ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

လူငယ်၊ ပေါ်တာ၊ လောင်စာ

လူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။

လက်ရှိ မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေ အမြဲတမ်း စိတ်ပူနေရတာကတော့ ‘ပေါ်တာ’ လို့ ခေါ်တဲ့ အတင်းအကျပ် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရခြင်းပါ။ စစ်ကောင်စီဘက်ကလည်း သူတို့ ထိန်းချုပ်ရာနယ်မြေမှာ နေထိုင်တဲ့သူတွေကို ပေါ်တာဆွဲသလို တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေမှာလည်း ပေါ်တာဆွဲ‌တာတွေ ရှိပါတယ်။ စစ်ရေးအခြေအနေအရ လိုအပ်ရင် လိုအပ်သလို ဆွဲကြတာပါပဲ။ အမျိုးသားရေး၊ တော်လှန်ရေး၊ နိုင်ငံတော်လုံခြုံရေး စတဲ့ခေါင်းစဉ်တွေပဲ ကွဲသွားတာပါ။ ဒီလိုပေါ်တာဆွဲတာတွေက ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ စဉ်းစားကြည့်ကြရအောင်ပါ။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗိုလ်သန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ စတင်ပြဋ္ဌာန်းပြီး ဗိုလ်မင်းအောင်လှိုင်လက်ထက် ၂၀၂၄ ခုနှစ်မှာ လက်တွေ့ကျင့်သုံးခဲ့ပါတယ်။ ဗိုလ်သန်းရွှေက စစ်အေးတိုက်ပွဲခေတ်နဲ့ တရုတ်-ဗီယက်နမ် စစ်ရေးအယူအဆ‌တွေကို လေ့လာခဲ့ဖူးသူဖြစ်လို့ ‘ပြည်သူ့စစ်’ အတွေးအခေါ်ကို ကောင်းကောင်း သိတယ်။ ဒါ‌ကြောင့်လည်း လူဦးရေသန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံမှာ စစ်အင်အားကို အချိန်မရွေး သန်းနဲ့ချီ ထုတ်ယူနိုင်မယ့် ယန္တရားတခုကို ဥပဒေအရ စနစ်တကျ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ဟာ စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်သားတပိုင်းအစိုးရအဖြစ် အသွင်ကူးပြောင်းတဲ့ကာလဖြစ်ပြီး စစ်ရေးတင်းမာမှုတွေ လျော့ကျခဲ့တဲ့အတွက် အဲဒီကာလမှာ ထုတ်မသုံးလိုက်ရဘဲ ၂၀၂၄ ခုနှစ် ဗိုလ်မင်းအောင်လှိုင်လက်ထက်ရောက်မှ ထုတ်သုံးလာခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေဘက်က ပေါ်တာဆွဲတာတွေလည်း ရှိပါတယ်။ ၂၀၂၅ ခုနှစ် မတ်လအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အရေးပေါ်ပြဋ္ဌာန်းချက်ထုတ်ပြန်ပြီး စစ်မှုမထမ်းမနေရစနစ် သတ်မှတ်ခဲ့ပါတယ်။ တခြားတိုင်းရင်းသားတပ်ဖွဲ့တွေဖြစ်တဲ့ KIA နဲ့ TNLA တို့လိုအဖွဲ့တွေကလည်း ပေါ်တာဆွဲလေ့ရှိပါတယ်။ ခုနောက်ပိုင်း PDF ကပါ ပေါ်တာဆွဲလာတယ်လို့လည်း ကြားလာရပါတယ်။ နိုင်ငံရေးခံယူချက်မရှိတဲ့ လူငယ်တွေကို စစ်သင်တန်းပေး၊ သေနတ်ပေးပြီး စစ်တပ်ကို တိုက်ခိုင်းမယ်ဆိုရင် ဒီလူငယ်တွေဟာ ရန်သူကိုနိုင်အောင် တိုက်နိုင်ကောင်းတိုက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးခံယူချက် မရှိတဲ့အတွက်  နောင်တချိန်မှာ ပြည်သူလူထုကို ဒုက္ခပြန်ပေးပါလိမ့်မယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တယ်ဆိုပေမဲ့ လူထုကို ဖိနှိပ်တဲ့ ယန္တရားကြီးဖြစ်သွားတဲ့ မြန်မာ့တပ်မတော်ကြီးတခုလုံးက ဥပမာအနေနဲ့ ရှိနေပါတယ်။

တကယ်တော့ ဒီဥပဒေဟာ ပြင်ပနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှု တစုံတရာရှိလာရင် ‘နိုင်ငံတော်ကို ကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်’ ဆိုတဲ့ သဘောတရားကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာအနှံ့က နိုင်ငံ‌တွေမှာ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ‌တွေဆိုတာလည်း ပြင်ပနိုင်ငံတွေရဲ့ရန်ကို  ကာကွယ်ဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား၊ အစ္စရေး၊ ယူကရိန်းတို့လို နိုင်ငံတွေမှာလည်း စစ်မှုထမ်းဥပဒေတွေ ရှိကြတာပါပဲ။ ဒီနိုင်ငံ‌တွေနဲ့ မတူတာကတော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့နိုင်ငံ ဖြစ်နေတာပါပဲ။ ဒီပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တိုင်းကသာ လူသစ်တွေ အလုအယက် စုဆောင်းပြီး ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက်ပဲ တိုက်ကြမယ်ဆိုရင် မြန်မာနိုင်ငံဟာ ရေရှည်မှာ နိုင်ငံတော်ပြိုလဲမှု (state collapse) နဲ့ လူ့အဖွဲ့အစည်း နာလန်မထူနိုင်အောင် ပျက်စီးမှု (societal breakdown) တွေ ဖြစ်လာပါလိမ့်မယ်။

ကမ္ဘာ့နိုင်ငံရေးကို ပြန်ကြည့်ရင် လက်ဘနွန် (Lebanon) နိုင်ငံမှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၇၅ ခုနစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ၁၅ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ လက်ဘနွန်ပြည်တွင်းစစ်မှာ ဘာသာရေးနဲ့ လူမျိုးစု အခြေခံ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက လူငယ်တွေကို စစ်ထဲ ဆွဲသွင်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေဟာ နိုင်ငံထဲမှာနေရင် စစ်တိုက်ရမှာဖြစ်လို့ ဥရောပ၊ အမေရိကနဲ့ ပင်လယ်အော်နိုင်ငံတွေကို အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြပါတယ်။ နိုင်ငံထဲမှာ ကျန်ခဲ့ကြတဲ့ လူငယ်တွေဟာလည်း စစ်အတွင်းမှာ သေကြေကုန်ကြပါတယ်။ လက်ရှိအချိန်အထိ လက်ဘနွန်နိုင်ငံသားဦးရေဟာ နိုင်ငံပြင်ပမှာ ရောက်နေတာက နိုင်ငံထဲမှာ ရှိတာထက် ပိုများနေပါတယ်။ ဒါဟာ နိုင်ငံကို စီးပွားရေးအရရော နိုင်ငံရေးအရပါ အမြဲတမ်း မတည်မငြိမ်ဖြစ်နေတဲ့ ကျိုးပဲ့စိတ်မြွှာလွယ်တဲ့ fragile state အဆင့်မှာပဲ ကာလကြာရှည် ရှိနေစေပါတယ်။

လက်ဘနွန်တင်မကဘဲ ကမ္ဘောဒီးယား၊ ဆိုမာလီတို့လို နိုင်ငံတွေမှာလည်း ဒီလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ များသောအားဖြင့်တော့ ဒီလိုနိုင်ငံတွေဟာ conflict trap လို့ ခေါ်တဲ့ ပဋိပက္ခသံသရာထဲမှာ လုံးပါး ပါးသွားကြတာပါ။ လူငယ်တွေဟာ ပညာကောင်းကောင်း မသင်ရတော့ဘဲ သေနတ်ကိုင်ပြီး လူသတ်တဲ့အတတ်ပညာကိုပဲ သင်ယူလာကြရတဲ့အတွက် စစ်ပွဲ ပြီးသွားရင်တောင် ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ပြန်တည်ဆောက်ဖို့ ခက်ခဲသွားပါတယ်။ လူငယ်တွေဟာ စစ်တိုက်တာကလွဲလို့ တခြားအသက်မွေးဝမ်းကျောင်းပညာတွေ ထိထိရောက်ရောက် သင်ကြားခွင့် မရကြတဲ့အတွက် လက်နက်ကိုင်တာကသာ သူတို့ရဲ့ စီးပွားရေး၊ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်လာနိုင်ပါတယ်။ ဒါက နိုင်ငံကို မဆုံးနိုင်တဲ့ ပဋိပက္ခသံသရာထဲ ပိတ်မိစေပါတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာလည်း ဒီနိုင်ငံတွေရဲ့ခြေရာကို လိုက်နင်းနေပါတယ်။ လူငယ်တွေဟာ စစ်သားစုဆောင်းမှုတွေကြောင့် ပြည်ပကို နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးနေကြပါတယ်။ ဒါ‌ကြောင့် အလုပ်လုပ်နိုင်တဲ့ အမျိုးသားဦးရေ သိသိသာသာ လျော့နည်းသွားပြီး လုပ်ငန်းခွင်တွေမှာ လူငယ်တွေအစား လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကိုပဲ အများဆုံး တွေ့နေရတာပါ။ အဲဒီလို အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ ပြည်ပကို ရောက်ကုန်တာအပြင် နိုင်ငံတွင်းမှာ ကျန်ခဲ့တဲ့ လူငယ်တွေဟာလည်း စစ်ပွဲမှာ မသေဘဲ ကျန်နေခဲ့ရင်တောင်မှ စိတ်အခြေအနေဟာ ပုံမှန်မဖြစ်နိုင်တော့ပါဘူး။ လက်နက်ကိုင်ရင်း အကြမ်းဖက်မှုတွေအကြားမှာ စိတ်ဒဏ်ရာတွေ တပွေ့တပိုက်နဲ့ ကြီးပြင်းလာမယ့် မျိုးဆက်သစ်တွေအဖို့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတရပ် ပြန်တည်ဆောက်ဖို့က ခဲယဉ်းလွန်းလှပါတယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

လူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။



အနှစ်ချုပ်ရရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အခုအချိန်မှာ နိုင်ငံရဲ့အနာဂတ်ကို လောင်စာအဖြစ် အသုံးပြုတဲ့ အဆင့်ကို‌ ရောက်ရှိနေပါပြီ။ ‘နိုင်သူအကုန်ရ’ ဆိုတဲ့ ‘zero-sum game’ အခြေအနေမဟုတ်တော့ဘဲ ‘နိုင်သူရော ရှုံးသူပါ ဘာမှမကျန်’ ဆိုတဲ့ ‘negative-sum game’ အခြေအနေကို ဦးတည်နေပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်း‌တွေအနေနဲ့ လူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles