ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ

စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။

တနေ့တနေ့ အိပ်ရာကနိုးသည်နှင့် ကြားရသည့် သတင်းများက မယုံနိုင်ဖွယ်ရာ။ သည်နေ့နံနက်လည်း နေပြောက်မထိုးခင် ခပ်စောစောမှာပင် ဘေးအိမ်က ဦးလေးကြီးက လာပြောသွားသည်။ ယခု နိုဝင်ဘာ ၃၀ ရက်ဆိုလျှင် စစ်တပ်က မြို့ထဲသို့ ပြန်ဝင်လာမည်ဖြစ်ပြီး ထိုသို့ပြန်ဝင်လာသည်ကို TNLA က လုံခြုံရေး ယူပေးမည်ဟူ၍ ဖြစ်သည်။ အံ့ဩပါ့။ ကြားရသည့် ကိုယ့်နားကိုယ်ပင် မယုံနိုင်ဖြစ်ရသည်။

မိုးကုတ်မြို့ကို TNLA က သိမ်းခဲ့သည်မှာ ၂၀၂၄ ခုနှစ် ဇွန်လကုန်‌လောက်တွင်ဖြစ်သည်။ မြို့သိမ်းပြီး တနှစ်ကျော်အကြာတွင်မူ မြို့ကို စစ်တပ်ဆီပြန်လွှဲပြောင်းသည်တဲ့။ ဘယ့်နှယ်ဟာတွေလဲမသိ။ ကလေးတွေလို စစ်တိုက်တမ်းကစားနေတယ်များ ထင်ကြသလားဟူ၍ အငေါ်ခပ်တူးတူးတွေးမိသည်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

တော်လှန်ရေးတပ် လက်အောက်ရောက်ရောက်၊ စစ်တပ်လက်အောက်ရောက်ရောက်၊ မည်သူ့လက်အောက်ရောက်ရောက်၊ ဘာများထူးလို့ပါလဲဆိုသည့် မေးခွန်းမေးပြန်လျှင်လည်း အဖြေက သိသာနေသည်ပင်။ အစက စစ်တပ်အောက်ကလွတ်လျှင် အနိုင်ကျင့်ခံရသည့်ကိစ္စများ၊ မတန်တဆ အခွန်ကောက်ခံရသည့်ကိစ္စ၊ အဖမ်းခံရသည့်ကိစ္စတွေကနေ လွတ်ပြီဟူ၍ ထင်ခဲ့မိသည်။ မှားလိုက်သည့် ဖြစ်ခြင်း။ ကျားကြောက်၍ ရှင်ကြီးကိုးသော်လည်း ရှင်ကြီးကပါ ကျားဖြစ်နေသဖြင့် သူတို့ဘဝမှာ မထူးလှ။ အိမ်ချိပ်ပိတ်ခံရသည့် ကိစ္စများ၊ ကျောက်တူးလုပ်ငန်းကနေရသော ဗြုန်းများကို ခေါင်းပုံဖြတ်သည့် ကိစ္စများမှာ TNLA လက်အောက်တွင်လည်း ပျောက်ကွယ်သွားခြင်းမရှိ။ အနိုင်ကျင့်သည့်နေရာတွင် မည်သည့်ဘက်ကလူဖြစ်ဖြစ် သေနတ်သမားက သေနတ်သမားပဲဖြစ်သည်။

စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။ အလကား။ ညအိပ်ရာဝင်ပုံပြင်များသာဖြစ်သည်။

ထိုနေ့မနက် နေအရမ်းမမြင့်ခင် သူမြို့ထဲတလျှောက် ဆိုင်ကယ်နှင့်ပတ်ကာ လိုက်ကြည့်မိသည်။ မြို့ရှိလူများက ပုရွက်ဆိတ်ကလေးများ အစာစုနေသကဲ့သို့ တစုစုနှင့်ပင်။ အထုပ်အပိုးပြင်နေသူများ၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် မြို့ထဲကနေ ထွက်ခွာရန် ပြင်နေသူများမှာ သူ့အစုနှင့်သူ။ မိုးကုတ်မြို့၏ အေးမြသည့်ရာသီဥတုက မြို့ရှိ မည်သူ၏ရင်ကိုမျှ အေးအောင် စွမ်းဆောင်နိုင်ပုံမပေါ်။ အားလုံးက ခပ်သုတ်သုတ်နှင့်ဖြစ်သည်။ ဤလူများ..၊ မြို့ကိုခွာရန် ခြေတလှမ်းသာလိုတော့သည့် ဤလူများသည် မိုးကုတ်မြို့သို့ TNLA နှင့် တော်လှန်ရေးတပ်များ ဝင်ရောက်လာချိန်တွင် ဝမ်းပမ်းတသာ ကခုန်၊ ကြိုဆိုခဲ့ကြသူများဖြစ်သည်။ နွေဦးတော်လှန်ရေး ဟိုးလေးတကျော်ကျော် ဖြစ်ချိန်တွင် သံပုံးသံများဖြင့် ညံစေခဲ့သူများဖြစ်ကြသည်။ ယခုတွင် ထိုလူများ၏ မျက်နှာတွင် ယူကျုံးမရဖြစ်မှုများ၊ ဝမ်းနည်းမှုများ တွေ့ရမည်လားဟူ၍ သူအကဲခတ်ကြည့်မိသေးသည်။ သို့သော် မျက်နှာအားလုံးမှာ လောကဓံ၏ ရိုက်နှက်ချက်၊ စစ်နှင့် လက်နက်ကိုင်တပ်ဖွဲ့တို့၏ ထိုးနှက်ချက်များကို အထူးအထွေ ခံစားချက်မရှိတော့သည့်နှယ် ဗလာများဖြစ်နေကြသည်။

မြို့ပေါ်တွင် ပုံမှန်တွေ့နေကျ ကလေးများကိုလည်းမတွေ့ရပါ။  ကလေးများဆိုသည်က မြို့ထဲမှာတပ်စွဲနေကြသည့် PDF များကို ခေါ်ဝေါ်သည့် အရပ်အသုံးဖြစ်သည်။ အနီးချုပ်စပ်က လူတွေကိုမေးကြည့်တော့ ကလေးတွေကို TNLA က မြို့အပြင်မှာပဲ နေခိုင်းပြီး စစ်တပ်ဝင်လာရင် တိုက်ခိုက်တာမလုပ်ဖို့၊ မြို့လွှဲပြောင်းရေးမှာ အဆင်ချောအောင်ကူဖို့ မှာထားကြောင်းဆိုလေသည်။

သတင်းများ၊ တဆင့်စကား တဆင့်နားများကနေ ကြားရသည်များရှိသည်။ တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ပေးအပ်လိုက်ရသည့် မြို့များတွင် မြို့ခံများ၊ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဆက်အစပ်ရှိခဲ့သည့် ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခြင်း၊ အိမ်ချိပ်ပိတ်ခြင်းများ လုပ်သည်ဆိုသည့် အကြောင်းများဖြစ်သည်။ ကာကွယ်ပေးမည့်သူ မရှိဘူးဟူသော အသိဖြင့် အသားကျနေပြီဖြစ်သော်လည်း တကယ့်တကယ်တမ်း စစ်တပ်ပြန်ဝင်လာမည်ဟု သေချာသွားသောအခါ လက်ဖျားခြေဖျားများပင် အေးစက်သွားခဲ့သည်။ မြို့၏ သယံဇာတ ကျောက်တွင်းများကို တူးဖော်ခဲ့သော၊ မြို့ရှိ လူထုကို အခွန်ကောက်ခံခဲ့သော TNLA အနေနှင့်လည်း ဤမြို့ရှိလူများကို  ကျောခိုင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

“တို့တွေကို ဗုံးထပ်မကြဲအောင် အလဲအလှယ်အနေနဲ့ မြို့ကိုပေးလိုက်တာပါကွယ်” 

ဈေးထိပ်ရှိ ရှမ်းသုတ်ဆိုင်က ဆိုင်ရှင်အဒေါ်ကြီး၏ ပြောစကားဖြစ်သည်။ မှာထားသည့် ရှမ်းခေါက်ဆွဲထဲသို့ အသားဖတ်များကို ဇွန်းဖြင့်လှမ်းထည့်လျက်ရှိသော အဒေါ်ကြီး၏လက်မှာ မသိမသာ တုန်နေသယောင်။ မြို့ကို ခွာသွားသူတို့၏ ကားနောက်မြီးကိုလည်း ရှမ်းခေါက်ဆွဲကို နယ်ရင်းဖတ်ရင်း ရံဖန်ရံခါ  လှမ်းလှမ်းငေးလိုက်သေးသည်။ အဒေါ်ကြီးကလည်း သူ့လိုပင် မြို့တွင် ကျန်နေရစ်မည့် လူများထဲက တဦးဖြစ်ကြောင်း လောင်းကြေးထပ်လိုက်ချင်သေးသည်။

ရင်းနှီးခဲ့ဖူးသည့် သေနတ်သံများကို ခပ်စိပ်စိပ် ပြန်လည်ကြားရတော့မည်ထင်သည်။ လေယာဉ်မော်တာသံများကိုလည်း ဆက်ကာမျှော်လင့်ရတော့မည်ထင်သည်။ ရင်ဘတ်ထဲက နှလုံးက ခါယမ်းနေသည်။ အသက်ရှူကျပ်လှသည်။ ထွက်ခွာသွားမည့်သူများမှာတော့ အသက်ရှူချောင်မည် ထင်သည်။ သူများအသက်ရှူချောင်မည့်အကြောင်း တွေးလိုက်မိတော့ ကိုယ်ရှူရမည့် အသက်ရှူပေါက်ကလေးမှာ ပို၍ ကျဉ်းသွားသကဲ့သို့ပင်။ လူဆိုတာ တနေ့သေမည်ဖြစ်သည်ကို မငြင်းဆန်ပါ။ သို့သော် မည်ကဲ့သို့ မသေဆုံးချင်ကြောင်းကိုတော့ အခွင့်ရလျှင် ရွေးလိုပါသေးသည်။ သေနတ်ပြောင်းများနှင့် လူသေစေသော စစ်လက်နက်ပစ္စည်းများအောက်တွင် ကူကယ်ရာမဲ့စွာ မသေဆုံးလိုခြင်းကမူ ထိပ်ဆုံးက ပါပေလိမ့်မည်။

ဆိုင်ကယ်ထံသို့ ဖြည်းစွာလျှောက်သွားသည်။ ကိုယ့်လုံခြုံရေးအတွက် မည်သူ့ကိုမျှ အားမကိုးနိုင်သော်လည်း‌ ကိုယ့်ဝမ်းရေးအတွက်မူ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်သေးသည်။ ဒီနေ့ တွင်းသို့သွားမည်။ ကျောက်တူးမည်။ လုံခြုံရေးကို နောက်နေ့မှသာ တွေးပူမည်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles