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းထဲက ၃၉၈ ကီလိုမီတာလောက်ဟာ မဏိပူရပြည်နယ်မှာ ရှိပြီး မြန်မာနိုင်ငံဘက်က ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့နဲ့ အဓိက ထိစပ်နေပါတယ်။ လုံခြုံရေးအရကြည့်ရင် မဏိပူရပြည်နယ် မိုလ်ချမ်း (Molcham)၊ မိုးရေး (Moreh) နဲ့ ချိုရိုခူနူ (Choro Khunou) ဒေသတွေမှာရှိတဲ့ နယ်စပ်မှတ်တိုင် ၆၄ နဲ့ ၆၈ ကြား၊ ၇၅ နဲ့ ၇၉ ကြား၊ ၈၈ နဲ့ ၉၅ ကြားက ဧရိယာတွေဟာ သိပ်ကို အကဲဆတ်ပါတယ်။
ဒါ့အပြင် သုံးနှစ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် ကသည်း-ကူကီး လူမျိုးစုပဋိပက္ခအတွင်းမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်လုပ်ဗုံးတွေကို အသုံးပြုလာခဲ့တာကြောင့် နယ်စပ်ဖြတ်ကျော် လက်နက်စီးဆင်းမှုတွေကို ပိုပြီးအာရုံစိုက်စရာ ဖြစ်လာစေခဲ့ပါတယ်8။ ဒီလက်နက်တချို့ကို မြန်မာနိုင်ငံကနေ ရရှိပြီး မဏိပူရပြည်နယ်ထဲကို တရားမဝင် ခိုးသွင်းလာတာလို့ အိန္ဒိယ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြပါတယ်9။ မကြာသေးခင်က အိန္ဒိယနိုင်ငံကို ဦးမင်းအောင်လှိုင် လာရောက်လည်ပတ်တုန်းကလည်း နယ်စပ်ရေးရာကိစ္စတွေနဲ့အတူ နယ်စပ်မှတ်တိုင်တွေ စိုက်ထူရေး ဆွေးနွေးရာမှာ မိုလ်ချမ်းဒေသအတွင်း နယ်နိမိတ်သတ်မှတ်ရေး အဆိုပြုချက် (၂၀၁၇) ကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ တကယ်တော့ မဏိပူရပြည်နယ်တွင်း လူမျိုးစုပဋိပက္ခကို မြန်မာနိုင်ငံဘက်က လက်နက်ကိုင်တွေအနေနဲ့ အခွင့်ကောင်းယူလာနိုင်တဲ့ အလားအလာဟာ အိန္ဒိယလုံခြုံရေးအသိုင်းအဝိုင်းကို တော်တော်လေး စိုးရိမ်ထိတ်လန့်စေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံထဲကို ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ မနှစ်က ကြေညာခဲ့ပါတယ်။ UNHCR ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယပိုင်နက်ထဲမှာ မြန်မာနိုင်ငံသား ၆၄,၃၀၀ ခိုလှုံနေတယ်လို့ ဆိုပေမဲ့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အန်ဗီရန်ဆင်း (N. Biren Singh) ကတော့ တရားမဝင် ဝင်ရောက်လာသူ အရေအတွက်ဟာ ဒီထက်အများကြီး ပိုများနိုင်တယ်လို့ ဆိုပါတယ်10။ လူသားစာနာ အကျပ်အတည်းကနေ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ရှုပ်ထွေးလှတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လက်နက်ကိုင်လှုပ်ရှားမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုမှုနဲ့ တခြား နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ရုတ်တရက် မြင့်တက်လာခဲ့ပါတယ်။
ဒါတွေရှိနေပေမဲ့လည်း မဏိပူရက အရပ်ဘက်အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံကို နယ်မြေ တလက်မလေးပဲဖြစ်ဖြစ် ပေးအပ်လိုက်မယ့်အရေးကို အသေအလဲ ကန့်ကွက်နေကြပါတယ်။ ဒီလိုလုပ်တာဟာ နယ်မြေတည်တံ့ခိုင်မြဲမှုကို အပေးအယူလုပ်လိုက်တာဖြစ်သလို ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ရပ်တည်ရေးအတွက် ခြိမ်းခြောက်မှုတခုလည်း ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ ဒီလုပ်ငန်းစဉ်က အိမ်တွေ၊ ခြံတွေ၊ အထွတ်အမြတ်ထားရာနေရာတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်စေမှာ ဖြစ်လို့ပါပဲ။ အခုလို နယ်မြေပြုပြင်သတ်မှတ်တာကို လက်ခံလိုက်ရင် နောင်အနာဂတ်မှာလည်း အလားတူ အလဲအထပ် အပေးအယူတွေလုပ်ဖို့ လမ်းစဖြစ်သွားနိုင်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်က မဏိပူရပြည်နယ်က သာမန်ပြည်သူတွေရဲ့ ရင်ထဲကို အကြောက်တရားတွေ ဝင်စေခဲ့ပါတယ်။
ဒါကြောင့်မို့လို့ အိန္ဒိယဗဟိုအစိုးရ အာဏာစင်္ကြံထဲက မူဝါဒချမှတ်သူတွေအနေနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ရေးနဲ့ နယ်စပ်ဒေသက ပြည်သူတွေရဲ့ ခံစားချက်ကို လေးစားရေးဆိုတဲ့ ပါးလွှာတဲ့ စည်းနှစ်လွှာကြားမှာ အတိမ်းအစောင်းမခံဘဲ ဟန်ချက်ညီညီ ကိုင်တွယ်ထိန်းကျောင်းဖို့ လိုအပ်ပါလိမ့်မယ်။ ပိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ နယ်စပ်ကိုတင်းကျပ်လိုက်တာဟာ နယ်စပ်နှစ်ဖက်လုံးက လူမှုအသိုင်းအဝိုင်းတွေကို ထိခိုက်နစ်နာစေပြီး အိန္ဒိယအစိုးရက လိုလားနေသလို မြန်မာအစိုးရကို ဆန့်ကျင်နေကြတဲ့ မြန်မာအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံရေး တိုးချဲ့ဆောင်ရွက်လိုတာကိုလည်း ထိခိုက်စေပါတယ်။ စစ်အစိုးရဖက်က ပိတ်ဆို့ထားတဲ့ ဒေသတွေနဲ့ တရားဝင်မဟုတ်တဲ့နည်းနဲ့ ကုန်သွယ်ရေး၊ လူသားစာနာ အကူအညီပေးရေး ဆောင်ရွက်ချက်တွေကိုလည်း ထိခိုက်စေပါလိမ့်မယ်။
[သီမာသင်ဂုပ္တသည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော “Stiff Opposition to Proposed India-Myanmar Land Swap Deal in Manipur – What Does It Mean?” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]
ကိုးကားချက်များ
- https://www.reuters.com/world/asia-pacific/india-extends-unprecedented-invite-myanmars-anti-junta-forces-sources-say-2024-09-23/ ↩︎
- https://www.pib.gov.in/PressReleasePage.aspx?PRID=2003884®=48&lang=2 ↩︎
- https://thediplomat.com/2026/07/is-india-planning-an-exchange-of-territory-with-myanmar/ ↩︎
- https://www.indiatoday.in/india/story/india-myanmar-manipur-border-mea-randhir-jaiswal-territory-swap-demarcation-cocomi-pushback-2963523-2026-08-05 ↩︎
- https://economictimes.indiatimes.com/news/india/manipur-rivals-unite-against-border-land-swap-with-myanmar/articleshow/133266339.cms?from=mdr ↩︎
- https://imphalreviews.in/a-historical-account-of-kabaw-valley/ ↩︎
- https://samvadaworld.com/world/the-kabaw-valley-dispute-a-historical-perspective-and-its-impact-on-india-myanmar-relations/ ↩︎
- https://thediplomat.com/2024/09/conflict-in-indias-manipur-takes-new-turn-with-drone-attacks/
↩︎ - https://www.indiatoday.in/india/story/weapons-used-in-manipur-violence-supplied-via-myanmar-route-intelligence-sources-2398477-2023-06-27 ↩︎
- https://myanmar.un.org/en/273228-myanmar-emergency-update-1-june-2024 ↩︎
