ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

မြ၀တီတကြောက ကျားဖြန့်နှိမ်နင်းရေး – ကြံ့ကြီးတကောင်တော့ ပြေးလာနေပြီ

ဘယ်သူနဲ့ပေါင်းပြီး ဘယ်သူက ပစ်မှတ်ထားခံရမလဲ၊ ဘယ်သူ​တွေ ထိုးကျွေးခံရမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ အနီးဝန်းကျင်ဒေသမှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ပြင်ဆင်လာတဲ့ပုံစံဟာ ‘စစ်ဆင်ရေး ၁၀၂၇’ မစတင်မီ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက်ဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် အာဘော်ဖန်တီးလာပုံ၊ ချဉ်းကပ်လာပုံတွေနဲ့ ဆင်တူပါတယ်။ တနည်းအားဖြင့် ကြုံပြီးသားဖြစ်စဥ်ကို နောက်တကြိမ်ပြန်ကြုံရတဲ့ဖြစ်စဉ် (Deja Vu)၊ တကျော့ပြန်ဇာတ်ထုပ်ကို ကြည့်နေရသလိုပါပဲ။ 

မြဝတီနဲ့ တရုတ်-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို အကြမ်းဖျင်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆင်တူတာ သုံးချက်ရှိပါတယ်။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ပထမအချက်ကတော့ ကျားဖြန့်လုပ်ငန်းတွေကြောင့်ဖြစ်လာရတဲ့ ဆုံးရှုံးနစ်နာမှု၊ ဒါမှမဟုတ် သက်ရောက်မှု (Impact) တွေ ဖြစ်ပါတယ်။ နေရာနှစ်ခုလုံးမှာ ငွေကြေးလိမ်လည်ဖို့အတွက် နိုင်ငံစုံကနေ ရောင်းစားခံရလို့ ဘ၀ပျက်နေရသူပေါင်း ထောင်သောင်းချီ ရှိနေကြတာပါ။ မြ၀တီ ကျားဖြန့်ဖြစ်စဉ်တခုမှာဆိုရင် တရုတ်နိုင်ငံက နာမည်ကြီးသရုပ်ဆောင်နဲ့ အဆိုတော်တချို့ ရောင်းစားခံရတာအထိ ပါဝင်ပါတယ်။ ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ကိုတောင် ငွေကြေးလိမ်လည်ဖို့ ဖုန်းဆက်လာတာကို ကြုံဖူးတဲ့အထိပါပဲ။

ဒုတိယအချက်ကတော့ နောက်ဆက်တွဲစိုးရိမ်ပူပန်မှု (Concern) တွေပါ။ အထူးသဖြင့်  ထိုင်းနိုင်ငံကို လာလည်ကြမယ့် တရုတ်ခရီးသွားတွေ ကြောက်လန့်ပြီး ခရီးစဉ်တွေ ဖျက်ခဲ့တာပါ။ ဒီနှစ်ထဲ တရုတ်ခရီးသွားရှစ်သန်း လာဖို့မှန်းထားတဲ့ ထိုင်းနိုင်ငံဟာ တရုတ်နှစ်သစ်ကူး ကာလမရောက်ခင်မှာတင် ဆုံးရှုံးမှုကြီးတဲ့သဘောပါ။ ဒါကြောင့်  ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် တရုတ်ခရီးသွားတွေ လုံခြုံရေးမစိုးရိမ်ကြဖို့ အေအိုင်နည်းပညာသုံးပြီး တရုတ်စကားနဲ့ ပြောဆိုထားတဲ့ ဗီဒီယိုတခု ထုတ်ခဲ့ရပါသေးတယ်။ ‘No More Bet’ ရုပ်ရှင်လိုမျိုး ကျားဖြန့်လုပ်ငန်းတွေရဲ့ဆိုးရွားပုံကို ကြည့်ပြီးတဲ့နောက် တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံကို သွားလည်ဖို့  စိတ်ကူးနဲ့တင် ခြေဦးမလှည့်ရဲအောင် ကြောက်ရွံ့သွားကြပုံနဲ့တောင် ဆင်နေပါသေးတယ်။

တတိယအချက်ကတော့ မြဝတီကကျားဖြန့်နှိမ်နင်းရေးအတွက် ထုတ်ပြန်ပြောဆိုနေကြတဲ့ အာဘော်ဖန်တီးလာပုံ (Narrative-shaping) ပါ။ တရုတ်နယ်စပ်က ကျားဖြန့်တွေကို နှိမ်နင်းရေးမှာ အကျိုးစီးပွားပတ်သက်မှုတွေကြောင့် စစ်ကောင်စီအနေနဲ့ အချိန်ဆွဲနေခဲ့သလို အခုလည်း လျှပ်စစ်မီး၊ အင်တာနက်၊ အခြေခံအဆောက်အအုံနဲ့ လက်နက်တွေကို ထိုင်းဘက်က  ထောက်ပံ့ပေးနေတာ၊ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံဘက်ကတဆင့် ဝင်လာတာလို့ ပြောထားပါတယ်။ စစ်ကောင်စီကဘယ်လိုပဲဆိုဆို တရုတ်ဘက်ကတော့ ကျားဖြန့်နှိမ်နင်းရေးကို ပိုအာရုံစိုက်လာပါတယ်။ အခုဆိုရင် ကျားဖြန့်နှိမ်နင်းဖို့အတွက် ‘စင်ရော်စစ်ဆင်ရေး’ ဒုတိယပိုင်းကို စတင်သွားမယ်လို့ တရုတ်နိုင်ငံဘက်က ဆိုပါတယ်။ ဒါတွေကြောင့်ပဲ အခုချဉ်းကပ်လာပုံတွေဟာ ရှမ်းမြောက်ကကျားဖြန့်တွေကို နှိမ်နင်းဖို့ ပြင်ဆင်လာတာနဲ့  ဆင်တူတယ်လို့ ရှုမြင်မိပါတယ်။

ရှမ်းမြောက်အခြေအနေမှာတော့ စစ်ကောင်စီက အကွက်မမြင်ပေမဲ့ ညီနောင်မဟာ မိတ်သုံးဖွဲ့ဟာ ကျားဖြန့်နှိမ်နင်းရေးကို  အခွင့်အလမ်းအဖြစ်  အကွက်မြင်မြင်၊ မဟာဗျူဟာကျကျ ရလဒ်ထွက်အောင်သုံးခဲ့ပါတယ်။  ‘စစ်ဆင်ရေး ၁၀၂၇’ ဖော်ဆောင်ပြီး ရှမ်းမြောက်တခွင် လွှမ်းမိုးနိုင်အောင် လုပ်ခဲ့ပါတယ်။ အခုတခေါက်မှာလည်း စစ်ကောင်စီဟာ အကွက်မြင်ပုံ  မရသေးပါဘူး။ အခုအခြေအနေမှာ တရုတ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံအပါအဝင် မြန်မာပြည်တွင်းက (စစ်ကောင်စီပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေပဲဖြစ်ဖြစ်၊ နယ်ခြားစောင့်တပ်ပဲဖြစ်ဖြစ်) အနည်းဆုံး ဒေသခံတပ်ဖွဲ့တခုခုနဲ့ ပူးပေါင်းချေမှုန်းရေးလုပ်နိုင်ဖို့ လိုအပ်မှာပါ။ ဘယ်သူနဲ့ပေါင်းပြီး ဘယ်သူက ပစ်မှတ်ထားခံရမလဲ၊ ဘယ်သူ​တွေ ထိုးကျွေးခံရမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသ (အထူးသဖြင့် ကရင်ပြည်နယ်) က ပဋိပက္ခဇာတ်ကောင်တွေအနေနဲ့  ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းနဲ့ (တရုတ်နဲ့) ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းကို ဘယ်လောက်ဖန်တီးနိုင်စွမ်းရှိမလဲဆိုတဲ့အပေါ် မူတည်ပြီး ကရင်ပြည်နယ်ရဲ့ ပဋိပက္ခမြေပုံနဲ့ အခင်းအကျင်းဟာ အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေကတော့ ကျားဖြန့်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်မှာ ပူးတွဲသဘောထားထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ ကြေညာချက်နိုင်ငံရေးနဲ့ပဲ ပြီးသွားမှာလား၊ တကယ်လက်တွေ့လုပ်ငန်းစဉ်အဖြစ် လှုပ်ရှားသက်ဝင်လာမှာလားဆိုတာကတော့ လာမယ့်လပိုင်းအတွင်း တွေ့ကြရမှာပါ။

ဒီအခြေအနေတွေကို ကြံ့တကောင်ပြေးလာပုံနဲ့ တင်စားချင်ပါတယ်။ ကြံ့ဆိုတာ ရန်ပြုခံရရင်ပဲဖြစ်ဖြစ်၊ စိတ်ခက်ထန်ဖွယ်ရာ ကြုံလာရင်ပဲဖြစ်ဖြစ် တရှူးထိုးပြေးလာတတ်ပြီး ရန်သူလွင့်သွားလောက်အောင် တိုက်ခိုက်နိုင်တဲ့ အဖျက်စွမ်းအားကြီး တိရစ္ဆာန်တမျိုးဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများပြီး အကျိုးဆက် (အထူးသဖြင့် ဆိုးကျိုး) လည်း များနိုင်စရာ သဘောမျိုး၊ လာနေတာကို မသိလိုဟန်နဲ့ မျက်စိမှိတ်၊ နားပိတ်ပြီး အန္တရာယ်ကို လျစ်လျူရှုထားတဲ့သဘောမျိုးတွေကို မီးခိုးရောင်ကြံ့ကြီး (Gray Rhino) ရဲ့ လက္ခဏာတွေအဖြစ် စာရေးသူ Michele Wucker က ရည်ညွှန်းပါတယ်။ အခုလည်းပဲ ကျားဖြန့်နှိမ်နင်းရေးဆိုတဲ့ ကြံ့ကြီးတကောင်ကတော့ ကရင်ပြည်နယ်နဲ့ အရှေ့တောင်ပိုင်းတခွင်ကို တည့်တည့်ကြီး ပြေးလာနေပါတယ်။ မထိန်းနိုင်၊ မရှောင်နိုင်လို့ ထိပ်တိုက်တိုးမိရင် လွင့်ထွက်သွားလောက်အောင် ခွန်အားကြီးမားတဲ့ ကြံ့မျိုးပါပဲ။ အရှိန်နဲ့ ထင်ထင်ရှားရှားကြီး ပြေးလာနေတဲ့ ကြံ့ကြီးကို လက်ဦးမှုယူနိုင်ရင်တော့ ရှောင်ချိန်၊ ပြင်ဆင်ချိန်ရပါတယ်။  သုံးတတ်ရင် အားဖြစ်နိုင်သလို မဆိုင်သလိုနေပြီး သူများကို လက်ညှိုးထိုးနေရင်တော့ ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်နဲ့ ပြေးလာနေတဲ့ကြံ့ကြီးကို ထန်းလက်နဲ့ကာသလို ဖြစ်နေမှာပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles