ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်သည်အိပ်မက်

ငြိမ်းချမ်းရေးက အမြဲလိုအပ်ပါတယ်။ လူငယ်တွေကို အသံပိတ်စေတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ သူတို့အိပ်မက်တွေကို လိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့၊ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးတခုသာ လိုအပ်ပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ရုံမကဘဲ အနာဂတ်ကို မျှော်လင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးပါ။

“သူ ဘာလုပ်နိုင်ခဲ့လဲ။ ရော့ခ်စတားတယောက် ဖြစ်ခဲ့ရမှာ။
ဒါပေမဲ့ သူ့မှာ ဂစ်တာတလက် ဝယ်ဖို့ ပိုက်ဆံ မရှိခဲ့ပါဘူး။
သူ ဘာလုပ်နိုင်ခဲ့လဲ။ နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့ရမှာ။
ဒါပေမဲ့ သူ ပညာကောင်းကောင်း မသင်ခဲ့ရပါဘူး။
သူ ဘာလုပ်နိုင်ခဲ့လဲ။ ဖခင်တယောက် ဖြစ်ခဲ့ရမှာ။
ဒါပေမဲ့ သူ အသက် ၂၀ တောင် ကောင်းကောင်းမပြည့်ခဲ့ပါဘူး။
တကယ်ကို အလကားဖြစ်သွားခဲ့တာပဲ၊ စစ်သည်အိပ်မက်တွေ
အို… စစ်သည်အိပ်မက်တွေ အလကားဖြစ်သွားတာပဲ”

(Kate Bush ရဲ့ Army Dreamers သီချင်းက စာသားတချို့)

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,


အခုရက်ပိုင်း ဒီသီချင်းက ရှိသမျှ social media တွေပေါ်မှာ ပြန်ခေတ်စားလာနေလို့ ကိုယ်လည်း မိုးလင်းမိုးချုပ် ခေါင်းထဲ ဒီသီချင်းပဲ ညည်းနေမိတယ်။ ၁၉၈၀ ခုနှစ်မှာ ထွက်ခဲ့ပြီး အင်္ဂလိပ်အဆိုတော် Kate Bush သီဆိုခဲ့တဲ့ Army Dreamers ဆိုတဲ့ သီချင်းပါ။ ၁၉၉၀-၉၁ ပင်လယ်ကွေ့စစ်ပွဲ ဖြစ်တော့ အခြားစစ်ဆန့်ကျင်ရေးသီချင်း အပုဒ် ၆၀ ကျော်နဲ့အတူ UK မှာ banned ခံရတဲ့ သီချင်းပေါ့။ ဒီသီချင်းက စစ်ပွဲတခုအတွင်း ဆုံးရှုံးသွားတဲ့ လူငယ်ဘဝတခုရဲ့ “ဖြစ်နိုင်ခဲ့တဲ့ အနာဂတ်” ကို မေးခွန်းထုတ်ထားတဲ့ သီချင်းတပုဒ်ပါ။ မဖြစ်သေးတဲ့ အိပ်မက်တွေ၊ ရော့ခ်စတားဖြစ်နိုင်ခဲ့တဲ့ အိပ်မက်၊ ပညာရေးနဲ့ ဘဝတက်လမ်းတခုကို လျှောက်နိုင်ခဲ့တဲ့ အနာဂတ်၊ မိသားစုတခု တည်ဆောက်နိုင်ခဲ့တဲ့ ဘဝတွေကို စစ်ပွဲက လုယူသွားတဲ့အကြောင်းကို နူးညံ့နက်ရှိုင်းစွာ ဖော်ပြထားပါတယ်။

စစ်ပွဲတပွဲအကြောင်း ပြောတဲ့အခါ အောင်မြင်မှုတွေ၊ မဟာဗျူဟာတွေ၊ အနိုင်အရှုံးဆိုတာတွေထက် ပိုပြီး အရောင်မှိန်လေ့ရှိတဲ့ ခေါင်းစဉ်တခုကတော့ လူငယ်ဘဝတွေ ဆုံးရှုံးသွားခြင်းပါပဲ။ “သူ ဘာလုပ်နိုင်ခဲ့လဲ။ ရော့ခ်စတားတယောက် ဖြစ်ခဲ့ရမှာ” လို့ဆိုတဲ့ စာသားက သီချင်းတပုဒ်ရဲ့ လှပတဲ့ စာသားတကြောင်းထက် ပိုတယ်။ အဲဒါက မဖြစ်သေးတဲ့ အနာဂတ်တခုကို သတိရစေတဲ့ မေးခွန်းတခုပါ။

ယနေ့ကမ္ဘာမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ထိခိုက်နေရပါတယ်။ Save the Children ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း ကလေးသူငယ် သန်း ၄၀၀ ကျော်ဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ တိုက်ရိုက်ဆိုးကျိုးတွေကို ခံစားနေရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်းကစလို့ ဖြစ်နေတဲ့ စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ မပါသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်မှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က မြန်မာလူငယ်တွေအကြောင်း အစီရင်ခံစာ ၄ ခု ထုတ်ခဲ့ပါတယ်။ Myanmar Youth Survey 2024 ကို အခြေခံပြီး ထုတ်ထားတဲ့ ဒီအစီရင်ခံစာတွေထဲမှာ မြန်မာလူငယ် ၄ သန်းဟာ အလုပ်လက်မဲ့ဖြစ်နေကြပြီး အသက် ၁၈ ကနေ ၂၄ ကြား လူငယ် ၇၅ ရာခိုင်နှုန်းကတော့ ပညာရေး (ဒါမှမဟုတ်) တခုခုကို လေ့လာသင်ယူနေတဲ့ လမ်းကြောင်းပေါ်မှာ မရှိနေဘူးလို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိနေတဲ့ အထွေထွေအကျပ်အတည်းနဲ့ စစ်သားစုဆောင်းခံရမှုအပါအဝ​င် စိတ်မလုံခြုံမှုပေးနေတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်ထဲက ထွက်သွားချင်နေတဲ့ လူငယ် ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတယ်လို့ ရေးသားထားပါတယ်။ စစ်ပွဲတပွဲ ဖြစ်လာတဲ့အခါ မြင်သာတဲ့ သတင်းစာခေါင်းစီးက အရပ်သားသေဆုံးမှု ကိန်းဂဏန်းနံပါတ်တွေအပြင် သိပ်မမြင်သာတဲ့ တမြေ့မြေ့ဆုံးရှုံးပျက်စီးနေတဲ့ လူငယ်တွေရဲ့ အနာဂတ်နဲ့ တိုင်းပြည်တခုရဲ့ အသက်ဝိညာဉ်လည်း ရှိနေပါတယ်။

ဒီအခြေအနေတွေကြားမှာ “ငြိမ်းချမ်းရေး” ဆိုတဲ့ စကားလုံးကို သတိထားပြီး နားလည်ဖို့ လိုအပ်ပါတယ်။ တခါတလေမှာ အာဏာရှိသူတွေက ငြိမ်းချမ်းရေးကို အာဏာတည်မြဲရေးအတွက် အသုံးချတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း လူငယ်တွေကို “လက်နက်ချပါ” လို့ ခေါ်ဆိုနေချိန် လက်တွေ့မှာ ဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားပစ်မှတ်ထားမှုတွေ၊ ဖမ်းဆီးညှဉ်းပန်းမှုတွေက အဲဒီခေါ်ဆိုမှုရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်စေပါတယ်။ အကြမ်းဖက်မှုတွေ မရပ်သေးသရွေ့၊ တာဝန်ယူမှု မရှိသေးသရွေ့၊ ပြည်သူ့အခွင့်အရေးတွေကို မလေးစားသေးသရွေ့ “လက်နက်ချပါ” ဆိုတဲ့ စကားလုံးဟာ လူငယ်တွေအတွက် လုံခြုံရေးအာမခံချက် မဟုတ်ဘဲ အန္တရာယ်တခုလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကို နားလည်ရမှာက “စစ်ပွဲတွေ ရပ်သွားပြီလား” ဆိုတာတခုတည်း မဟုတ်ဘဲ “ဒီငြိမ်းချမ်းရေးက ဘယ်သူ့အတွက်လဲ၊ ဘယ်သူတွေ လုံခြုံလာသလဲ၊ ဘယ်သူတွေ မတရားမှုတွေထဲ ဆက်ရှိနေသေးတာလဲ၊ လူငယ်တွေ အနာဂတ်ကို မျှော်လင့်နိုင်လာပြီလား” ဆိုတာတွေကိုပါ မေးရပါမယ်။ လူငယ်တွေကို စစ်ပွဲထဲ ဆွဲထည့်တဲ့ စနစ်တခုလုံးကို မေးခွန်းထုတ်ဖို့ လိုပါတယ်။ အဲဒီမေးခွန်းတွေကို ဖြေရှင်းနိုင်မှသာ လူငယ်တွေ အိပ်မက်တွေနောက် ပြန်လိုက်နိုင်မယ့် အနာဂတ်တခု ရလာနိုင်မှာပါ။

တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးကို အာဏာရှင်တွေ အသုံးချနိုင်တယ်ဆိုတာကြောင့် အဲဒီစကားလုံးရဲ့ တန်ဖိုးကို လျှော့ချပစ်လို့ မရပါဘူး။ ငြိမ်းချမ်းရေးဟာ လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တခုဖြစ်ပြီး လူတယောက်ကို လုံခြုံစွာ နေထိုင်နိုင်စေခြင်း၊ ပညာသင်ယူနိုင်စေခြင်း၊ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ပုံဖော်နိုင်စေခြင်းတို့ရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ဒါကြောင့် ငြိမ်းချမ်းရေးကို မေးခွန်းထုတ်ရမှာက “လိုအပ်လား၊ မလိုအပ်ဘူးလား” ဆိုတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးက အမြဲလိုအပ်ပါတယ်။ လူငယ်တွေကို အသံပိတ်စေတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ သူတို့အိပ်မက်တွေကို လိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့၊ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးတခုသာ လိုအပ်ပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ရုံမကဘဲ အနာဂတ်ကို မျှော်လင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးပါ။ “အလကားပါပဲ… စစ်သည်အိပ်မက်” ဆိုတဲ့ စာသားဟာ သီချင်းထဲမှာပဲ ရှိနေသင့်ပြီး အမှန်တကယ်ဘဝတွေထဲမှာ မဖြစ်လာအောင် ကာကွယ်ဖို့က လူမှုအသိုင်းအဝိုင်းတခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။


ကိုးကားချက်များ


Army Dreamers
​​https://www.youtube.com/watch?v=QOZDKlpybZE

Save the Children အဖွဲ့က ထုတ်ဝေသော အစီရင်ခံစာ
https://resourcecentre.savethechildren.net/document/stop-the-war-on-children-pathways-to-peace

UNDP က ထုတ်ဝေသော အစီရင်ခံစာများ
https://www.undp.org/asia-pacific/publications/generation-hold
https://www.undp.org/asia-pacific/publications/generation-move
https://www.undp.org/asia-pacific/publications/generation-edge
https://www.undp.org/asia-pacific/publications/generation-guard

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles