ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာ့အရေး သံဃာတော်တွေ ဘယ်လိုမြင်ကြသလဲ

သံဃာအများစုဟာ စစ်အာဏာသိမ်းမှုကို အကောင်းမမြင်ကြပါဘူး။ ပြီးတော့ အခုစစ်ကောင်စီလက်ထက်မှာ ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်ယုံကြည်မှု၊ သံဃာထုအတွင်း စုစည်းညီညွတ်မှု၊ အစိုးရနဲ့ သံဃာအကြား ဆက်ဆံရေး ဒီသုံးချက်စလုံးဟာ ပျက်စီး ဒါမှမဟုတ် အားနည်းသွားတယ်လို့လည်း မြင်ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပြည်သူလူထု သန်းပေါင်းများစွာက အုံကြွဆန့်ကျင်ခဲ့ကြရာမှာ သံဃာတော်တွေ ပါသလောက် ပါခဲ့ပေမဲ့ ပါသင့်သလောက် မပါခဲ့ဘူးဆိုတဲ့ လေ့လာသုံးသပ်မှုတွေ၊ အမြင်တွေ ရှိခဲ့ပါတယ်။ တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ ညာလက်က သေနတ်ပြ၊ ဘယ်လက်က ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးပြပြီး အရင်စစ်အစိုးရတွေရဲ့ အစဉ်အလာအတိုင်း ဆရာ-ဒကာ ဆက်ဆံရေးပုံစံမျိုး ကျင့်သုံးခဲ့ပါတယ်။

ဒီလိုနဲ့ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလထဲမှာ သံဃာထုရဲ့အသံဟာ လူအများကြားမှာ မကြားရသလောက်ဖြစ်ခဲ့တာကို တွေ့ကြရပါလိမ့်မယ်။​ ဒါနဲ့တဆက်တည်းမှာပဲ သံဃာတွေဟာ နွေဦးတော်လှန်ရေးကို ခြေကန်ပြီး စစ်အာဏာရှင်အရိပ်အောက်မှာ သင်္ကန်းခြုံကျိန်းအိပ်ကြလေပြီလား ဆိုတဲ့ မေးခွန်းတွေနဲ့အတူ သံဃာတော်တွေအပေါ် အကြည်ညိုပျက်ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။​

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မကြာသေးခင်ရက်ပိုင်းကထွက်ရှိလာတဲ့ စစ်တမ်းတခုကတော့ သံဃာတွေဆီကနေ အဖြေတချို့ကို သယ်ဆောင်လာခဲ့ပါတယ်။ စစ်တမ်းမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေရဲ့ အဖြေတွေဟာ အကြည်ညိုမဲ့နေသူတွေရဲ့ အထင်တွေ၊​ အမြင်တွေ လွဲမှားနေကြောင်း လှစ်ပြလိုက်သလိုပါပဲ။ ​

ဒီစစ်တမ်းကတော့ ‘အင်္ကျီပြာ’ အဖွဲ့ (Blue Shirt Initiative) က ထုတ်ပြန်တဲ့ ‘စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများနှင့် ဖရိုဖရဲ လူ့အဖွဲ့အစည်းအတွင်း သံဃာတော်များ၏ လောကအမြင်’ စစ်တမ်းပါပဲ။ စစ်တမ်းတွေ၊ သုတေသနတွေနဲ့ အလှမ်းဝေးခဲ့တဲ့ မြန်မာ့လူမှုဓလေ့မှာ ရဟန်းတော်တွေ၊ သီလရှင်တွေနဲ့ပတ်သက်တဲ့ လေ့လာမှုတွေက ပိုပြီးအတွေ့ရ နည်းပါတယ်။​ အထူးသဖြင့် အခုလို ကသောင်းကနင်းဖြစ်နေတဲ့ ကာလထဲမှာ ပိုပြီးခက်ပါလိမ့်မယ်။​ ဒီအခြေအနေမှာ သံဃာတော်တွေရဲ့ သဘောထားအမြင်တွေကို အတိုင်းအတာတခုအထိ ဆွဲထုတ်ပြနိုင်ခဲ့တဲ့ ‘အင်္ကျီပြာ’အဖွဲ့ကို အသိအမှတ်ပြုရမှာပါ။

သံဃာအများစုဟာ စစ်အာဏာသိမ်းမှုကို အကောင်းမမြင်ကြပါဘူး။​ ပြီးတော့ အခုစစ်ကောင်စီလက်ထက်မှာ ဗုဒ္ဓဘာသာအပေါ် ကိုးကွယ်ယုံကြည်မှု၊ သံဃာထုအတွင်း စုစည်းညီညွတ်မှု၊ အစိုးရနဲ့ သံဃာအကြား ဆက်ဆံရေး ဒီသုံးချက်စလုံးဟာ ပျက်စီး ဒါမှမဟုတ် အားနည်းသွားတယ်လို့လည်း မြင်ကြပါတယ်။​ အမှတ်ပေးမှုသဘောနဲ့ ပြောရမယ်ဆိုရင်တော့ ကြံ့ခိုင်ရေးအစိုးရလက်ထက်အခြေအနေကို သုံးမှတ်၊ NLD အစိုးရလက်ထက်အခြေအနေကို လေးမှတ် ပေးခဲ့ကြပြီး အခုအခြေအနေကို နှစ်မှတ်ပဲ ပေးကြပါတယ်။ ​

အခုဆောင်းပါးမှာ စစ်တမ်းတွေ့ရှိချက် အသေးစိတ်တွေထက် စစ်တမ်းတစုံလုံးကနေ အရိပ်ထိုးနေတဲ့ ယေဘုယျသွင်ပြင်တွေကိုပဲ ဖော်ပြသွားပါမယ်။​ ဒီတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး တခုသတိပြုဖို့ကတော့ ဒါတွေဟာ စစ်တမ်းမှာပါဝင်တဲ့ သံဃာတော်တွေရဲ့ အမြင်ပဲ ဖြစ်တယ်ဆိုတာပါ။ အခုစစ်တမ်းအတွက် နိုင်ငံတဝန်းက သံဃာတော် ၇၂၂ ပါးကို ကောက်ယူထားတာပါ။ သံဃာတော်လို့ဆိုတာမှာ သီလရှင်တွေလည်း ပါဝင်ပါတယ်။​ တဝက်က အွန်လိုင်းကနေဖြစ်ပြီး တဝက်လောက်ကတော့ လူတွေ့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ လူမှုစီးပွားဘဝတွေဟာ ခရုဆန်ကျွတ် ဖြစ်ခဲ့ကြရသလို သံဃာတော်တွေအပေါ်လည်း သက်ရောက်မှု ကြီးခဲ့ပါတယ်။​​ လုံခြုံမှုမရှိတော့လို့ ဘာသာရေးကိစ္စတွေ မဆောင်ရွက်နိုင်တာ၊ ဒကာဒကာမတွေ စီးပွားကျပ်လာလို့ ဆွမ်းကွမ်းခက်လာတာ၊ ဘာသာသာသနာအပေါ် ပြည်သူတွေ ယုံကြည်မှုလျော့၊ အထင်အမြင်လွဲလာတာတွေကို သံဃာတော်တွေ ကြုံကြရပါတယ်။​

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့လက်အောက်က အဖွဲ့အစည်းတွေအပေါ်ကိုလည်း သံဃာတော်အများစုက ယုံကြည်မနေကြပါဘူး။​ စစ်ခေါင်းဆောင်ကိုရော၊ တပ်မတော်ကိုရော မယုံကြည်တာ ၈၀ ရာခိုင်နှုန်းကျော်တောင် ရှိပါတယ်။​ ဒီလိုပဲ​ စစ်ကောင်စီနဲ့ စစ်ကောင်စီအောက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မယုံကြတာကလည်း ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ရဟန်းတော်တွေ၊ သီလရှင်တွေဆိုတာက အောက်ခြေလူထုအကြားမှာ အများစုက နေကြရ၊ အားပြုကြရတာပါ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ယုံကြည်မနေကြဘူးဆိုတာက သတိပြုစရာပါပဲ။ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ အမျိုးဘာသာလို့ ပါးစပ်ကမချ ပြောနေပေမဲ့ ဘာသာသာသနာကောင်းကျိုးကို ဖော်ဆောင်နိုင်တယ်လို့ ယုံကြည်တာက သံဃာလေးပုံတပုံပဲ ရှိပါတယ်။​ နောက်ပြီး မဘသလို့ ခေါ်တဲ့ လှုပ်ရှားမှုအပေါ်ကိုလည်း မကောင်းမြင်ကြပါတယ်။​

အပြန်အလှန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သံဃာတော်တွေရဲ့ ယုံကြည်မှုက ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြဆဲပါ။ NUG နဲ့ သမ္မတ ဒူဝါလရှီးလကို ယုံကြည်တယ်လို့ မြွက်ဟကြမှုကလည်း ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။​ ဒါ့အပြင် ထက်ဝက်ကျော်ကလည်း NUG အောက်က တော်လှန်ရေးတပ်တွေပေါ် ယုံကြည်မှု ရှိနေကြပါတယ်။ တခါ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် မဆက်ဆံချင်ကြတာကိုလည်း တွေ့ရပါတယ်။​ အဲဒီလိုဆက်ဆံရင် ဗုဒ္ဓဘာသာအပေါ် လူအများရဲ့ ယုံကြည်မှုကျဆင်းသွားမှာကို စိုးရွံ့နေရလို့ပါပဲ။

သံဃာတော်အများစုရဲ့ နောက်ထပ်ရှုမြင်ချက်တွေက ဒီလိုပါ။ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ လိုအပ်တဲ့အခါ ပါဝင်ဆောင်ရွက်သင့်တယ်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကသာ ဗုဒ္ဓဘာသာအတွက် ပိုကောင်းစေမယ်၊ တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာ့လက်ရှိပဋိပက္ခတွေကို ပိုဆိုးစေတယ် ဆိုတာတွေပါ။

ချုပ်ရရင်တော့ ဒီစစ်တမ်းတွေ့ရှိချက်အရိပ်ကနေ ဖော်ကျူးနေတာက ရဟန်းတော်တွေနဲ့ သီလရှင်တွေဟာ သာမန်ပြည်သူလူထုတွေရဲ့ အမြင်နဲ့ ကွာခြားမနေဘူးဆိုတာပါပဲ။ ‘အင်္ကျီပြာ’အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး နိုင်ငံသားတွေနဲ့ စစ်ဘေးရှောင်တွေရဲ့အမြင်တွေကိုလည်း စစ်တမ်းကောက်ခဲ့တာ ရှိပါတယ်။ အဲဒီကတွေ့ရှိချက်တွေလိုပဲ အခုသံဃာတွေမှာလည်း တူညီတဲ့ သဘောထားအမြင်တွေရှိနေခဲ့တယ်လို့ ဆိုပါတယ်။​

ဒါဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒါမှမဟုတ် နွေဦးတော်လှန်ရေးမှာ သံဃာတော်တွေ ဘာကြောင့် ပါဝင်မှု နည်းသွားရတာလဲ။ ဒီအတွက် အဖြေကိုလည်း တွေ့ရပါတယ်။​ လုံခြုံရေးစိုးရိမ်ရလို့၊ စစ်တပ်က အကြမ်းဖက်နှိမ်နင်းလို့၊ သံဃာတွေအနေနဲ့ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ခံယူထားလို့၊ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ အကြမ်းဖက်မှုတွေပါဝင်နေလို့၊ သံဃာထုအကြား အကွဲအပြဲဖြစ်စေလို့ စတဲ့ အကြောင်းတွေကြောင့်ပါပဲ။

လက်ရှိပဋိပက္ခတွေ ဘယ်တော့ပြီးနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ သံဃာတော်သုံးပုံတပုံလောက်က အဖြေမပေးကြပါဘူး။ သုံးပုံတပုံကျော်ကတော့ နှစ်နှစ်ကနေ သုံးနှစ်၊ ဒါမှမဟုတ် သုံးနှစ်အထက်လို့ ခန့်မှန်းကြပါတယ်။

အာဏာသိမ်းမှုကို အဆုံးသတ်ရမယ်၊ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အလုပ်အကိုင်ရှားပါးတာတွေကို အရေးတကြီးဖြေရှင်းရမယ်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကိစ္စတွေကိုလည်း ဦးစားပေးကိုင်တွယ်သင့်တယ်လို့ သံဃာတော်တွေက ရှုမြင်ကြကြောင်းပါ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *