၂၀၂၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးမင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ်ကို မြန်မာနဲ့ ရုရှားကြားက သာမန်ကာလျှံကာ သံတမန်ရေးတွေ့ဆုံမှုတခုသာသာ မရှုမြင်သင့်ပါဘူး။ ဒီခရီးစဉ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ ပိုမိုနက်ရှိုင်းတဲ့ ပုံစံတခုကို ထင်ဟပ်နေပါတယ်။ ပြည်တွင်းက အပြင်းအထန် ခုခံတော်လှန်မှုတွေနဲ့အတူ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်နေရခိုက်မှာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုခံရရေး၊ စစ်ရေးအကူအညီနဲ့ တခြား နိုင်ငံတကာမိတ်ဖက်ရရှိရေးတို့ကို လုပ်ဆောင်နေတဲ့ နိုင်ငံခြားရေးမူဝါဒပဲ ဖြစ်ပါတယ်။ ရုရှားအတွက်လည်း ရှင်းလင်းတဲ့ ရည်ရွယ်ချက်တခု ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ မော်စကိုအတွက် သစ္စာရှိတဲ့ အရှေ့တောင်အာရှမိတ်ဖက်နိုင်ငံတခု ဖြစ်သလို လက်နက်၊ စွမ်းအင်နဲ့ နည်းပညာတွေ ရောင်းချနိုင်မယ့် ဈေးကွက်တခုဖြစ်ပြီး အာဆီယံအဖွဲ့ဆီ ထိုးဖောက်ဖို့ အသုံးဝင်တဲ့ သံတမန်လမ်းကြောင်းတခုလည်း ဖြစ်နေပါတယ်။
နှစ်နိုင်ငံစလုံးကတော့ သူတို့ရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုနဲ့ မိတ်ဆွေဖြစ်မှုအပေါ် အခြေခံထားတယ်လို့ မကြာခဏ ပုံဖော်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ရုရှားရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်က ခဏခဏ ပြောလေ့ရှိသလို ပူတင်ကလည်း ရုရှား-အာဆီယံဆက်ဆံရေးမှာ မြန်မာက ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြန်ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ရုရှား-မြန်မာ ဆက်ဆံရေးရဲ့ သဘောသဘာဝအမှန်ကို သေချာကြည့်ရင် ယုံကြည်မှုအပေါ် အခြေခံတာထက် အကျိုးအမြတ်ကို အခြေခံတဲ့ အပေးအယူသဘော ပိုဆန်နေပါတယ်။ အစိုးရနှစ်ရပ်စလုံးက နိုင်ငံတကာဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာမို့ သူတို့ရဲ့ အထီးကျန်ဆန်မှုကို လျှော့ချဖို့ ဒီဆက်ဆံရေးကို အသုံးချနေကြတာပါ။ မြန်မာအတွက်က လက်နက်နဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနဲ့ သံတမန်ရေးရာ ထောက်ခံမှုတွေအတွက် ရုရှားကို လိုအပ်နေပါတယ်။ ရုရှားအတွက်ကျတော့ မြန်မာဟာ ဈေးကွက်တခု၊ နိုင်ငံရေးအရ ကျောထောက်နောက်ခံပေးတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့အပြင် မော်စကိုရဲ့ အစဉ်အလာ ဩဇာစက်ဝန်းပြင်ပမှာ မဟာမိတ်တွေ ရှိနေသေးတယ်ဆိုတာကို ပြသဖို့ရာ သင်္ကေတတခုလည်း ဖြစ်ပါတယ်။
ဒီဆက်ဆံရေးမှာ မညီမျှမှုတွေ ရှိနေတာကို သတိပြုဖို့ အရေးကြီးပါတယ်။ ဦးမင်းအောင်လှိုင်ဟာ ရုရှားကို ၁၄ ကြိမ် (အခု ၇ ကြိမ်မြောက် တရားဝင် သတင်းထုတ်ပြန်တဲ့ ခရီးစဉ်အပါအဝင်) သွားရောက်ခဲ့ပေမဲ့ ပူတင်ကတော့ မြန်မာနိုင်ငံကို တခါမှ မလာဖူးသေးပါဘူး။ ဒါဟာ မော်စကိုအတွက် ဒီဆက်ဆံရေးက အရေးမပါဘူးလို့ ဆိုလိုတာတော့ မဟုတ်ပေမဲ့ ရုရှားက မြန်မာကို လိုအပ်တာထက် မြန်မာက ရုရှားကို ပိုပြီး သိသိသာသာ လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။ မြန်မာစစ်အုပ်စုအတွက်တော့ ဒီခရီးစဉ်တွေက ပြည်တွင်းရေးအရရော၊ သံတမန်ရေးအရပါ တန်ဖိုးရှိပါတယ်။ သူတို့ဟာ လုံးလုံးလျားလျား အထီးကျန်နေတာ မဟုတ်ဘဲ အင်အားကြီးနိုင်ငံတခုဆီကနေ အဆင့်မြင့် အသိအမှတ်ပြုမှုကို ရနိုင်သေးတယ်ဆိုတာကို ပြသရာရောက်ပါတယ်။ ဦးမင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် နေရာယူထားတဲ့အတွက် တရားဝင်မှု ရှာဖွေနေတဲ့ သူ့အတွက် ဒီလိုအသိအမှတ်ပြုခံရတာက ပိုလို့တောင် အရေးကြီးနေပါတယ်။
စစ်ရေးကဏ္ဍကတော့ မြန်မာ-ရုရှား ဆက်ဆံရေးရဲ့ အခိုင်မာဆုံး မဏ္ဍိုင်တခုအဖြစ် ရှိနေတုန်းပါပဲ။ ရုရှားဟာ မြန်မာနိုင်ငံရဲ့ အဓိက လက်နက်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံတွေထဲက တခုဖြစ်ခဲ့တာ ကြာပါပြီ။ ကိန်းဂဏန်းတွေအရ တရုတ်ဆီက ဝယ်ယူတာပြီးရင် ဒုတိယလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက ခုခံတော်လှန်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီအကူအညီက ပိုပြီး အရေးပါလာပါတယ်။ ၂၀၂၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ငါးနှစ်တာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နဲ့ “Tiger-2026” လို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ပုံစံကျလာတာ၊ သိသာထင်ရှားလာတာကို ပြသနေပါတယ်။ မြန်မာစစ်တပ်အာဏာပိုင်တွေအတွက်တော့ ရုရှားလုပ် လက်နက်တွေ၊ စက်ပစ္စည်း အစိတ်အပိုင်းတွေ၊ လေယာဉ်တွေ၊ ရေဒါပစ္စည်းတွေနဲ့ သင်တန်းတွေဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သက်သက်မဟုတ်ဘဲ မြန်မာစစ်အုပ်စု ရှင်သန်ရေးအတွက် လက်နက်ကိရိယာတွေ ဖြစ်နေပါတယ်။ ရုရှားဘက်ကလည်း မြန်မာပြည်တွင်းစစ်မှာ သူတို့ရဲ့ စစ်ရေးနည်းဗျူဟာအသစ်တွေကို စမ်းသပ်နေတာ ဖြစ်ပါတယ်။
စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကတော့ ဒီဆက်ဆံရေးကို ရေရှည် မဟာဗျူဟာမြောက် ပူးပေါင်းမှုတခု ဖြစ်လာစေပါတယ်။ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံတခု တည်ဆောက်ဖို့ ရုရှားရဲ့ အကူအညီပေးမယ့် အစီအစဉ်ကို ချစ်ကြည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သင်္ကေတတခုအနေနဲ့ ပြသထားပါတယ်။ မော်စကိုဟာ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနံချက်လုပ်ငန်း၊ ဒစ်ဂျစ်တယ် နည်းပညာ၊ အာကာသနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနဲ့ အဆင့်မြင့် နည်းပညာ (high-tech) ကဏ္ဍတွေမှာပါ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့တဲ့ စာချုပ်အများစုက ခိုင်မာတဲ့ သဘောတူညီချက်တွေထက် နားလည်မှုစာချွန်လွှာ (MOU) တွေသာ ဖြစ်နေတဲ့အတွက် ဒီစီမံကိန်းတွေကို သတိထားပြီး စောင့်ကြည့်ရပါမယ်။ ဒါကိုကြည့်ရင် ဒီခရီးစဉ်ဟာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုရလဒ်တွေထက် နိုင်ငံရေးအရ အချက်ပြမှု (political signaling) ကိုသာ ပိုပြီး ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းကလည်း သိပ်ကို အရေးပါပေမဲ့ မေးခွန်းထုတ်စရာ အများကြီး ရှိနေပါတယ်။ အထူးသဖြင့် ပြည်တွင်းစစ်နဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်မှာ ကုန်ကျစရိတ်ကြီးမားတဲ့ ဒီအသေးစား နျူကလီးယား ဓာတ်ပေါင်းဖို (small modular reactor) စီမံကိန်းကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးအင်အား ရှိ-မရှိ မသေချာလှပါဘူး။ ပြီးတော့ လုံခြုံရေးကလည်း အဓိက စိုးရိမ်စရာအဖြစ် ရှိနေပါတယ်။ နျူကလီးယား စက်ရုံတခုဆိုတာ ရေရှည် အကာအကွယ်ပေးမှု၊ နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ အခြေခံအဆောက်အအုံနဲ့ စည်းမျဉ်းစည်းကမ်း ထိန်းချုပ်နိုင်စွမ်းတွေ လိုအပ်ပါတယ်။ နိုင်ငံရဲ့ နယ်မြေအများစုကို အစိုးရက အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ နိုင်ငံမျိုးမှာ ဒီလိုအပ်ချက်တွေကို ရနိုင်မယ်လို့ အလွယ်တကူ ယူဆလို့မရပါဘူး။ ရုရှားအနေနဲ့ နျူကလီးယား နည်းပညာကို ရောင်းချင်ပြီး အာရှက တခြားနေရာတွေမှာလည်း အလားတူ စီမံကိန်းမျိုးတွေကို မြှင့်တင်နေပေမဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေမှန်ကတော့ အကောင်အထည်ဖော်ဖို့ အများကြီး ခက်ခဲစေပါတယ်။
ဒီနေရာမှာပဲ ဒီအကျိုးတူဆက်ဆံရေးရဲ့ အကန့်အသတ်တွေက ပိုပြီး ရှင်းလင်းလာပါတယ်။ ရုရှားဟာ ကာကွယ်ရေး၊ နျူကလီးယား နည်းပညာနဲ့ နိုင်ငံရေးအရ ထောက်ခံမှုတွေ ပေးနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာဖို့ ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုနဲ့ ရုရှားကိုယ်တိုင် ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးနဲ့ ပထဝီနိုင်ငံရေး ဖိအားတွေကြောင့် အကန့်အသတ်နဲ့ပဲ ဆက်ရှိနေဖို့ များပါတယ်။ မော်စကိုအနေနဲ့ နျူကလီးယား စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ကုန်တွေ၊ အဆင့်မြင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငွေပေးချေမှုစနစ်တွေကို ဈေးကွက်ရှာနိုင်ပေမဲ့ ဒီကတိကဝတ်တွေကို မျက်မြင်စီမံကိန်းတွေ ဖြစ်လာအောင် အကောင်အထည်ဖော်ဖို့က အများကြီး ခက်ခဲပါလိမ့်မယ်။ မြန်မာနိုင်ငံဘက်က လုံခြုံရေးနဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်းတွေကို အာမမခံနိုင်တာကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို သတိပြု စိုးရိမ်စရာဖြစ်စေပြီး ရုရှားကုမ္ပဏီတွေလည်း ဒီလိုအန္တရာယ်တွေကနေ ကင်းလွတ်နေမှာ မဟုတ်ပါဘူး။
အာဆီယံနဲ့ ပတ်သက်တဲ့ ရှုထောင့်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ အာရှတိုက်တခုလုံးဆိုင်ရာ ရုရှားရဲ့ မဟာဗျူဟာစက်ဝန်းထဲမှာ ရုရှားက အာဆီယံကို အစိတ်အပိုင်းတခုအဖြစ် ရှုမြင်ထားတဲ့အတွက် ရုရှား-အာဆီယံ ဆက်ဆံရေးကို ထောက်ခံပေးတဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ရုရှားအတွက် နေပြည်တော်ရဲ့ အရေးပါမှုကို ပိုတိုးလာစေပါတယ်။ ရုရှားအနေနဲ့ မြန်မာနိုင်ငံ အာဆီယံကနေ ထွက်သွားတာ ဒါမှမဟုတ် ဒေသတွင်းအစီအစဉ်တွေကနေ လုံးဝကင်းကွာသွားတာမျိုးကို သဘောကျပုံ မရပါဘူး။ မြန်မာက အာဆီယံထဲမှာ ဆက်ရှိနေမှသာ ရုရှားအတွက် ပိုပြီးအကျိုးရှိမှာပါ။ နေပြည်တော်ဟာ ရုရှားအပေါ် စာနာနားလည်ပေးတဲ့ အသံတခုဖြစ်နိုင်သလို ရုရှားအနေနဲ့ ဒေသတွင်းကို ဝင်ဆံ့နိုင်ဖို့ လမ်းကြောင်းတခုအဖြစ် လုပ်ဆောင်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုရှား-အာဆီယံ ဆက်ဆံရေးမှာ မြန်မာရဲ့ ထောက်ခံပေးမှုကို ပူတင်က အသိအမှတ်ပြုစကားဆိုတာဟာ နိုင်ငံရေးအရ အရေးပါနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မြန်မာ-ရုရှား ဆက်ဆံရေးကို စစ်မှန်တဲ့ မဟာဗျူဟာမြောက် ရွေးချယ်ရပ်တည်နိုင်တဲ့ လွတ်လပ်ခွင့် (strategic independence) လို့ ရောထွေးမိလို့ မရပါဘူး။ မော်စကိုနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာတာက နေပြည်တော်အနေနဲ့ တရုတ်အပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချနိုင်တယ်လို့ တချို့က ငြင်းခုံကောင်း ငြင်းခုံနိုင်ပါတယ်။ ဒါက တစိတ်တပိုင်း မှန်ပေမဲ့ အကန့်အသတ်နဲ့ပဲ မှန်ကန်ပါတယ်။ ရုရှားက မြန်မာနိုင်ငံအတွက် ကာကွယ်ရေးနဲ့ သံတမန်ရေးအရ ထောက်ခံမှုတွေမှာ တခြား ပြင်ပထောက်တိုင်တခုကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ရုရှားအနေနဲ့ တရုတ်ရဲ့နေရာကို အလွယ်တကူ အစားထိုးဝင်ယူလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ကြီးမားတဲ့ စီးပွားရေး အကျိုးစီးပွားတွေရှိတဲ့ အိမ်နီးချင်းနိုင်ငံ၊ အဓိက ရင်းနှီးမြှုပ်နှံသူ၊ နယ်စပ်လုံခြုံရေးအတွက် အဓိက မိတ်ဖက်နဲ့ ရှောင်လွှဲလို့မရတဲ့ စီးပွားရေး မိတ်ဖက်တခု ဖြစ်နေပြီး ရုရှားကတော့ ပထဝီအရ အဝေးကြီးမှာ ရှိနေလို့ပါ။ ဒါကြောင့် စစ်အုပ်စုဟာ တရုတ်အပေါ် မှီခိုရမှုကို လွတ်ကင်းအောင် လုပ်တာ ဒါမှမဟုတ် လျှော့ချနေတာမျိုး မဟုတ်ပါဘူး။ တကယ်တော့ နောက်ထပ်မှီခိုရာတခု ထပ်ပေါင်းထည့်လိုက်တာသာ ဖြစ်ပါတယ်။
အဓိကပြဿနာကတော့ ဒီအကျိုးတူပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ဖက်နိုင်ငံသားတွေကို အကျိုးဖြစ်ထွန်းစေတာထက် အာဏာရ အထက်တန်းလွှာတွေကိုပဲ ပိုပြီးအကျိုးရှိစေတာပါပဲ။ ရုရှားရဲ့ အကူအညီက စစ်အုပ်စုကို အသက်ရှူချောင်စေပေမဲ့ မြန်မာ့ပြည်တွင်းအကျပ်အတည်းကိုတော့ မဖြေရှင်းပေးနိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တာဝန်ခံမှုနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေကလွဲလို့ ကျန်တဲ့ ဘယ်အရာကမှ လက်နက်တွေ၊ သံတမန်ရေးအရ အသိအမှတ်ပြုမှုတွေနဲ့ ကတိကဝတ်တွေကို အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ အဆုံးစွန် ပြောရရင် မြန်မာ-ရုရှား ဆက်ဆံရေးကို ရှင်သန်ရေးနဲ့ အပေးအယူလုပ်မှု (transaction) အပေါ် အခြေခံတဲ့ ဆက်ဆံရေးအဖြစ်သာ ရှုမြင်သင့်ပါတယ်။ ဒီနေရာမှာ ရှိလာတဲ့ အဓိကမေးခွန်းကတော့ ဒီဆက်ဆံရေးဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့အတွက် အထောက်အကူ ပြုနိုင်မလား ဆိုတာပါပဲ။ လောလောဆယ်မှာတော့ မရေရာလှပါဘူးလို့ပဲ ဖြေရပါလိမ့်မယ်။
[နီကီတာသည် မြန်မာ-ရုရှားဆက်ဆံရေးကို လေ့လာနေသော အလွတ်တန်း သုတေသီတဦး ဖြစ်သည်။ ယခုဆောင်းပါးမှာ နီကီတာ ပေးပို့လာသော “Myanmar and Russia: A Transactional Partnership Shaped by Isolation, Arms and Survival” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]
Citations:
- https://www.trtworld.com/article/459bca8438cb
- https://www.stimson.org/2025/symbolic-alignment-why-the-myanmar-junta-is-expanding-its-engagement-with-russia/
- https://www.youtube.com/watch?v=ZULvZmnDrQM
- https://abcnews.com/International/wireStory/myanmars-min-aung-hlaing-heads-russia-deepen-strategic-135700242
- https://www.themoscowtimes.com/2026/02/03/russia-and-myanmar-sign-military-cooperation-agreement-a91847
- https://www.myanmaritv.com/news/tiger-2026-myanmar-russia-joint-exercise-nay-pyi-taw
- https://www.aa.com.tr/en/eurasia/russia-to-build-small-nuclear-power-plant-in-myanmar-as-symbol-of-friendship/4030520
- https://iz.ru/2151137/2026-08-18/putin-zaiavil-o-razvitii-ustoichivykh-finansovykh-sviazei-rossii-i-mianmy
- https://tass.com/economy/2174581
- https://www.uzdaily.uz/en/uzbekistan-and-russia-sign-roadmap-for-nuclear-plant/
- https://asianews.network/momentum-growing-for-nuclear-power-generation-in-southeast-asia-russia-making-inroads-into-region/
- https://www.aa.com.tr/en/eurasia/putin-says-russian-companies-ready-to-join-hydrocarbon-exploration-production-in-myanmar/4030926
- https://fulcrum.sg/myanmar-russia-relations-since-the-coup-an-ever-tighter-embrace/
- https://eastasiaforum.org/2026/06/07/china-deepens-its-foothold-in-post-coup-myanmar/
