ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

ဆယ်လီတွေက နိုင်ငံရေးဦးဆောင်သူတွေလား

ဆယ်လီတွေက ပြည်သူတွေကို နိုင်ငံရေးတရား တက်ဟောတာတို့၊ နိုင်ငံရေးသိပ္ပံထဲက အကြောင်းအရာတွေကို ကိုယ်နားလည်သလို ပြောနေတာတို့ကတော့ အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲက ‘ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ’ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဆယ်လီတွေဆိုတာ ကျွမ်းကျင်မှု ဒါမှမဟုတ် လူသိများမှုအပေါ်မှာ အခြေခံပြီး လူထုအကြားမှာ ကြီးမားတဲ့ အနုစွမ်းအား (soft power) ရှိတတ်ကြသူတွေပါ။ လူကြီးလူငယ်စတဲ့ မျိုးဆက်မတူတဲ့ ပရိသတ်အုပ်စု အမျိုးမျိုးမှာ ဆယ်လီတွေကိုယ်စီ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်မင်းသား၊ မင်းသမီးတွေဟာ ဟိုးအရင်ခေတ်ကတည်းက ဆယ်လီဖြစ်ခဲ့ကြပါတယ်။ အခုခေတ်လို ဆိုရှယ်မီဒီယာတွေ ပေါ်ပေါက်လာတဲ့အခါမှာလည်း အနုပညာနယ်ပယ်က လူတွေဟာ တောရောမြို့ပါ လူသိများကျော်ကြားလို့ ဆယ်လီ ဖြစ်နေကြဆဲပါပဲ။ 

ဒီဆောင်းပါးက မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ဆယ်လီတွေရဲ့ပါဝင်မှုကို ငြင်းပယ်ချင်တာ၊ ပစ်ပယ်လိုတာ မဟုတ်ပါဘူး။ အထူးသဖြင့် အခုလိုတော်လှန်ရေးကာလ၊ တိုင်းပြည်ရဲ့အကျဉ်းအကျပ်ကာလမျိုးမှာ လူထုအကြား ဆယ်လီတွေရဲ့ သတင်းစကားပျံ့နှံ့စေနိုင်မှုက ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေတဲ့အတွက် သိပ်ကိုအရေးပါပါတယ်။ နိုင်ငံတကာမှာလည်း နိုင်ငံရေးလွှမ်းမိုးမှု ဖြန့်ကြက်ဖို့အတွက် ဆယ်လီတွေကို အသုံးချပြီး လူထုစည်းရုံးရေးတွေ လုပ်ဆောင်စေတာ၊ ဆယ်လီတွေက ကိုယ်ပိုင်သဘောဆန္ဒအရ နိုင်ငံရေးပါတီတခုခုကို ဖြစ်စေ၊ နိုင်ငံရေးသမားတယောက်ယောက်ကို ဖြစ်စေ ဝန်းရံပေးတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီအပြုအမူတွေက သက်ဆိုင်ရာနိုင်ငံအလိုက် ရွေးကောက်ပွဲဥပဒေက ခွင့်ပြုထားတဲ့အတိုင်းအတာအပြင်ကို မကျော်လွန်သရွေ့ ကန့်ကွက်စရာမရှိပါဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေ မဖြစ်ခင်အထိ လက်သင့်ခံနိုင်တဲ့ ဖြစ်ရပ်တွေပါ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

သို့ပေမဲ့ ဆယ်လီတွေက ကျော်ကြားမှုအသုံးချပြီး နိုင်ငံရေးဦးဆောင်မှုနေရာမျိုးကို ရောက်နေတာမျိုး၊ နိုင်ငံရေးသဘောတရားရေးရာတွေကို လမ်းညွှန်ပို့ချနေတာမျိုး၊ သဘောတရားရေးရာတွေ ပါဝင်တဲ့ သတင်းမက်ဆေ့ပေးတာမျိုးတွေကို လုပ်နေပြီဆိုရင်တော့ တခုခု လွဲမှားနေပြီလို့ တပ်အပ်ပြောနိုင်ပါတယ်။ ကျော်ကြားမှုဟာ ကျွမ်းကျင်မှု မဟုတ်လို့ပါပဲ။ ကျော်ကြားမှုဟာ လူထုအကြား ပိုပျံ့နှံ့စေဖို့၊ စိတ်ဝင်စားမှု အားကောင်းစေဖို့ အထောက်အကူပြုစေရုံသာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ သတင်းစကား၊ မှန်ကန်တဲ့ နိုင်ငံရေးအသိအမြင် ဖြစ်ဖို့က ကျွမ်းကျင်မှု (expertise) နဲ့ အတွေ့အကြုံ (experience) မုချလိုအပ်ပါတယ်။

ဆန္ဒာဂတိ၊ ဘယာဂတိစတဲ့ ချစ်လို့ကြောက်လို့ ဖြစ်လာတဲ့ အဂတိအစွန်းတရားတွေ မပါဘဲ စဉ်းစားမယ်ဆိုရင် ဆယ်လီတွေက နိုင်ငံရေးသဘောတရားတွေကို ကျွမ်းကျင်တတ်မြောက်နေကြတာ မဟုတ်ပါဘူး။ ဆယ်လီတွေအနေနဲ့ ဒီလို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုတယ်လို့ လူထုက တောင်းဆိုရင်လည်း လက်တွေ့မကျလှပါဘူး။ ဆယ်လီတွေက ပြည်သူလူထုအကြားမှာ သတင်းစကား ပျံ့နှံ့အောင် မိတ်ဆက်ဖြန့်ဝေတဲ့နေရာမျိုးမှာ အလွန်အရေးပါပေမဲ့ ဒီအတိုင်းအတာထက် ကျော်လွန်ပြီး နိုင်ငံရေးအသိပညာ မျှဝေပေးသူ၊ သဘောတရား ရှင်းလင်းပို့ချသူအဖြစ် တက်လှမ်းလို့မရပါဘူး။ ခြွင်းချက်အနေနဲ့ တချို့နိုင်ငံတွေမှာ စိတ်ပါဝင်စားမှုအားကောင်းတဲ့ ဆယ်လီတွေက လိုအပ်တဲ့ အရည်အချင်းပိုင်းဆိုင်ရာ ဖြည့်တင်းမှုတွေ လုပ်ပြီးတော့ နိုင်ငံရေးဘက်ကို ကူးပြောင်းသွားတဲ့သူတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဆယ်လီတွေက နိုင်ငံရေးဦးဆောင်သူတွေနဲ့အပြိုင် နိုင်ငံရေးအကြောင်း၊ လူ့အခွင့်အရေးအကြောင်း စတာတွေကို ဝင်ပြီးဆွေးနွေးပို့ချတာတွေ ရှိနေတာက သိပ်အမြင်မတော်လှပါဘူး။ ဆယ်လီတွေရဲ့ အပေါ်ယံ နားလည်မှုလောက်နဲ့ စစ်မှန်တဲ့နိုင်ငံရေးပညာ သို့မဟုတ် နိုင်ငံရေးအသိအမြင်ကို မရောက်နိုင်ပါဘူး။ အခုမြန်မာ့တော်လှန်ရေးမှာ နိုင်ငံရေးဦးဆောင်မှုအပါအဝင် နိုင်ငံရေးသဘောတရားတွေကိုသာ ပြည်သူတွေ ထဲထဲဝင်ဝင် သိရှိနားလည်ဖို့ဆိုရင် ဆယ်လီတွေနဲ့ချည်း စခန်းသွားလို့ မရတော့ပါဘူး။ နိုင်ငံရေးသိပ္ပံစတဲ့ နိုင်ငံရေးပညာကို ကျွမ်းကျင်သူတွေ၊ လက်တွေ့နိုင်ငံရေးကို အမှန်တကယ်နားလည်တတ်ကျွမ်းတဲ့သူတွေကသာ ပြည်သူလူထုကို စစ်မှန်တဲ့ နိုင်ငံရေးပညာတွေ မျှဝေပေးနိုင်မှာပါ။ 

ဒီကွဲပြားခြားနားမှုကို သေသေချာချာ နားမလည်ဘဲနဲ့ ဆယ်လီတွေက ပြည်သူတွေကို နိုင်ငံရေးတရားတက်ဟောတာတို့၊ နိုင်ငံရေးသိပ္ပံထဲက အကြောင်းအရာတွေကို ကိုယ်နားလည်သလို ပြောနေတာတို့ကတော့ အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ ဘာခေါင်းစဉ်လာလာ လက်ပူတိုက်ကျက်မှတ်ထားတဲ့ လက်ခုပ်သံချူတဲ့စကားလုံးတွေကို တကယ့်ကျွမ်းကျင်သူပမာ မှင်သေသေ၊ ဟန်ပါပါနဲ့ ရွတ်ပြရုံကတော့ အလုပ်မဖြစ်လှပါဘူး။ ငယ်ငယ်တုန်းက လူတိုင်းလိုလို ဖြတ်သန်းခဲ့ကြဖူးတဲ့ ကြက်တူရွေးနှုတ်တိုက်စာကျက်နည်းကို ပုံစံတမျိုးနဲ့ ကျင့်သုံးနေတာမျိုးပါပဲ။ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲက ‘ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ’ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။

နိုင်ငံရေးအသိပညာကို မကျွမ်းကျင်ဘဲ မျှဝေတာက ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေပါတယ်။ အမှန်တရားဟာ အမုန်းတရားမဟုတ်သလို အမုန်းတရားဟာလည်း အမှန်တရား ဖြစ်မလာနိုင်ပါ။ အမုန်းတရား အခြေခံတဲ့ အပေါစားဆန်တဲ့ စည်းရုံးမှုတွေကနေ ပိုလာရိုက်ဇေးရှင်း (polarization) လို့ခေါ်တဲ့ လူအစုအဖွဲ့အချင်းချင်း စေ့စပ်လို့မရလောက်အောင် အစွန်းနှစ်ဖက်ကို ရောက်သွားစေပါတယ်။ အမှန်တရားကို အခြေမခံဘဲ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အစွန်းရောက်ဝါဒကို မြေတောင်မြှောက်ပေးလိုက်ပြီး လူ့အဖွဲ့အစည်းတွေအကြားမှာ မျိုးဆက်နဲ့ချီပြီး တဖက်နဲ့တဖက် မတည့်တော့မယ့် ရန်ဘက်စိတ်ကို မွေးပေးလိုက်သလိုပါပဲ။ ဒါဆိုရင် တိုင်းပြည်မှာ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ပါဘူး။ 

စစ်ကျွန်ပညာရေးနဲ့ ဆင်ဆာခေတ်ဆိုးကို နှစ်ကာလကြာရှည်ဖြတ်သန်းခဲ့ရပြီး အသိပညာ ခါးဆက်ပြတ်နေတဲ့ မျိုးဆက်တွေအတွက် နိုင်ငံရေးအသိအမြင်ဆိုတာ အမှားအယွင်း အတိမ်းအစောင်းခံလို့ မရစကောင်းတဲ့ အရာပါ။ လူထုရဲ့ခံစားချက်အပေါ်မှာ အမြတ်ထုတ်တာ (emotional exploitation)၊ အထူးသဖြင့် အမုန်းတရားကို အခြေခံတဲ့ သတင်းစကားတွေ မျှဝေတာမျိုးက  လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ကြီးလွန်းလှပါတယ်။ နိုင်ငံရေးဆိုတာ အမုန်းတရားဖြန့်ချိတာသက်သက်ပဲ ဖြစ်တယ်၊ အမုန်းတရားကို အခြေခံတယ်ဆိုတဲ့အသိမျိုး ပြည်သူတွေဆီ ဝင်သွားနိုင်ပါတယ်။ 

တဖက်ကလည်း နိုင်ငံ့အရေးကျွမ်းကျင်သူ၊ နှံ့စပ်သူတွေရဲ့ ဦးဆောင်မှု၊ စည်းရုံးနိုင်မှုတွေက မလုံလောက်တဲ့အတွက် ဆယ်လီတွေရဲ့အသံတွေက ပိုကျယ်လောင်နေတာလား၊ နိုင်ငံရေးဦးဆောင်မှုမှာ အားနည်းချက်တွေရှိနေလို့ ဆယ်လီတွေရဲ့အင်အားနဲ့ ပြန်ထောက်ကူနေရသလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။

တော်လှန်ရေးဟာ စုပေါင်းအားနဲ့ သွားရတဲ့အလုပ် ဖြစ်တယ်ဆိုတာကို လက်ခံရမှာဖြစ်သလို လူတိုင်းမှာ ကျွမ်းကျင်ရာနယ်ပယ်၊ သိမှုအကန့်အသတ်ရှိတယ်ဆိုတာကိုလည်း သတိချပ်ရပါမယ်။ ဒါကြောင့် ကိုယ့်ကျွမ်းကျင်မှုအလိုက် ပါဝင်ပေးတာ၊ မကျွမ်းကျင်တဲ့နယ်ပယ်မှာ ကိုယ့်အတိုင်းအဆကို ကိုယ်သိပြီး ဝင်ရောက်မစွက်ဖက်တာက တော်လှန်ရေးအရွေ့ကို ဦးတည်စေပါမယ်။ အရေးအကြီးဆုံးက တခြားသူတွေက ဦးဆောင်မှု မပေးတဲ့အတွက် ဆယ်လီတွေက မနေနိုင်လို့ ပြည်သူတွေအတွက် အသံထုတ်ပေးရတယ်ဆိုရင် ဒီတိုင်းပြည်ရဲ့နိုင်ငံရေးမှာ ကျွမ်းကျင်သူတွေ ဘယ်ရောက်နေသလဲ၊ ပြည်သူတွေကနေ နိုင်ငံ့အရေးအတွက် ကိုယ်စားပြုနိုင်မှု (mandate) ပေးအပ်ခံထားရတဲ့သူတွေ ဘယ်ရောက်ကုန်ပြီလဲဆိုတဲ့ မေးခွန်းကိုပဲ မေးလိုက်ချင်ပါတော့တယ်။ 

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles