ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

ပြေးရေးခက်ခက် – ပြည်ပရောက်မြန်မာများ၏ စစ်မှုထမ်းသောက

အရင်တုန်းက ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်လွှဲခံရတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်ရာကျွတ်ရာ သွားခွင့်ရှိပေမဲ့ အခု စစ်မှုထမ်းရောင်းစားတဲ့ဈေးကွက်နဲ့ စစ်မှုထမ်းလိုအပ်ချက် ဖြစ်ပေါ်လာချိန်မှာတော့ အလွှဲခံရတဲ့မြန်မာလူငယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံနဲ့ ပြန်မရွေးထုတ်နိုင်ရင် စစ်မှုထမ်းသင်တန်းကျောင်း ရောက်တော့တယ်။

တောင်ကျော်မြစ်ခြား တိုင်းတပါးကို ရောက်နေပေမဲ့လည်း အလစ်အငိုက်တချက်မှာ စစ်မှုထမ်းသင်တန်းကျောင်းထဲ ရောက်သွားနိုင်တယ်လို့ မဲဆောက်ရောက် ပြည်ပြေးလူငယ် ကိုဦးနွေက ဆိုတယ်။

ဇန်နဝါရီလအတွင်း ဟုန်းခနဲထတောက်လာတဲ့ ကျားဖြန့်နှိမ်နင်းရေးက မဲဆောက်မှာ ဝုန်းဒိုင်းကြဲ။ ထိုင်းအာဏာပိုင်တွေက အိမ်တွေထဲထိ ဝင်‌ရောက်စစ်ဆေးဖမ်းဆီးနေလေတော့ လက်ငင်းသက်ရောက်မှုက ပြေးစရာမြေမရှိတဲ့ တရားမဝင်မြန်မာတွေ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

“မှတ်မှတ်ရရ အိမ်တွေထဲထိ ဝင်စစ်တာ ဇန်နဝါရီ ၂၂ ရက်က စခဲ့တယ်။ ကျားဖြန့်ဘယ်နှယောက်လောက် ဖမ်းမိသလဲဆိုတာ မသိပေမဲ့ ကျွဲကူးရေပါ တရားမဝင်မြန်မာတွေကတော့ အဖမ်းခံလိုက်ရတယ်”လို့ သူက ဆိုတယ်။

ကိုဦးနွေက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက သောင်ရင်းမြစ်ကိုဖြတ်ပြီး မဲဆောက်မှာ အငုတ်လာတည်နေသူ။ “မဲဆောက်မှာ နေခဲ့တဲ့ သုံးနှစ်ကျော်ကာလမှာ အခုတကြိမ် ဖမ်းတာ အဆိုးဆုံးပဲ”လို့ သူက ဆက်ပြောတယ်။

ကျားဖြန့်ပြီးတော့ တရားမဝင် ရှင်းလင်းရေး။ မဲဆောက်မှာက နိုင်ငံရေးအရ တိမ်းရှောင်လာကြတဲ့  မြန်မာတွေပဲ တရားမဝင်များတာကြောင့် နိုင်ငံရေးတိမ်းရှောင် ရှင်းလင်းရေးများလားလို့ အတွေးရောက်ချင်စရာ။ မဲဆောက်မှာ ရဲအဖမ်းခံရရင် အချုပ်ထဲမရောက်အောင် ရှင်းရပြုရ နည်းလမ်းတွေ ရှိပေမဲ့ ထိုင်းစစ်တပ်၊ လဝက၊ ရဲ စတဲ့ အဖွဲ့စုံပါတဲ့ စစ်ဆင်ရေးမျိုးနဲ့တွေ့ပြီး အဖမ်းခံရရင်တော့ အချုပ်ထဲ တန်းခနဲ။

အရင့်အရင် ရံဖန်ရံခါလုပ်တဲ့ အဖွဲ့စုံစီမံချက်မှာ ဖမ်းမိတယ်ဆိုရင် မြဝတီဘက်ကမ်းက စစ်ကောင်စီထံ ပြန်မလွှဲခင် သောင်ရင်းမြစ် ဒီဘက်ထိပ်မှာ ဘတ်တသောင်းကျော်လောက်ပေးရင် ပြန်လွတ်ကြတယ်။ အခုအခြေအနေက ကျားဖြန့်ပြဿနာကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းတကြော ထိုင်းစစ်တပ်က အသင့်စောင့်ကြပ်နေတာမို့ ငွေပေးပြန်ထွက်လို့မရသလို ပြန်ထွက်လို့ရခဲ့ရင်တောင် ထိုင်းစစ်တပ်ဖမ်းတာ ထပ်ခံရရုံကလွဲ တခြားမရှိ။

“အခုအခြေအနေက ဖမ်းမိရင်ထိုင်းဘက်ခြမ်းမှာ ပြန်လွတ်ဖို့မလွယ်ဘူး။ စစ်ကောင်စီလက်ထဲ တန်းရောက်မှာ သေချာတယ်”လို့ သူက ဆက်ပြောတယ်။

ပြီးတော့ အရင်တုန်းက ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်လွှဲခံရတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် လွတ်ရာကျွတ်ရာ သွားခွင့်ရှိပေမဲ့ အခု စစ်မှုထမ်းရောင်းစားတဲ့ဈေးကွက်နဲ့ စစ်မှုထမ်းလိုအပ်ချက် ဖြစ်ပေါ်လာချိန်မှာတော့ အလွှဲခံရတဲ့မြန်မာလူငယ်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံနဲ့ ပြန်မရွေးထုတ်နိုင်ရင် စစ်မှုထမ်းသင်တန်းကျောင်း ရောက်တော့တယ်။

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး ထိုင်းမှာ အလုပ်လုပ်ကိုင်ဖို့ ခိုးဝင်လာတဲ့ မြန်မာလူငယ်တချို့ ဖမ်းဆီးခံရပြီး ထိုင်းထောင်ထဲရောက်။ ထိုင်းကနေ မြန်မာကို ပြန်လွှဲတော့ စစ်တပ်ထဲရောက်ကြရ။ အနီးဆုံးအဖြစ်အပျက် နှစ်ရပ်ကိုပြရရင် ဖေဖော်ဝါရီ ၁၉ ရက်မှာ မွန်ပြည်နယ် သထုံမြို့ အမှတ်-၄၀၂ အမြောက်တပ်ရင်းက စစ်မှုထမ်းတပ်သားသစ်တဦး သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ထံ အလင်းဝင်လာတယ်။ သူက ထိုင်းမှာ အဖမ်းခံရပြီးနောက် ကော့သောင်းမြို့ကို ပြန်လွှဲခံရ။ အဲဒီနောက် ကော့သောင်းအခြေစိုက် ခလရ-၂၆၂ ထဲ ရောက်ရှိပြီး  စစ်မှုထမ်းအဖြစ် သွတ်သွင်းခံခဲ့ရကြောင်း မီဒီယာတွေက ဆိုတယ်။

နောက်ထပ် လတ်လတ်ဆတ်ဆတ်သတင်းတပုဒ်က ဖေဖော်ဝါရီ ၂၄ ရက်၊ ထိုင်းနိုင်ငံ ရနောင်းအချုပ်ထောင်ထဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသား ၁၉၈ ဦးနဲ့ အမျိုးသမီးနှစ်ဦးကို ကော့သောင်းမြို့ စစ်ကောင်စီအာဏာပိုင်တွေဆီ ပြန်လွှဲပို့ရာမှာ စစ်မှုထမ်းအဖြစ် သွတ်သွင်းခံရတဲ့ ဖြစ်စဉ်။​ အဲဒီပြန်ပို့ခံ မြန်မာ၂၀၀ အနက် လူဘယ်နှယောက် စစ်တပ်ထဲရောက်သွားသလဲဆိုတာတော့ မသိရဘူး။ 

ဒါ့အပြင် အိန္ဒိယမှာ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ မြန်မာ ၁၁၅ ဦးကို မဏိပူရပြည်နယ်အစိုးရက စစ်ကောင်စီထံ ပြန်လွှဲခဲ့ကြောင်း India for Myanmar ရဲ့ မတ် ၄ ရက် ထုတ်ပြန်ချက်နဲ့ မလေးရှားမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာတွေကို ပြစ်ဒဏ်မချတော့ဘဲ မလေးရှားအစိုးရက စစ်ကောင်စီနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပြန်ပို့နေတဲ့ သတင်းတွေကိုလည်း တွေ့ရပြန်တယ်။ အိန္ဒိယနဲ့ မလေးရှားကနေ ပြန်လွှဲခံရတဲ့လူငယ်တွေကို စစ်တပ်ထဲသွတ်သွင်းလိုက်ကြောင်း လက်ဆုပ်လက်ကိုင် အထောက်အထား မတွေ့ရသေးပေမဲ့ အထက်ပါ ထိုင်းဖြစ်စဉ်တွေအရ ငွေနဲ့မရွေးနိုင်ရင် စစ်တပ်ထဲရောက်မှာ အသေအချာပဲလို့ ရဲရဲတင်းတင်း ပြောနိုင်ပါတယ်။

ဆိုတော့ မြန်မာလူငယ်တွေကို ထိုင်း၊ အိန္ဒိယနဲ့ မလေးရှားအစိုးရတို့ရဲ့ လွှဲပြောင်းပေးမှုဟာ (ရည်ရွယ်မှုမရှိရင်တောင်)စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေရာရောက်ပြီး စစ်ကောင်စီဟာ ဆည်ဝကစောင့်နေတဲ့ ဗျိုင်းပမာ ငရဲခံတွင်း ဟ,ထားပေးလိုက်ရုံနဲ့ သက်သောင့်သက်သာ စစ်သားအင်အား ဖြည့်တင်းနိုင်နေတယ်။

ဒါဟာ စစ်ကောင်စီရဲ့ အဆိုးရွားဆုံးလူ့အခွင့်အရေးချိုးဖောက်မှုကြီးမှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ (မသိလိုက်မသိဘာဖြစ်ဖြစ်)ပါဝင်ပတ်သက်နေတာ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုခြင်းခံထားရပြီး အာဆီယံနဲ့လည်း ဆက်ဆံရေးရှိတာကြောင့် ကျယ်ပြန့်တဲ့ ကန့်ကွက်မှုတွေနဲ့ သံတမန်ရေးထိတွေ့မှုတွေ လုပ်ဆောင်နိုင်ပေမဲ့ အခုထိတိုင် ကျယ်ပြန့်တဲ့ တရားဝင်လှုပ်ရှားမှုတွေ မရှိသေးပါဘူး။ NUG အစိုးရဟာ မြန်မာ့နွေဦးအတွက် အရေးပါတဲ့ အိမ်နီးချင်းထိုင်းအစိုးရနဲ့ ဆက်ဆံရေးကောင်းတရပ် ထူထောင်ထားနိုင်တာမျိုးလည်း မတွေ့ရသေးပါဘူး။ ဒါ့အပြင် ထိုင်းအဓိကအတိုက်အခံပါတီကြီးဟာ မြန်မာ့နွေဦးအပေါ် အခိုင်အမာထောက်ခံနေတာကြောင့် အထက်ပါစစ်မှုထမ်းပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်ကနေတဆင့် ထိုင်းအစိုးရကို မေးခွန်းထုတ်လို့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ထိတိုင် ထိုင်းလွှတ်တော်ထဲမှာ အဲဒီလိုအသံ ပျောက်ဆုံးနေခြင်းဟာ NUG အစိုးရကိုယ်တိုင်က ထိုင်းအတိုက်အခံပါတီနဲ့ တစုံတရာဆွေးနွေးမှုမရှိတာကြောင့်များလားလို့ မေးခွန်းထုတ်မိပါတယ်။ မလေးရှားအစိုးရဆိုရင်လည်း စစ်အာဏာသိမ်းမှုကို အခိုင်အမာဆန့်ကျင်နေတဲ့ နိုင်ငံဖြစ်သလို ၂၀၂၅ ခုနှစ်ရဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်နေတာတောင် ဘာကြောင့် ဖမ်းဆီးခံမြန်မာတွေကို စစ်ကောင်စီလက်ထဲ ထိုးအပ်နေရပါသလဲ။

ကိုယ်ကိုယ်တိုင်ကမှ ကိုယ့်အကြောင်းကိုယ် ထုတ်ဖော်ပြောကြားရကောင်းမှန်းမသိရင် နိုင်ငံတကာကလည်း နေသာသပ၊ လေညာကပါပဲ။ ကိုဦးနွေတို့လို မဲဆောက်ရောက် နိုင်ငံရေးပြည်ပြေးတွေအတွက်တော့ ပြေးစရာမြေမရှိတဲ့ ဘဝမှာ ကူကယ်သူမဲ့၊ ကံတရားကိုသာ အမိအဖတ နေရပါတော့တယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles