ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အမှန်တရားကို ဘက်လိုက်ခြင်းနှင့် လူထု၏ ဆင်ခြင်နိုင်စွမ်း

အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး  အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။

“သတင်းသမားဟာ အမှန်တရားကို ဘက်လိုက်ရမယ်” ဆိုတဲ့ စကားကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့ဖူးတယ်။ ဆရာကြီး ပြောခဲ့တဲ့ ဒီစကားဟာ သတင်းစာပညာရဲ့ ကျင့်ဝတ်အနှစ်သာရကို ထိမိစေတဲ့ စကားဖြစ်တယ်။ အမှန်တရားနဲ့ မုသားကြားမှာ ကြားမနေရဘူး။ မတရားမှုကို တွေ့ရင် ဖော်ထုတ်ရမယ်။ အာဏာကို စောင့်ကြည့်ရမယ်။ ဖိနှိပ်ခံရသူတွေရဲ့ အသံကို ဖော်ပြရမယ်။ ဒါဟာ သတင်းစာပညာရဲ့ တာဝန်ပဲ ဖြစ်တယ်။ ကျနော့်အမြင်အရဆိုရင် ဆရာ ဦးဝင်းတင်ရဲ့ “အမှန်တရားကို ဘက်လိုက်ရမယ်” ဆိုတဲ့ အယူအဆဟာ အာဏာကို စောင့်ကြည့်ရုံသာမက ပြည်သူကို အမှန်တရားနဲ့ ပိုမိုနီးစပ်အောင် လုပ်ပေးဖို့ ဖြစ်တယ်။

အမှန်တရားကို သိစေလိုတဲ့ သတင်းရေးသားပုံဟာ သက်သေအထောက်အထားကို အခြေခံတယ်။ အဖြစ်အပျက်ကို အတည်ပြုတယ်။ လူထု သိသင့်တာကို တင်ပြတယ်။ စိတ်ခံစားချက်ကို အဓိကထားပြီး သတင်းရေးသားတဲ့ပုံစံကတော့ လူထုရဲ့ဒေါသကို ဆွပေးတယ်။ လူထုကြားချင်တဲ့စကားကိုသာ ပြောတယ်။ မျှော်လင့်ချက်အတုတွေ ပေးတယ်။ ကြောက်ရွံ့စရာတွေကို ချဲ့ကားတယ်။ ဒီနှစ်မျိုးဟာ အခြေခံအားဖြင့် မတူကြဘူး။ သတင်းရေးတဲ့အခါ တစုံတယောက်၊ တစုတဖွဲ့ကို မုန်းတီးတဲ့ စိတ်ခံစားချက်နဲ့ ကျောရိုးပြုပြီး ရေးတဲ့ သတင်းတွေကြောင့် လူထုရဲ့ ဆင်ခြင်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ အဲဒီလို သတင်းတွေ ရေးကြတဲ့အခါ ဆရာကြီး ပြောခဲ့တဲ့ “အမှန်တရားကို ဘက်လိုက်ရမယ်” ဆိုတဲ့ စကားနဲ့ အကာအကွယ် မယူထိုက်ပါဘူး။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

မြန်မာနိုင်ငံမှာက သတင်းအချက်အလက်တွေ များပြားပြီး ဖောင်းပွနေပါတယ်။ သတင်းတွေထဲမှာ ပိတ်ပင်မှု၊ ဖမ်းဆီးမှု၊ တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှု၊ စီးပွားရေးအခက်အခဲတွေ၊ ခြစားမှုတွေ၊ ကုန်ဈေးနှုန်းတက်တဲ့ သတင်းတွေကို နေ့စဉ် တွေ့ရတယ်။ ဒါတွေဟာ တင်ပြသင့်တဲ့ သတင်းတွေ ဖြစ်တယ်။ ဒါပေမဲ့ သတင်းတပုဒ်ကို ဖတ်ပြီးတဲ့နောက် စာဖတ်သူဟာ အခြေအနေကို နားလည်မသွားသေးခင် သတင်းမှာပါတဲ့ အခြေအနေဟာ ပြတ်တောက်သွားတာမျိုး ဖြစ်သွားပါတယ်။ နောက်ဆက်တွဲသတင်း မရှိတာမျိုးကို ဆိုလိုတာပါ။ တချို့သတင်းတွေဟာ လူထုရဲ့ ဒေါသကို ဆွပေးပြီး ရပ်သွားတယ်။ တခါတရံ ကြောက်ရွံ့မှုကို ဖန်တီးပေးပြီး ရပ်သွားတယ်။ သတင်းစာပညာရဲ့ တာဝန်ဟာ ပြဿနာကို ပြသရုံနဲ့ မပြီးသင့်ဘူး။ အကြောင်းအရာ တိကျခိုင်မာမှု မရှိသေးခင် သတင်းဦးလိုမှု လူထု စိတ်ဝင်စားမှုရဖို့ ရည်ရွယ်ချက်နဲ့ ရေးတဲ့ အချို့သတင်းတွေဟာ နောက်ဆက်တွဲ စုံစမ်းမှုမရှိဘဲ ဝေဝါး ပျောက်ကွယ်သွားတတ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေ ရှိသလို တဖက်မှာလည်း လူထုရဲ့ စိတ်ခံစားချက်ကို အလိုလိုက်ပြီး သတင်းရေးသားနေတဲ့ မီဒီယာအချို့ ရှိနေတယ်။ သတင်းတပုဒ်တင်တိုင်း ပြဿနာတွေအားလုံး မနက်ဖြန် ပြီးဆုံးတော့မယ့် ပုံစံမျိုး မျှော်လင့်ချက် ပေးတယ်။ လူထု မနှစ်သက်တဲ့ အဖွဲ့ကြီးတခုလုံး နောက်တနေ့မှာ ပြိုလဲတော့မယ်ဆိုတဲ့ ပုံစံမျိုး၊ နိုင်ငံတခုလုံး အဆိုးဝါးဆုံး အန္တရာယ်ကြီးလာတော့မယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ တင်ပြတယ်။ နောက်ဆက်တွဲ စုံစမ်းတင်ပြချက် မရှိဘူး။ ဖြေရှင်းနိုင်မယ့် လမ်းကြောင်း မပြဘူး။ ဒီလိုသတင်းမျိုးတွေဟာ လူထုကို အသိပညာ မတိုးစေဘဲ စိတ်ခံစားချက်ကိုသာ အတက်အကျ ဖြစ်စေတတ်တယ်။ သတင်းစာပညာရဲ့ ရည်ရွယ်ချက်က လူထုကို ဒေါသထွက်စေဖို့ မဟုတ်ဘူး။ လူထုကို ပိုပြီးဆင်ခြင်နိုင်စေဖို့ ဖြစ်တယ်။ လူထုကို ကြောက်လန့်စေဖို့ မဟုတ်ဘူး။ အခြေအနေကို နားလည်စေဖို့ ဖြစ်တယ်။ လူထုကို မျှော်လင့်ချက်အတု ပေးဖို့ မဟုတ်ဘူး။ အမှန်တရားကို ရင်ဆိုင်နိုင်စေဖို့ ဖြစ်တယ်။

ဥပမာ စစ်တပ်က ကန့်သတ်ချက်အသစ်တခု ထုတ်ပြန်တယ်ဆိုပါစို့။ “ကန့်သတ်ချက်ကြောင့် ပြည်သူတွေ ပိုဒုက္ခရောက်တော့မယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားနိုင်တယ်။ ဒါပေမဲ့ အဲဒီထက် ပိုအရေးကြီးတာက ဒီကန့်သတ်ချက်ဟာ ဘယ်လိုသက်ရောက်မလဲ၊ ဘယ်သူတွေ အထိခိုက်ဆုံးဖြစ်မလဲ၊ လူထုဘက်က ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်လဲ၊ ဘယ်လိုလျှော့ချနိုင်မလဲ၊ တခြားနိုင်ငံတွေမှာ အလားတူ အခြေအနေတွေကို ဘယ်လို ရင်ဆိုင်ခဲ့ကြသလဲ၊ ကျွမ်းကျင်သူတွေ၊ ဥပဒေသမားတွေ၊ ပညာရှင်တွေရဲ့ သုံးသပ်မှန်းဆချက်တွေကို စုစည်းပြီး လူထုကို တင်ပြပေးသင့်ပါတယ်။ အမည်မဖော်လိုတဲ့ သတင်းပေးသူကို ကာကွယ်ပေးရတဲ့ သတင်းသမားရဲ့ ကျင့်ဝတ်ကို လက်တလုံးခြားလုပ်ပြီး ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်တဲ့ အရေးအသားတွေ ရှောင်ရှားသင့်ပါတယ်။

မတရားပြုကျင့်တဲ့ကိစ္စကို ဖော်ထုတ်ပြီးတဲ့အခါ ဘာဆက်လုပ်မလဲ ဆိုတာလည်း အရေးကြီးတယ်။ အဲဒီသတင်းကို ဖတ်ပြီး လူထုအနေနဲ့ သက်သေကို ဘယ်လို စုဆောင်းနိုင်သလဲ၊ မှတ်တမ်းကို ဘယ်လို တင်နိုင်သလဲ၊ ဥပဒေကြောင်းအရ ဘယ်လို နားလည်ထားသင့်သလဲ၊ မိမိကိုယ်ကို ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နိုင်သလဲ ဆိုတဲ့မေးခွန်းတွေကို ဖြေပေးတဲ့ သတင်းတွေ ပိုလိုအပ်တယ်။ သတင်းစာပညာရဲ့ အောင်မြင်မှုကို တိုင်းတာရာမှာ စာဖတ်သူ ဘယ်လောက် ဒေါသထွက်သွားသလဲ ဆိုတာနဲ့ မတိုင်းသင့်ပါဘူး။ စာဖတ်သူ ဘယ်လောက် ပိုနားလည်သွားသလဲ၊ ဘယ်လောက် ပိုစဉ်းစားတတ်လာသလဲ၊ ဘယ်လောက် ပိုဆုံးဖြတ်နိုင်လာသလဲ ဆိုတာတွေနဲ့ တိုင်းသင့်တယ်။ နိုင်ငံတကာ သတင်းစာပညာမှာ ‘Watchdog Journalism’ လို့ ခေါ်တဲ့ အယူအဆအရ သတင်းမီဒီယာရဲ့ အဓိကတာဝန်တွေထဲကတခုဟာ ပြည်သူ့အကျိုးစီးပွားအတွက် မတရားမှု၊ အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ဖော်ထုတ်ပြီး တာဝန်ခံမှုရှိအောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အမှန်တရားကို ဘက်လိုက်ခြင်းဟာ သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ခြင်းတခုတည်းနဲ့တော့ မလုံလောက်သေးပါဘူး။ လူထုအတွက် အချက်အလက် စုံလင်စွာရရှိပြီး  အမှန်တရားအပေါ် အခြေခံကာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှသာ သတင်းစာပညာရဲ့ လူမှုတာဝန် ပိုမိုပြည့်စုံလာစေမှာပါ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles