ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ဆီးရီးယားလွတ်မြောက်ရေးနေ့နှင့် မပြီးဆုံးသေးသည့် မြန်မာ့နွေဦး

ဒမတ်စကတ်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင် လင်းဝေနေသည်။ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒုက္ခသည်ထောင်ပေါင်းများစွာ ပြန်လာနေကြသည်။ မြန်မာပြည်၏ ညများသည် ဖယောင်းတိုင်၏အလင်းရောင်နှင့် စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များ၏ အသံများဖြင့် ပြည့်နေသည်။

မြို့တော်ဒမတ်စကတ်၏ လမ်းများပေါ်တွင် ထောင်သောင်းချီသော ပြည်သူများသည် ဆယ်စုနှစ်တခုကျော်ကြာ စောင့်ဆိုင်းခဲ့ရသော လွတ်လပ်ခြင်းမျှော်လင့်ချက်ကို တကယ့်လက်တွေ့အစစ်အမှန်အဖြစ် ကခုန်ခံစားနေကြသည်။ မြို့လယ်ရှိ အုမာယက်ရင်ပြင်တွင် မီးရှူးမီးပန်းအများအပြား ပစ်ဖောက်ကြသည်။ အာဏာရှင် အာဆတ်၏ စစ်တပ်စစ်စခန်းများ တည်ရှိခဲ့သည့်နေရာများတွင်ပင် ပြည်သူများသည် ပျော်ပွဲရွှင်ပွဲကို ကျင်းပခဲ့ကြသည်။ ဆီးရီးယားနိုင်ငံလွတ်မြောက်ရေးနေ့ကို မြင်တွေ့ခွင့်မရခဲ့သူ၊ လွတ်မြောက်ရေးအတွက် အသက်ပေးကြိုးပမ်းခဲ့သူများ၏ အမည်များကို ကျည်ဆန်နှင့် အမြောက်ဆန်များက ဖန်တီးထားသော ချိုင့်ခွက်များပါသည့် လမ်းများပေါ် လျှောက်လှမ်းကာ ရွတ်ဆိုအောက်မေ့ခဲ့ကြသည်။ 

၅၄ နှစ်ကြာ အုပ်စိုးခဲ့သော အာဆတ်မိသားစု၏ ဇာတ်သိမ်းသည် အလွန်လှပလွန်းသည်။ အာဏာရှင်စနစ်ကို အလျင်အမြန်ပြိုလဲသွားစေခဲ့သည့် ၁၁ ရက်တာ တိုက်ပွဲသည် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သော ပြည်တွင်းစစ်အခြေအနေကို ရိုက်ချိုးကာ အာဏာရှင်ကွန်ရက်ကြီးကို ပြိုလဲစေခဲ့သည်။ မြို့တော်ဒမတ်စကတ်သည် အလျင်အမြန်ကျဆုံးခဲ့ပြီး အာဆတ်သည် ရုရှားသို့ မသေရုံတမယ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။  အလှည့်အပြောင်းဖြစ်သော ၁၁ ရက်ကြာ စစ်ရေးတိုက်ပွဲဖြစ်စဉ်မှာလည်း ဆယ်စုနှစ်တခုအကြာ တိုက်ယူခဲ့ရသော တိုက်ပွဲအလီလီနှင့် ဆီးရီးယားပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များစွာ၏ အသက်နှင့် ခန္ဓာများစွာကို ပေးဆပ်ပြီးမှသာ ရရှိခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားပြည်သူတို့သည် ဝမ်းမြောက်မှုနှင့် စိုးရိမ်မှုတို့ ခွဲခြား၍မရအောင် ရောထွေးနေခဲ့ သည်။ ဤသည်မှာ အာရပ်နွေဦးမှသည် ပြည်တွင်းစစ်အတွင်း မိမိတို့ ဖြတ်သန်းခဲ့ရသော အပျက်အစီးများကို ကျော်လွန်ကာ လွတ်လပ်ခြင်းအောင်ပွဲခံကျင်းပကြသည့် နိုင်ငံတခု ဖြစ်သည်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ယခုအခါ နိုင်ငံ့ခေါင်းဆောင်ဖြစ်သည့် အာမက်အယ်လ်ရှရာသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကြားကာလသမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အာဏာရှင်ဟောင်းကို ကာကွယ်ခဲ့သော ရုရှားနှင့် အီရန်တို့နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့သည်။ ပြည်တွင်းတွင် သူ၏အစိုးရအနေနှင့် အာဏာရှင်လက်ကျန်သစ္စာခံများ၏ ပုန်ကန်မှုများနှင့် ဒေါ်လာဘီလီယံ ၄၀၀ ကျော် ကုန်ကျမည့် နိုင်ငံပြန်လည်တည်ဆောက်ရေး အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သို့ရာတွင် အာဏာရှင်ဟောင်း၏ လက်ကိုင်တုတ် စစ်ထောက်လှမ်းရေးကို ကြောက်ရွံ့စရာမလိုဘဲ အေးအေးလူလူနေနိုင်ခြင်းသည် သူ၏ကတိစကားများကို ယုံကြည်ရန်အတွက် လုံလောက်သည့် အကြောင်းတရပ်ဖြစ်နေသည်။ 

မြန်မာ့နွေဦးတော်လှန်ရေး

မြန်မာ့နွေဦးတော်လှန်ရေးမှာမူ အာဏာရှင်အာဆတ်၏အိမ်တော်ဆီသို့ တင့်ကားများချီတက်လာခြင်းဖြင့် စတင်ခဲ့ ခြင်းမျိုးမဟုတ်ဘဲ လူထုက နိုင်ငံရေးအရ အကြမ်းမဖက်အာဏာဖီဆန်သည့်နည်းလမ်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးသည် နှေးကွေးပြီး ဗဟိုချုပ်ကိုင်မှုအားနည်းသည့် ကဏ္ဍများရှိနေကာ ငါးနှစ်နီးပါး ရှိလာသည့်တိုင် ရုန်းကန်နေရဆဲဖြစ်သည်။ 

စစ်ကောင်စီသည် အဓိကမြို့ကြီးများကို ထိန်းချုပ်ထားဆဲဖြစ်ပြီး အတင်းအကျပ် စုဆောင်းထားသော စစ်မှုထမ်းများကို အခြေတည်ကာ လူလှိုင်းလုံးနှင့် လက်နက်ကြီးလှိုင်းလုံးပေါင်းစပ်ကာ ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်တိုက်ယူနေသည်။ ယခု ရှမ်းမြောက်တွင် မြို့များကို ပြန်လည်ရရှိပြီးနောက် နွေဦးတော်လှန်ရေး၏ ဗဟိုချက်မဖြစ်သည့် အညာဒေသကို ပြန်လည်တိုက်ယူကာ စစ်ဦးချိုးနိုင်ခြေရှိနေသည်။ 

နိုင်ငံတကာ၏ ဝင်ရောက်စွက်ဖက်မှု

နိုင်ငံတကာ၏ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုသည် နိုင်ငံနှစ်ခုစလုံးတွင် အရေးပါသော်လည်း နည်းလမ်းချင်း အလွန်ကွဲပြားသည်။ ဆီးရီးယားအရေးတွင် ရုရှားနှင့် အီရန်တို့က အာဆတ်ကို ဆယ်စုနှစ်တခုကျော် ထောက်ခံအားပေးခဲ့သည်။ တူရကီနှင့် ပင်လယ်ကွေ့နိုင်ငံများကမူ တော်လှန်သူအုပ်စုအမျိုးမျိုးကို ထောက်ခံအားပေးခဲ့သည်။ အာဏာရှင်စနစ် ပြိုလဲပြီးနောက် ဆီးရီးယားသံတမန်ရေးသည် စီးပွားရေးအရောင်းအဝယ်ကဲ့သို့ ဖြစ်နေသည်။ 

မြန်မာ့အရေးတွင်မူ တရုတ်နှင့် ရုရှားတို့က စစ်ကောင်စီကို စီးပွားရေးနှင့် စစ်ရေးသာမက အလုံးစုံ ထောက်ခံအားပေးနေသည်။  အာဆီယံသည် မြန်မာ့အရေးကို စိတ်မဝင်စား၊ အဖွဲ့ဝင်နိုင်ငံဖြစ်နေခြင်းကြောင့် လျစ်လျူရှုထားပါက မကောင်းတတ်သဖြင့် တခါတခါတွင်သာ ပြောပေးနေဟန်တူသည်။ အနောက်အုပ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရကို ဒီမိုကရေစီအတွက် ထောက်ခံဟန်ရှိသော်လည်း လက်တွေ့အကူအညီမှာ နည်းပါးလှသည်။ ထရမ့် ပြန်လည်အာဏာရလာပြီးနောက်တွင် အဆိုပါအကူအညီများ သိသိသာသာ လျော့နည်းသွားခဲ့သည်။ 

တော်လှန်ရေး၏ လိုအပ်ချက်

နွေဦးတော်လှန်ရေးဦးဆောင်သူများတွင် စိတ်ဓာတ်ရင့်သန်မှုနှင့် တရားဝင်မှုရှိသော်လည်း နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေး ချို့တဲ့နေသည်။  နိုင်ငံတကာဆက်ဆံရေးထက် လူမျိုးစုပေါင်းစုံနှင့် နိုင်ငံရေး၊ စစ်ရေး ညီညွတ်မှုသည်သာ အရေးအကြီးဆုံးသော့ချက်ဖြစ်သည်။ မကြာမီတွင် နွေဦးတော်လှန်ရေးသည် ငါးနှစ်ပြည့်တော့မည်ဖြစ်ပြီး ဦးဆောင်သူများသည် ယုံကြည်ရသောနိုင်ငံရေးကတိကဝတ်၊ ပြည်သူအားကိုးလောက်စရာ သေချာရေရာသည့် နိုင်ငံရေးဦးဆောင်မှုကို မပြသနိုင်သေး။ ပြည်သူအပေါ် ပွင့်လင်းမြင်သာမှုလည်း မရှိပေ။

ညီနောင်မဟာမိတ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း စစ်တပ်သည် နိုင်ငံရေးနှင့် စစ်ရေး အဘက်ဘက်က အကြီးအကျယ်ထိုးနှက်ခံခဲ့ရသော်လည်း တချို့သောနွေဦးတော်လှန်ရေးဦးဆောင်သူများ၏ ညံ့ဖျင်းမှုနှင့် နိုင်ငံရေးမာနများကြောင့် ပွဲသိမ်းထိုးချက် ထွက်ပေါ်မလာခဲ့ဘဲ ယခုအခါ တရုတ်နှင့် ရုရှား၏ အကူအညီနှင့် စစ်မှုထမ်းများဖြင့် စစ်ကောင်စီသည် ပြန်လည်အားဖြည့်ကာ အားကောင်းစပြုလာနေသည်။ 

လက်ရှိအခြေအနေနှင့် နိဂုံး

လွတ်မြောက်ပြီးတနှစ်အကြာ ဒမတ်စကတ်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံတွင် လင်းဝေနေသည်။ နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒုက္ခသည်ထောင်ပေါင်းများစွာ ပြန်လာနေကြသည်။ မြန်မာပြည်၏ ညများသည် ဖယောင်းတိုင်၏အလင်းရောင်နှင့် စစ်ကောင်စီတိုက်ခိုက်ရေးလေယာဉ်များ၏ အသံများဖြင့် ပြည့်နေသည်။ စစ်တပ်ကင်းမဲ့သော အနာဂတ်နှင့် မျိုးဆက်သစ်များ ကောင်းမွန်သော လူ့အဖွဲ့အစည်းတွင် ကြီးပြင်းနိုင်ရေးအတွက် မိမိတို့အသက်ကစ၍ အလုံးစုံပေးဆပ်ထားသည့် လူငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တောထဲတွင် သေနတ်သန့်ရှင်းရေးလုပ်ရင်း ဖက်ဒရယ်ဒီမိုကရေစီကို အိပ်မက်မက်ကြသည်။  တိုင်းပြည်တခုသည် နံနက်ခင်းအရုဏ်တက်ချိန်ကို ဖြတ်သန်းနေချိန်၊ အခြားတခုမှာ အရုဏ်မတက်မီ အမှောင်မိုက်ဆုံး ညကာလကြီးတွင် ပိတ်မိနေဆဲဖြစ်သည်။ 

သို့သော် တော်လှန်ရေးနှစ်ခုစလုံး နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ အမှန်တရားပေါ်တွင် အခြေခံထားသည်။  စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲပြီးသည်နှင့် နိုင်ငံတကာသည် သိသိသာသာဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ဆက်ဆံရေးလမ်းကြောင်း ဖောက်လာနိုင်သည်။ နွေဦးတော်လှန်ရေးဦးဆောင်သူ နိုင်ငံရေးသမားလူတန်းစားသည် အီလည်လည်လုပ်နေ၍မရဘဲ နိုင်ငံရေးမာနများကို ဘေးချိတ်ကာ ပြည်သူ့မျက်နှာကို ပြန်လှည့်ကြည့်ရန် လိုနေသည်။ ၂၀၂၆ ခုနှစ်သို့ ရောက်ရှိရန် ရက်အနည်းငယ်သာလိုတော့သည်။ 

လူထု ဒူးမထောက်သည့်အခါ အာဏာရှင်စနစ် ကျဆုံးတတ်သည်မှာ မှန်သော်လည်း အချိန်ကြာလေလေ နိုင်ငံတည်ဆောက်ရေးအတွက် အသက်သွေးကြောဖြစ်သည့် ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးအစိတ်အပိုင်းတိုင်းတွင် ဆုတ်ယုတ်မှုများ ပိုဆိုးလာမည်သာ ဖြစ်သည်။  အဖိနှိပ်ခံ လူမျိုးစုပေါင်းစုံပြည်သူများ၏ ခံနိုင်ရည်၊ စည်းလုံးညီညွတ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် လွတ်မြောက်ရေးအတွက် မွေးရာပါဆန္ဒသည် မည်သည့်အမှောင်မိုက်ကိုမဆို ဖြတ်ကျော်နိုင်စွမ်းရှိသည်ဟု ကျနော် အတိအလင်းယုံကြည်သည်။  လူမျိုးစုပေါင်းစုံမှာ သမိုင်းအဆက်ဆက် ဒီမိုကရေစီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်လွတ်လပ်မှုအတွက် သွေးချောင်းစီးကာ ရုန်းကန်ခဲ့သောမျိုးဆက်ဖြစ်သည်။  ဖဆပလခေတ်၊ စစ်အာဏာရှင် ဦးနေဝင်းခေတ်မှသည် ၈၈ လူထုအရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ယနေ့ နွေဦးတော်လှန်ရေးတိုက်ပွဲများအထိ အားလုံးသည် ရက်စက်လှသော စစ်အာဏာရှင်စနစ်လက်ကနေ လုံးဝလွတ်မြောက်ရေးခရီးရှည်၏ အစိတ်အပိုင်းများသာ ဖြစ်ပေသည်။  သို့ရာတွင် အဆိုပါခရီးလမ်းကို လက်ရှိမျိုးဆက်က အဆုံးသတ်ရမည်ဖြစ်ပြီး ကျနော်တို့၏ သား၊ မြေးတို့အား ထိုခရီးကြမ်း၏ ဖြစ်ရပ်များကို သမိုင်းစာအုပ်ထဲတွင်သာ သင်ယူစေရမည်ဖြစ်သည်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles