ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြန်မာနှင့် အရှေ့တောင်အာရှက ကျားဖြန့်အရိပ်မည်း – အိန္ဒိယ၏ အမြင်

အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်း ကပ်ရောဂါတခုလို ပျံ့နှံ့လာတဲ့အတွက် တရားမဝင် လုပ်သားစုဆောင်းမှုတွေကို ရာဇဝတ်မှုအဖြစ် ဗဟိုအစိုးရက သတ်မှတ်တားဆီးပေးဖို့ အိန္ဒိယလွှတ်တော်ကော်မတီတခုက လိုလားနေပါတယ်။

[သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး ISP Column တွင်လည်း ပုံမှန်ရေးသားလျက်ရှိသည်။​ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော“SOUTHEAST ASIA’S SHADOWY WORLD OF CYBER CRIME – AN INDIAN PERSPECTIVE ” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

ပြည်ပမှာ အိုင်တီအလုပ်ရရင် ချမ်းသာကြွယ်ဝတဲ့ဘဝမျိုး ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေကြောင့် အိန္ဒိယနိုင်ငံသား လူငယ်အများအပြားဟာ ဆိုက်ဘာရာဇဝတ်မှုနဲ့ လူကုန်ကူးမှုတွေ ရောပြွမ်းနေတဲ့ ငွေလိမ်လုပ်ငန်းတွေဆီ ရောက်ကုန်ကြပါတယ်။ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုလို အရှေ့တောင်အာရှနိုင်ငံတွေမှာ လစာကောင်းတဲ့ အိုင်တီအလုပ်တွေပေးမယ်လို့ ဆိုရှယ်မီဒီယာမှာ လိမ်လည်သူတွေက ကြော်ငြာကြပါတယ်။ အိန္ဒိယလူငယ်တွေ အလုပ်ခွင်ထဲ ရောက်လာတဲ့အခါမှာတော့ တရားမဝင် အွန်လိုင်းလိမ်လည်မှုတွေလုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရပါတော့တယ်1

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဂရပ်ဖစ်ဒီဇိုင်နာ စတီဖင်ဝက်စလေရဲ့အဖြစ်ကို ကြည့်ကြရအောင်ပါ။ ၂၀၂၂ ခုနှစ်မှာ ဝက်စလေဟာ လစာများပြီး ခံစားခွင့်ကောင်းတဲ့ ဒေတာထည့်သွင်းရေးအလုပ်တခု ကမ်းလှမ်းခံခဲ့ရပါတယ်။ သူဟာ မျှော်လင့်ချက်အပြည့်နဲ့ပဲ ရှာဂျာဟ် (Sharjah) ကနေတဆင့် ထိုင်းနိုင်ငံကို ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘန်ကောက်ရောက်ပြီး မကြာခင်မှာပဲ သူ့စိတ်ကူးအိပ်မက်တွေဟာ အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဝက်စလေနဲ့ အိန္ဒိယတောင်ပိုင်းဖွား လူငယ်ခြောက်ယောက်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ဆီ ခေါ်သွားခံလိုက်ရပြီး အဲဒီကနေတဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံလိုက်ရပါတယ်။ သူ့အလုပ်ဟာလည်း ဒေတာထည့်သွင်းရေးအလုပ်ကနေ ဆိုက်ဘာထိုးဖောက်ရေး (hacking) အလုပ် ဖြစ်သွားခဲ့ပါတယ်။ လူချမ်းသာတွေကို ပစ်မှတ်ထားကာ သူတို့ဆီကနေ ငွေတွေအများကြီး လိမ်လည်နိုင်အောင် ဆိုရှယ်မီဒီယာပရိုဖိုင်အတုတွေ ဖန်တီးကြရပါတယ်။

“ဘယ်လိုလိမ်ရမလဲဆိုတာတွေကို သူတို့က ကျနော်တို့ကို သေချာလေ့ကျင့်ပေးတယ်။ ဆိုက်ဘာထိုး ဖောက်သူ (ဟက်ကာ) တွေကြောင့် ပိုက်ဆံဆုံးရှုံးလိုက်ရတဲ့သူတွေဟာ သူတို့ အလိမ်ခံနေရတယ် ဆိုတာတောင် မသိကြပါဘူး။ ဒီငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာ အလုပ်ဆိုက်တွေထဲ နေရတာဟာ ငရဲလိုပါပဲ။ ကျနော်တို့ မြင်သမျှကလည်း တရုတ်စကားပြော လက်နက်ကိုင်တွေချည်းပဲ”လို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကယ်ဆယ်ခံရပြီးနောက် ဝက်စလေက ဒီကြောက်စရာအဖြစ်အပျက်တွေကို ပြန်ပြောပြခဲ့တာပါ။

ဒီကျားဖြန့်အလုပ်ဆိုက်ကနေ ဒေသခံရဲတွေရဲ့ အကူအညီနဲ့ ဝက်စလေတယောက် ကံသီလို့ လွတ်မြောက်ခဲ့ပေမဲ့ တရားဝင်ခရီးသွားလာခွင့်နဲ့ အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေ မပြနိုင်လို့ ထိုင်းအစိုးရရဲ့ အကျဉ်းထောင်ထဲမှာ ၄၅ ရက် နေခဲ့ရပါသေးတယ်။ အလုပ်ခေါ်ယူရေးအေဂျင်စီအတုအယောင်တွေဆီမှာ အညာမိပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ တခြားလိမ်လည်မှုတွေလုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား ၂,၉၀၇ ဦးကို ရာဇဝတ်မှုလုပ်ငန်းတွေကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အခုနှစ် ဧပြီလမှာ အိန္ဒိယအစိုးရက လွှတ်တော်မှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်2။ တိကျတဲ့ အရေအတွက်ကို မသိနိုင်ပေမဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ စနစ်တကျစုဖွဲ့ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေက စီမံနေတဲ့ ကျားဖြန့်အလုပ်ဆိုက်တွေမှာ ထွက်ပေါက်မဲ့ ပိတ်မိနေခဲ့ပါတယ်။

စိုးရိမ်စရာကောင်းတာကတော့ အိန္ဒိယနိုင်ငံအတွင်း လူငယ်ဦးရေများပြားတာကိုက အိန္ဒိယကို နိုင်ငံတကာ ငွေလိမ်ဂိုဏ်းတွေအတွက် လုပ်သားစုဆောင်းရာ နေရာကောင်းတခု ဖြစ်လာနေပါတယ်။ အလွယ်တကူယုံကြည်တတ်တဲ့လူငယ်တွေကို ဆွဲဆောင်တဲ့ ဒီလုပ်ငန်းစဉ်တခုလုံးဟာ အဆင့်ဆင့်လည်ပတ်နေတဲ့ တရားမဝင် ပွဲစားတွေအပေါ်မှာ အဓိကမှီခိုနေတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်မှုကို ရှောင်ရှားကျော်လွှားပြီး လူသစ်စုဆောင်းနိုင်ဖို့အတွက် လူတဒါဇင်လောက်က နေအိမ်ကနေ ကျားဖြန့်ဆိုက်ထဲကို ရောက်လာတဲ့အထိ ဝိုင်းဝန်းကိုင်တွယ်ကြပါတယ်။ ကြားခံလူတွေကို အခါအားလျော်စွာ နှိမ်နင်းတာတွေရှိပေမဲ့ ဒီလို အဆင့်ဆင့်ဖုံးကွယ်ငုပ်လျှိုးထားတဲ့ လူကုန်ကူးမှုကို မတားဆီးနိုင်သေးပါဘူး။ ကြောက်မက်ဖွယ်အတွေ့အကြုံတွေကို ဝက်စလေကြုံခဲ့ရပြီးနောက် သုံးနှစ်ကြာတဲ့အထိတောင် အိန္ဒိယနိုင်ငံသားတွေဟာ အရှေ့တောင်အာရှက အရိပ်မည်းဖုံးနေတဲ့ ကျားဖြန့်လုပ်ငန်းတွေဆီမှာ ထောင်ချောက်ဆင်ခံနေရဆဲပါ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကျားဖြန့်ဆိုက်ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နဲ့ ၂၅ ရက်အကြား ဝင်ရောက်စီးနင်းပြီးနောက် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတဲ့ လူ ၁,၀၀၀ ကျော်မှာ အိန္ဒိယနိုင်ငံသား အနည်းဆုံး ၃၉၉ ဦး ပါဝင်ခဲ့ပါတယ်3

အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်း ကပ်ရောဂါတခုလို ပျံ့နှံ့လာတဲ့အတွက် တရားမဝင်လုပ်သားစုဆောင်းမှုတွေကို ရာဇဝတ်မှုအဖြစ် ဗဟိုအစိုးရက သတ်မှတ်တားဆီးပေးဖို့ အိန္ဒိယလွှတ်တော်ကော်မတီတခုက လိုလားနေပါတယ်4။ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန (MHA) က လွှတ်တော်ကိုတင်ပြတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် တနှစ်တည်းမှာတင် ငွေလိမ်လုပ်ငန်းတွေကြောင့်  အိန္ဒိယနိုင်ငံသားတွေအနေနဲ့ စုစုပေါင်း ရူပီး ၂၂၈ ဒသမ ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၇ ဘီလီယံဝန်းကျင်) ဆုံးရှုံးခဲ့ရပြီး ၂၀၂၃ ခုနှစ်က ဆုံးရှုံးခဲ့ရတဲ့ ရူပီး ၇၄ ဒသမ ၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄၁ သန်းဝန်းကျင်) ထက် ၂၀၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်5။ ဒီနှစ် ဇန်နဝါရီလကနေ မေလအတောအတွင်း ဆိုက်ဘာလိမ်လည်မှုတွေကြောင့် ဆုံးရှုံးသွားတဲ့ ရူပီး ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၈၉ သန်းဝန်းကျင်) အနက် တဝက်ကျော်ဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာ အခြေစိုက်တဲ့ ငွေလိမ်ဂိုဏ်းတွေက လိမ်လည်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန (MHA) က ခန့်မှန်းထားပါတယ်။ တဖက်မှာလည်း လုပ်သားအဖြစ် တရားမဝင် စုဆောင်းခံရတဲ့ အိန္ဒိယလူငယ်တွေဟာ ဒီလို အွန်လိုင်းငွေလိမ်မှုတွေရဲ့နောက်ကွယ်မှာ ပါဝင်နေပြီး အိန္ဒိယနိုင်ငံကို တလမှာ ရူပီး ၁၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၇ သန်းဝန်းကျင်) ဆုံးရှုံးစေခဲ့ပါတယ်6။ အမေရိကန်ပြည်ထောင်စုက သာမန်ပြည်သူတွေဟာလည်း အွန်လိုင်းငွေလိမ်သူတွေကြောင့် ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်7။ ကုလသမဂ္ဂကတော့ ‘ဒီအခြေအနေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းအဆင့်ကို ရောက်နေပြီ’ လို့ သတိပေးထားပါတယ်8

၂၀၂၄ ခုနှစ် မတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံက ကျားဖြန့်ငွေလိမ်ဆိုက်တခုကို စီးနင်းနိုင်ခဲ့ပြီးနောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာရုံး (UNODC) ရဲ့ ယာယီကိုယ်စားလှယ် ဘင်နစ်ဒစ်ဟော့ဖ်မန်း (Benedikt Hofmann) က သွားရောက်ကြည့်ရှုကာ “အရှေ့တောင်အာရှဟာ ကမ္ဘာလုံးဆိုင်ရာ ငွေလိမ်လုပ်ငန်းတွေရဲ့ အဓိကဗဟိုချက် ဖြစ်ပါတယ်”လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်9။ စနစ်တကျစုဖွဲ့ထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ အရှေ့တောင်အာရှမှာ အခြေပြုပြီး ဒီလုပ်ငန်းတွေကို ပုံဖော်အမြတ်ထုတ်နေကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် UNODC က စက်တင်ဘာလမှာ သတိပေးချက် ထုတ်ပြန်ခဲ့ရာမှာ အရှေ့တီမောဟာလည်း အရှေ့တောင်အာရှနဲ့ ပြင်ပကို ဖြန့်ကြက်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် အခြေစိုက်နေရာသစ်တခု ဖြစ်လာခဲ့ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပုံစံနဲ့ အိုကူဆီအမ်ဗီနို (Oecusse Ambeno) အထူးအုပ်ချုပ်ရေးဒေသကို ထိုးဖောက်ဝင်ရောက်နေတယ်လို့ ဆိုပါတယ်10

ဆိုက်ဘာရာဇဝတ်မှုနဲ့ပတ်သက်တဲ့ ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာသဘောတူစာချုပ်အဖြစ် နိုင်ငံ ၇၂ နိုင်ငံက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကုလသမဂ္ဂဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးသဘောတူညီချက်အသစ်ကို အောက်တိုဘာ ၂၅ ရက်က လက်မှတ်ထိုးခဲ့ကြပါတယ်11။ နိုင်ငံတကာအနေနဲ့ ဒီဆိုက်ဘာကပ်ဘေးကို ပိုပြီးထိထိရောက်ရောက် တန်ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ခြေလှမ်းတွေ လှမ်းစပြုနေပေမဲ့ တကယ်တမ်းမှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုမရှိဘဲနဲ့ အခုလောက်အထိ ထွန်းကားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပူးပေါင်းပါဝင်မှုတွေကြောင့် ရာဇဝတ်ဂိုဏ်းတွေဟာ ကြီးမားကျယ်ဝန်းတဲ့ ကျားဖြန့်ငွေလိမ်ဆိုက်တွေကို လည်ပတ်နိုင်ကြပါတယ်။ သားကောင်အဖြစ် စုဆောင်းခံရသူတွေကို နယ်စပ်ဖြတ်ကျော် လူကုန်ကူးနိုင်ကြပါတယ်။ ရာဇဝတ်မှုကရတဲ့ ငွေတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ငွေကြေးခဝါချနိုင်ကြပါတယ်။

ဒီလို နိုင်ငံဖြတ်ကျော်ဆိုက်ဘာရာဇဝတ်မှုဘေးဆိုးဟာ ဒေသပုံရိပ်ကို ကျဆင်းစေတဲ့အတွက် အာဆီယံအဖွဲ့အစည်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အားထုတ်လုပ်ဆောင်သင့်ပါတယ်။ အခုချိန်အထိ လည်ပတ်နေဆဲဖြစ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အပေါ်ယံသက်သက်သာ နှိမ်နင်းနေသမျှတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှုနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကြေညာချက်ဟာ စက္ကူကျားသာသာပဲ ဖြစ်နေပါလိမ့်မယ်12

ကိုးကားချက်များ

  1. https://media.odi.org/documents/The_rise_of_exploitation_in_scam_centres_in_southeast_asia.pdf ↩︎
  2. https://www.hindustantimes.com/india-news/2900-indians-rescued-from-cyber-scam-centres-in-se-asia-mea-tells-parl-panel-101743620506692.html  ↩︎
  3. https://www.hindustantimes.com/india-news/indians-among-hundreds-in-myanmar-scam-hub-exodus-101761435495127.html  ↩︎
  4. https://www.medianama.com/wp-content/uploads/2025/08/rsnew_Committee_site_Committee_File_ReportFile_15_197_254_2025_8_12-1.pdf ↩︎
  5. https://timesofindia.indiatimes.com/business/cybersecurity/indias-cyber-fraud-epidemic-rs-22845-crore-lost-in-just-a-year-206-jump-from-previous-year-says-government/articleshow/122840099.cms  
    ↩︎
  6. https://www.livemint.com/news/india/indians-lost-staggering-7-000-crore-to-online-scams-in-5-months-of-2025-report/amp-11752556670962.html  ↩︎
  7. https://www.npr.org/2025/10/26/nx-s1-5584097/southeast-asian-scam-networks-are-booming-governments-are-starting-to-take-action  
    ↩︎
  8. https://news.un.org/en/story/2025/05/1163521  
    ↩︎
  9. https://news.un.org/en/audio/2024/07/1151871   ↩︎
  10. https://www.aljazeera.com/news/2025/9/12/un-warns-online-scam-centres-hitting-southeast-asia-moving-to-east-timor  ↩︎
  11. https://www.unodc.org/unodc/en/press/releases/2025/October/un-convention-against-cybercrime-opens-for-signature-in-hanoi–viet-nam.html  ↩︎
  12. https://en.antaranews.com/news/380601/asean-adopts-declaration-to-combat-cybercrime-and-online-fraud ↩︎

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles