ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

တော်လှန်ရေးအတွင်း မျက်ခြည်မပြတ်သင့်သော ဇာတ်ကွက်များ

ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက လှည့်စားနိုင်စွမ်းရှိတာကြောင့် နိုင်ငံရေး မျက်နှာစာမှာ ဒီဇာတ်လမ်းတွေက ဖြစ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်ကို မသိမသာလေး လှည့်စားသွားနိုင်ပါတယ်။ ... လူအများအကြား ဝေဝါးမှုတွေ ဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့အပတ်က Foreign Affairs မဂ္ဂဇင်းမှာ နိုင်ငံရေးသိပ္ပံပညာရှင် Robert A. Pape ရေးတဲ့ ‘အစ္စရေးရဲ့ အလဟဿလေကြောင်းစစ်ပွဲကြီး’ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်။ ဆောင်းပါးက လေကြောင်းတိုက်ခိုက်မှုတွေ ဘယ်လောက်ပဲတိကျနေပါစေ အီရန်ရဲ့ နျူကလိယစီမံကိန်းနဲ့ အစိုးရကို မဖျက်ဆီးနိုင်ဘူးလို့ အဓိကသုံးသပ်ထားပါတယ်။ ဆောင်းပါးထဲက လေကြောင်းတိုက်ခိုက်မှုတွေထက် လေကြောင်းတိုက်ခိုက်မှုတွေကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက ပိုပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ အစ္စရေးနဲ့ အီရန်အကြောင်းကို ပြောကြရင်း မြန်မာက တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်/စိုးမိုးနယ်မြေတွေမှာ အရပ်သားတွေကို ဦးတည်တဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပေါ် စစ်တပ်ရဲ့ ပုံဖော်ပုံနဲ့ ယှဉ်တွဲ သုံးသပ်ချင်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရက်ရှည်လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ လက်ရှိအစိုးရကို အားနည်းသွားစေမယ်၊ အစိုးရအားနည်းချိန် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့တဲ့လူထုက အစိုးရကို တော်လှန်ကြမယ်၊ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုက အစိုးရအပြောင်းအလဲကို ဖြစ်စေနိုင်တယ်လို့ ပုံဖော်ပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုက အီရန်ရဲ့ ခါမေနီအစိုးရနဲ့ နျူကလိယစီမံကိန်းကြောင့် ဖြစ်တယ်။ ခါမေနီအစိုးရကို မင်းတို့ဘာသာ ဖြုတ်ချလိုက်ရင် ငါတို့လည်း လေကြောင်းကနေ အလုပ်အရှုပ်ခံ ဗုံးကြဲနေစရာ မလိုတော့ဘူးဆိုတဲ့ ဇာတ်လမ်းပါ။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း အီရန်ရဲ့ နျူကလိယစီမံကိန်းနေရာ သုံးခုကို ဗုံးကြဲတာဟာ အီရန်နိုင်ငံနဲ့ အစိုးရကို တိုက်ခိုက်တာ မဟုတ်ဘဲ နျူကလိယစီမံကိန်းကို တိုက်ခိုက်တာလို့ ဆိုပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ယထာဘူတကျကျ စဉ်းစားကြည့်ရင် အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာ လေပိုင်နက်ထဲကို တိုင်းတပါးက ဗုံးကြဲ လေယာဉ်တွေ အစုလိုက်ဝင်လာပြီး အီရန်မြေပေါ်က အဆောက်အအုံတွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါက အီရန်နိုင်ငံကို တိုက်ခိုက်တာပါပဲ။ ဒါပေမဲ့ ထရမ့်အစိုးရနဲ့ နေတန်ယာဟုအစိုးရတို့ ပုံဖော်လိုက်တဲ့ ဇာတ်လမ်းတွေကို နားထောင်မိတဲ့ လူတွေအနေနဲ့တော့ သို့လောသို့လော ဖြစ်လာပြီး ဗုံးကြဲတိုက်ခိုက်တဲ့လုပ်ရပ်ထက် အီရန်ရဲ့ နျူကလိယစီမံကိန်းနဲ့ လက်ရှိ ခါမေနီရဲ့ လက်ယာစွန်းအစိုးရကို ပိုဂရုပြုမိစေပါတယ်။

ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက လှည့်စားနိုင်စွမ်းရှိတာကြောင့် နိုင်ငံရေးမျက်နှာစာမှာ ဒီဇာတ်လမ်းတွေက ဖြစ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်ကိုမသိမသာလေး လှည့်စားသွားနိုင်ပါတယ်။ အုပ်ချုပ်သူတွေက ဒီလိုလှည့်စားနိုင်စွမ်းကို သုံးပြီး ဇာတ်လမ်းနဲ့ သတင်းပျံ့နှံ့မှုတွေကို ၎င်းတို့လိုရာအတိုင်း စီမံ ခန့်ခွဲပြီး အုပ်ချုပ်နိုင်စွမ်း (governmentality) ကို တည်ဆောက်ကြကြောင်းလည်း ပြင်သစ်အတွေးအခေါ်ပညာရှင် ဖူးကိုးကလည်း ဆိုထားဖူးပါတယ်။

မြန်မာပြည်မှာလည်း စစ်တပ်ရော တော်လှန်ရေးတပ်ဖွဲ့တွေကပါ ဒီလိုဇာတ်လမ်းတွေကို သူတို့အတွက်အကျိုးဖြစ်အောင် လူများအကြား ပျံ့နှံ့စေဖို့ စနစ်တကျလုပ်ဆောင်လာတာ တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ မြို့ပေါ်ကလုပ်တဲ့ စစ်ဆင်ရေးတွေမှာ အရပ်သားထိခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ဝေးအောင်နေဖို့တိုက်တွန်းတာ၊ တိုက်ပွဲရှိတဲ့ ဒေသတွေမှာတော့ လမ်းသွားလာခွင့် ပိတ်တာမျိုးတွေ လုပ်ပြီး စစ်ကောင်စီပစ်မှတ်နဲ့ အရပ်သားတွေကို ဝေးအောင်နေဖို့ ပုံဖော်ပါတယ်။ ၄င်းတို့ရဲ့ စစ်ဆင်ရေးတချို့မှာ အရပ်သားထိခိုက်ဒဏ်ရာ ရခဲ့ရင်လည်း ဒီထိခိုက်ဒဏ်ရာရသူတွေက စစ်ကောင်စီတပ်သားတွေနဲ့ နီးကပ်တဲ့နေရာတွေမှာ ရှိနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၄င်းတို့အပေါ် ကျလာမယ့် ဝေဖန်မှုတွေကို လမ်းလွှဲဖို့ ကြိုးစားပါတယ်။

စစ်တပ်ကတော့ အဓိကအားဖြင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးလှုပ်ရှားနေတဲ့ ဒေသတွေကို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်လာတာတွေအတွက် ပုံဖော်တဲ့ ဇာတ်လမ်းတွေပါ။ အိုးတိန်တွင်းရွာဖြစ်ရပ်မှာဆိုရင် စစ်တပ်ဘက်က တပြိုင်တည်းဖြန့်ဝေလာတဲ့ ဇာတ်လမ်းက အိုးတိန်တွင်းစာသင်ကျောင်းမှာ PDF တွေက လက်နက်တွေ ထုတ်နေလို့ ဗုံးကြဲရတာလို့ဆိုပါတယ်။ ဗုံးကြဲတာကို ဝန်ခံပေမဲ့ အကြောင်းပြဇာတ်လမ်းတခုကို ပုံဖော်ပါတယ်။

ဒီလိုပုံဖော်တဲ့ဇာတ်လမ်းတွေကြောင့် လူအများအကြား ဝေဝါးမှုတွေ ဖြစ်လာစေပါတယ်။ တကယ်ပဲ ကာကွယ်ရေးတပ်တွေ တပ်စွဲနေသလား၊ လက်နက်ထုတ်နေကြသလား စသည်ဖြင့် ဒွိဟဖြစ်လာစေပါတယ်။ ဒီမိုကရေစီအရေး ထောက်ခံသူတွေအကြားမှာပါ ‘သက်သေအရင်ရအောင် ရှာကြပါလား’၊ ‘ပေါက်ကွဲမှုက အဆောက်အအုံအတွင်းက ဖြစ်ပုံရတယ်နော်’၊ ‘ဒါကို သေချာသိရမှ စစ်တပ်က ဗုံးကြဲတယ်ဆိုပြီး ရှုတ်ချလို့ ရမယ်’ ဆိုတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။ ရလဒ်ကတော့ စစ်တပ်ဗုံးကြဲလို့ လူတွေ သေရတယ်ဆိုတဲ့ ဖြစ်ရပ်အပြင် သာမန်လူထုအနေနဲ့ ကာကွယ်ရေးတပ်တွေနဲ့ ဝေးဝေးနေသင့်၊ မသင့် ဆိုတဲ့ ငြင်းခုံစရာပါ လူထုအကြားမှာ ကျန်ခဲ့စေပါတယ်။ စစ်တပ်ကလည်း တော်လှန်ရေးတပ်တွေနဲ့ ထောက်ခံတဲ့ လူထုအကြား အဆက်ဖြတ်ချင်တာပါ။ “မင်းတို့သာ တော်လှန်ရေးတပ်တွေကို မထောက်ခံရင်၊ လက်မခံရင် ငါတို့က ဗုံးကြဲစရာ မလိုတော့ဘူး”ဆိုတဲ့ စစ်တပ်ရဲ့ ဇာတ်လမ်းပါ။  အစ္စရေးနဲ့ အမေရိကန်ရဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ခပ်ဆင်ဆင်ပါ။

ပဋိပက္ခတွေမှာ အစုအဖွဲ့တိုင်းကတော့ ကိုယ့်ဘက်ကို ထောက်ခံမှုတွေ ရလာအောင် ဇာတ်ကြောင်းဖော် သိမ်းသွင်းမှုတွေ လုပ်ကြတာချည်းပါပဲ။  ဒါပေမဲ့ ပြည်သူ့အထောက်အပံ့နဲ့ ရပ်တည်ရှင်သန်ကြရတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဒီလိုပုံရိပ်ဖော်ညွှန်းမှုတွေကြောင့် ပိုပြီး နစ်နာကြရပါတယ်။ နောက်ဆုံးမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စစ်တပ်ဆန့်ကျင်သူပါဆိုတဲ့ သူတွေကိုယ်တိုင်က အရပ်သားမှန်ရင် ဘယ်လက်နက်ကိုင်နဲ့မဆို ဝေးအောင်နေသင့်တယ်ဆိုတဲ့ လှုံ့ဆော်မှုတွေ လုပ်လာပါတယ်။ စစ်တပ်ကလည်း အရပ်သားတွေ သူတို့ကို မထောက်ခံရင်နေ၊ PDF တွေကို မထောက်ခံရင် ပြီးရောဆိုတဲ့ လိုလားချက်ဖြစ်လို့ သူ့ရဲ့ဇာတ်လမ်းပုံဖော်တာက အောင်မြင်တယ်လို့ ဆိုရပါမယ်။ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ဒီလိုပါပဲ။ အုပ်ချုပ်သူတွေဟာ ဖြစ်ရပ်တွေကို သူတို့လိုရာ ပုံဖော်နိုင်ဖို့ ဇာတ်လမ်းတွေ ဖန်တီးပြီး အုပ်ချုပ်နိုင်စွမ်းကို မြှင့်တင်ကြပါတယ်။ ဒါကြောင့် ဖြစ်ရပ်ကိုလည်း အာရုံစိုက်သင့်သလို ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေကို မျက်ခြေမပြတ်သင့်ပါဘူး။

ယေဘုယျအားဖြင့် Psywar တွေမှာ အစိုးရ/စစ်တပ်က သူတို့ကိုယ်သူတို့ ပြည်သူလူထုကို ကာကွယ်ပေးသူ (Guardian) ဒါမှမဟုတ် တိုင်းပြည်ကို တည်ဆောက်နေသူ (အပြုသမား) အဖြစ် ပုံဖော်လေ့ရှိကြပါတယ်။ တဖက်ကိုလည်း အမည်ခေါ်တာကမှ သောင်းကျန်းသူ (အဖျက်သမား) စသည်ဖြင့် ပုံဖော်လေ့ ရှိကြပါတယ်။ အခုလို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကို အရပ်သား/တိုက်ပွဲဝင် မခွဲမခြား (indiscriminate) လုပ်နေတာ၊ ရပ်ရွာအိုးအိမ်တွေကို မီးရှို့နေမှုတွေဟာ သူကိုယ်တိုင်ပြောနေတဲ့ တည်ဆောက်သူ/ကာကွယ်သူဆိုတဲ့ ပုံရိပ်ကို ပြန်ဖျက်ဆီးသလို ဖြစ်နေပါတယ်။ လူထုယုံအောင် ဇာတ်ကြောင်းတည်ဆောက်ကြပေမဲ့လည်း လက်တွေ့ဖြစ်ရပ်တွေကို ထောက်ခံပေးဖို့တော့ ပိုလိုအပ်နေပါသေးတယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles