ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ဒီခေတ်ဆိုးကြီးကို မျှဝေခြင်းတရားနဲ့လည်း တွန်းလှန်

“ဆရာဗန်းမော်က ‘ခေတ်ဝန်ကို ဘယ်လောက်ထမ်းခဲ့သလဲ’ ဆိုတာနဲ့ လူ့တန်ဖိုးကိုတိုင်းတာတယ်။ ဦးပဉ္စင်းကတော့ ‘ဘာကိုမှမမျှော်ကိုးဘဲ လူတွေအပေါ် မျှဝေလိုစိတ်’ကို စံသတ်မှတ်တယ်”လို့ မိန့်တယ်။ ပြိုင်တူတွန်းမှ ရွေ့မယ်။ တတ်နိုင်သူတွေ ပြိုင်တူမျှမှ အဆင်မပြေတဲ့ဘဝတွေ ထိနာရှနာ သက်သာရာရမယ်။

ကျည်ဆန်တွေ ဝီခေါ်နေတဲ့ကြားကနေ ခဲရာခဲဆစ်ရောက်လာတဲ့ ပါဆယ်မို့ မျက်ရည်တွေ စို့တက်လာတဲ့အထိ လှိုက်ခနဲ ဖြစ်မိတယ်။

ပါဆယ်ထုပ်ကြီးကို ဖောက်ဖွင့်လိုက်တော့ ကျနော့်အကြိုက် အကြော်အလှော်တွေ ပလတ်စတစ်ဗူးကြီးနဲ့ ငါးလုံး။ ကျနော့်ဇာတိမြေရဲ့ သက်တော် ၇၀ ကျော်ပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်က သူ့ဒကာ နိုင်ငံရေးသမားပြည်ပြေးဆီ ပို့သလိုက်တဲ့ မေတ္တာ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

“ငါ့တူကြီးကြိုက်တဲ့ အကြော်အလှော်နည်းနည်း ပို့လိုက်တယ်။ ငါ့တူကြီးရဲ့ မျှဝေတဲ့စိတ်ကို ဂုဏ်ပြုလိုက်တာ”လို့ ဦးပဉ္စင်းက ဖုန်းဆက်ပြောပြီးသား။

၂၀၂၅ နှစ်သစ်အစမှာ ကျနော် ပို့စ်တခုတင်လိုက်တယ်။ ၂၀၂၄ မှာ စာရေးဖြစ်ခဲ့တဲ့အပုဒ်ရေနဲ့ ကိုယ့်တကိုယ်ရေကိစ္စဝိစ္စတွေကို ခြိုးခြံကာ တနှစ်တာမျှဝေနိုင်ခဲ့တဲ့ ငွေပမာဏ။ ပြီးတော့ စစ်အာဏာရှင်ကို လက်သီးကျစ်ကျစ်ပအောင်ဆုပ်ပြီး ကျန်းမာစွာနဲ့ တော်လှန်နေပါကြောင်း။

ကျနော်တင်လိုက်တဲ့ အဲဒီပို့စ်ကို ဦးပဉ္စင်းရဲ့ဒကာရင်း ကျနော့်ဘကြီးက ပြတော့ မျှဝေခြင်းအမှုကို ရာသက်ပန်ပြုနေတဲ့ ဦးပဉ္စင်းက သိပ်ကျေနပ်ကာ ဂုဏ်ပြုအကြော်အလှော်တွေ ပေးပို့လိုက်တာလို့ ဆိုရဲ့။

ဒါနဲ့ အကြော်အလှော်တွေ ရောက်ရှိပြီဆိုတော့ ဘကြီးဆီ ဖုန်းဆက်ဖြစ်၊ ဦးပဉ္စင်းနဲ့ ပြောဖြစ်တော့ “မဲဆောက်ကို ထောင်ဝင်စာပို့လိုက်တာလား”လို့ ကျနော်ကဆိုမိ။ ဦးပဉ္စင်းရဲ့ ရယ်သံ တိုးတိုးသာသာ ထွက်လာတယ်။

ကျနော် ချာတိတ်ဘဝ၊ ၁၉၉၀ ပြည့်နှစ်လွန်ကာလ နိုင်ငံရေးအကျဉ်းသားအဖြစ် မန္တလေးနန်းတွင်းထောင်ထဲ ရောက်ခဲ့စဉ်တုန်းကလည်း ဦးပဉ္စင်း ကျနော့်ဆီ အကြော်အလှော်တွေ ပို့ပေးခဲ့သေးတယ်။ တောမြို့လေးကနေ ရန်ကုန်က ကျနော့်မိဘတွေဆီ ထောင်ဝင်စာဘယ်တော့သွားမလဲဆိုတာ ဖုန်းဆက်မေး၊ ထောင်ဝင်စာ သွားမယ့်ရက်အမီ ရန်ကုန်ကို အကြော်အလှော်တွေပို့။ အဲဒီလို တကူးတကပို့ပေးတဲ့ ဦးပဉ္စင်းရဲ့ အကြော်အလှော်တွေက အခု ၃၅ နှစ်လောက်အကြာမှာ ဒုတိယအကြိမ်မြောက်။

အရင် နိုင်ငံရေးအကျဉ်းသားဘဝတုန်းက ထောင်ဝင်စာပို့တယ်ဆိုတာ ပုဒ်မတခုခုတပ်ပြီး ဖမ်းလို့မရတဲ့ကိစ္စမို့ ဘာပြဿနာမှမရှိပေမဲ့ အခု မဲဆောက်ကို ပါဆယ်လှမ်းပို့တာကျတော့ စစ်ကောင်စီသာ သိသွားခဲ့ရင် ဘုန်းကြီးလည်း မရှောင်၊ သက်တော် ၇၀ တွေ၊ ဘာတွေလည်း နားလည်မှုပေးမှာမဟုတ်ဘဲ တခါတည်း ထောင်ထဲ တန်းထည့်မှာ သေချာ။ ဒါကို ဦးပဉ္စင်း မသိဘဲ ဘယ်နေလိမ့်မလဲ။ ဒါပေမဲ့ ဦးပဉ္စင်းမှာ ရဲရင့်တဲ့သီလ ရှိတယ်။ ဦးပဉ္စင်းဟာ ဘုန်းကြီးအလုပ်ကိုသာ ရာသက်ပန် ဦးစိုက်လုပ်ခဲ့ပေမဲ့ အမှန်တရားကို ကောင်းကောင်းသိ၊ မတရားသဖြင့် အာဏာရူးတွေကိုလည်း ကောင်းကောင်းသိတယ်။ ပြီးတော့ ဦးပဉ္စင်း ရာသက်ပန်ဆောက်တည်ခဲ့တာက အားနည်းနေသူကို ဖေးမ၊ မျှဝေရမယ်ဆိုတဲ့စိတ်ဓာတ်။ အခုလို ပါဆယ်ထက် လေးနက်တဲ့ စစ်ဘေးရှောင် ထောက်ပံ့ကူညီမှုတွေကို မကြာခဏဆိုသလို လုပ်ဆောင်နေကြောင်း တစွန်းတစ ကြားထားပြန်တော့ ကိုယ့်ဘုန်းကြီးကိုယ် ဂုဏ်ယူရပြန်တယ်။

မှတ်မိသေးတယ်။ ဦးပဉ္စင်း ရဟန်းပျိုဘဝ ဓမ္မာစရိယတန်းအောင်ပြီးနောက် ဇာတိမြေမှာ ခြေပြန်အချ၊ ကျယ်ဝန်းလှတဲ့ ဘုန်းကြီးကျောင်းမြေပေါ်က ခြုံနွယ်ပိတ်ပေါင်းတွေကို သူ့ဘာသာရှင်း၊ ရသမျှထင်းတွေကို ထမင်းဟင်းချက်ဖို့ ရွာထဲက ဆင်းရဲနွမ်းပါးနဲ့ သက်ကြီးရွယ်အိုတွေရဲ့အိမ်တွေ သူကိုယ်တိုင် ထမ်းပို့။ နိမ့်ပါးသူအပေါ် မျှဝေခြင်းကို ကျနော်တို့ အဲဒီမှာ စမြင်ခဲ့ဖူးတယ်။

ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ငွေ ရပ်ရေးရွာရေး၊ ကလေးတွေရဲ့ ပညာရေး၊ ချို့တဲ့ရှာတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေး….။ ရှိပူရသေး ကုန်မှအေးတဲ့ ဦးပဉ္စင်းအဖြစ် ရပ်ကျော်ရွာကျော် နာမည်ကျော်။ တဖြည်းဖြည်းနဲ့ မြို့ရောတောမှာပါ အလေးအမြတ်ပြုခြင်းခံရတဲ့ ဘုန်းကြီးဖြစ်လာတော့ ကိုးကွယ်သူများလာ၊ အလှူအတန်းတွေလည်း များလာ။ ဦးပဉ္စင်းကလည်း မျှဝေခြင်းအမှုကို ဆတက်ထမ်းပိုး စိတ်လိုက်မာန်ပါ ရက်ရက်ရောရော။

ဦးပဉ္စင်းရဲ့ ရှေးဟောင်းအိုမင်းကျောင်းတိုက်ကို ခိုင်ခံ့အောင် မွမ်းမံတာကလွဲလို့ ပကာသနအမြင် ပြင်ဆင်တာမျိုး မရှိ။ ဆရာတော်စီးဖို့ ကားလှူချင်တဲ့သူ တန်းစီနေပေမဲ့ ကိုယ်ပိုင်ကားမရှိ။ မြို့နာရေးနဲ့ ကျန်းမာရေးအတွက် မသာပို့ကားနဲ့ လူနာတင်ယာဉ် လှူဒါန်းဖို့သာ လှုံ့ဆော်ခဲ့တယ်။

ဇိမ်ခံတယ်ဆိုတာ ဘုန်းကြီးအလုပ်မဟုတ်ဘူးလို့ ဦးပဉ္စင်းက အလေးအနက်ခံယူတယ်။ တိုက်ကြီးတာကြီးတွေ၊ ခေတ်ပေါ်အသုံးအဆောင်တွေဟာ ဘုန်းကြီးဘဝကို တရေကျစေမယ့် အဖျက်ဓာတ်တွေလို့ ခံယူတယ်။ ဦးပဉ္စင်း ရဟန်းပျိုဘဝကတည်းက အိတ်ဆောင်နာရီတလုံးနဲ့ သတင်းတွေနားထောင်တဲ့ ရေဒီယိုလေးတလုံးကလွဲ တခြားမရှိ။ ကြိုးဖုန်းလည်းမရှိ၊ ဟန်းဖုန်းလည်းမရှိ။ တီဗီလည်းမရှိ။ ထိုင်စရာ ဆိုဖာလည်း မရှိ။ အာဏာရှိရှိ၊ မရှိရှိ၊ သိန်းရာချီလှူနိုင်သူဖြစ်ဖြစ်၊ တကျပ်မှ မလှူနိုင်သူဖြစ်ဖြစ် ဦးပဉ္စင်းမှာ အဆင့်အတန်း ခွဲခြားမှုဆိုတာ မရှိ။ ဘုန်းကြီးဆိုတာ မျက်နှာတမျိုးတည်းထားတတ်ပြီး မေတ္တာတမျိုးတည်းသာ ပေးနိုင်ရမယ်လို့ ဆိုတယ်။

အခု သက်တော် ၇၀ ကျော်အရွယ် ဘုန်းကြီးသူဌေးလို့လည်း အထင်မခံနိုင်၊ ဒီသာသနာအတွက် ဒီဒကာ၊ ဒကာမတွေ ပင်ပင်ပန်းပန်းရှာထားတဲ့ ထမင်းကို အရှက်ကင်းကင်းနဲ့ မျိုချချင်တာကြောင့် ဆွမ်းခံစားခြင်းအမှုကို နေ့စဉ်မပျက်။ ပိုလျှံတဲ့ ထမင်းဟင်းတွေအကုန် နေ့မကူးစေဘဲ နွမ်းပါးသူတွေကို လှူဒါန်းမြဲ။ နေ့ဖို့ညစာဆိုတာ ဘုန်းကြီးတွေအတွက် ထန်းလျက်ခဲတခဲတောင် မချန်ကောင်းဘူးတဲ့။ ဘုန်းကြီးမှာ ချမ်းသာတာဆိုလို့ ပေးချင်ကမ်းချင်စိတ်ပဲ ရှိတယ်လို့ ဆိုရဲ့။

“ဆရာဗန်းမော်(စာရေးဆရာ ဗန်းမော်တင်အောင်)က ‘ခေတ်ဝန်ကို ဘယ်လောက်ထမ်းခဲ့သလဲ’ဆိုတာနဲ့ လူ့တန်ဖိုးကို တိုင်းတာတယ်။ ဦးပဉ္စင်းကတော့ ကိုယ့်ဘုန်းကြီးအသိနဲ့ကိုယ် ‘ဘာကိုမှမမျှော်ကိုးဘဲ လူတွေအပေါ် မျှဝေလိုစိတ်’ကို စံသတ်မှတ်တယ်”လို့ ဦးပဉ္စင်းက မိန့်တယ်။

ပြိုင်တူတွန်းမှ ရွေ့မယ်။ တတ်နိုင်သူတွေ ပြိုင်တူမျှမှ အဆင်မပြေတဲ့ဘဝတွေ ထိနာရှနာ သက်သာရာရမယ်။ ဒီခေတ်ကြီးထဲမှာ ဦးပဉ္စင်းဟောတိုင်းပါတဲ့ တရားက မျှဝေခြင်းတရားပဲ။ မျှဝေရုံတင်မက မျှဝေခြင်းတရားကိုပါ ဖြန့်ချိဖို့လိုတယ်လို့ ဦးပဉ္စင်းကဆိုပြီး ဖုန်းချသွားတယ်။

ဟုတ်ကဲ့၊ အခု ရေးလိုက်တဲ့စာဟာ ဦးပဉ္စင်းရဲ့ မျှဝေခြင်းတရားပါပဲ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles